BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Saturday, October 19, 2013

Peace...Still Far Away, Part Three



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၃)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၈၊ အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၃)
==================
 
အစိုးရ၏ မရေရာသော လမ်းပြမြေပုံ

အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး အပြောင်းအလဲအချို့လုပ်ခဲ့ပေမည့် ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကတော့ တရားဝင် အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်၊ တိုင်းရင်းသားများဘက်က တပ်တွေစွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာကို လက်မခံပဲ အပစ်အခတ်ရပ်စဲပြီးတာနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ပြင်ပကနေ ပြင်ဖို့ တောင်းဆိုထားပေမည့် အစိုးရဘက်က တရားဝင် လက်မခံသေးပါ၊ ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများကို ဘယ်လိုဘယ်ပုံလုပ်မယ် ဆိုတဲ့ ရှင်းလင်းသေချာတဲ့ အစီအစဉ်လည်း ရှိပုံမရပါ၊ ရှိရင်လည်း တိုင်းရင်းသားခေါင်းဆောင်များကိုရော၊ ပြည်သူလူထုကိုပါ တရားဝင်ချပြခြင်းမရှိသေးပါ၊

နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ပါတ်သက်ပြီး အစိုးရတာဝန်ရှိသူများက အမျိုးမျိုးပြောနေကြတာကလည်း ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးစရာပါ၊ ကရင့်အမျိုးသားအစည်းအရုံး (Karen National Union, KNU) ရဲ့ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နဲ့ နေပြည်တော်မှာ တွေ့ဆုံတော့ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်ထောင်စုလွှတ်တော်ထဲမှာပဲ ဆွေးနွေးသင့်တယ်လို့ ပြောခဲ့ပါတယ်၊ ဝန်ကြီး ဦးအောင်မင်းကကျတော့ "သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပင်လုံညီလာခံလို လူထုအစည်းအဝေးကြီးတစ်ခုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနဲ့ တစ်ချိန်တည်းမှာ ကျင်းပမယ်၊ ပင်လုံလို ညီလာခံကြီးမှာ ဆွေးနွေးအဖြေထုတ်လို့ရတာတွေကို ဆုံးဖြတ်ပြီး အဲဒီ ညီလာခံက ဆုံးဖြတ်လို့မရတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပို့ပြီး ဆုံးဖြတ်စေမယ်" လို့ပြောပြန်ပါတယ်၊ 

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးအောင်မင်းက ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး အစိုးရကိုယ်စား လွှတ်တော်သို့အစီရင်ခံရာမှာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးဆောင်ရွက်နိုင်ရန်အတွက် လွှဲပြောင်းပေးရန် အစီအစဉ်ရှိကြောင်း" ပြောပြန်ပါတယ်၊

ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ တကယ်ဖြစ်လာမှာလား၊ ဖြစ်ရင်ရော ဘယ်လို ပုံသဏ္ဏန်နဲ့ ဖြစ်မှာလဲ၊ ဘယ်သူက ဦးဆောင်မှာလဲ၊ အစိုးရလား၊ လွှတ်တော်လား၊ စသဖြင့် မေးခွန်းတွေက ပိုပြီးများပြားလာပါတယ်၊

လွှတ်တော်မှာလည်း သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ယူပြီးကတည်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများမှာ ထိထိရောက်ရောက်ပါဝင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လေ့လာသုံးသပ်ဖို့ လွှတ်တော်နှစ်ရပ်ပူးပေါင်းကော်မီတီ တစ်ခုကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီကော်မီတီက လေ့လာသုံးသပ်ချက်တွေကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး တင်ပြရမယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ဒီပူးပေါင်းကော်မီတီမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၅၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ဦးတို့က အများစုလွှမ်းမိုးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၇) ဦးနဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်များက ၂၅ ဦးသာပါဝင်တာကြောင့် ဒီကော်မီတီရဲ့ လေ့လာသုံးသပ်မှုဟာ တိုင်းရင်းသားများ မျှော်လင့်သလောက် တန်းတူညီမျှအခွင့်အရေးတွေရဖို့ မဖြစ်နိုင်ပါ၊ တစ်ခါ လွှတ်တော်မှာပဲ "တိုင်းရင်းသားလူမျိုးစုများအခွင့်အရေးကာကွယ်ရေး ဥပဒေကြမ်း" ကို ရေးဆွဲနေတယ်လို့ သိရပါတယ်၊ ဥပဒေတိုင်းဟာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံရေးဆွဲရပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ကန့်သတ်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံ ရေးဆွဲမည့် "တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကာကွယ်ရေး ဥပဒေကြမ်း" ဟာလည်း တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီလိမ့်မယ်မထင်ပါ၊

အပစ်ရပ်လိုက်၊ ပြန်တိုက်လိုက်

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပစ်အခတ်ရပ်စဲကြတယ်ဆိုတာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများရဲ့ ပထမခြေလှမ်းဖြစ်ပြီး စစ်ပွဲများအပြီးတိုင်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သင့်ပါတယ်၊ အပစ်အခတ်ရပ်စဲခြင်းဟာ နောင်တစ်ချိန်မှာ ပြန်လည်တိုက်ခိုက်ဖို့ အားမွေးတဲ့ သဘော၊ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်လှည့်စားကြတဲ့ သဘောမဖြစ်သင့်ပါ၊ အခုမြင်တွေ့နေရတဲ့ အပစ်ရပ်မှုကတော့ နှစ်ဘက်တပ်တွေ စစ်တိုက်တာ ခဏနား၊ လက်နက်၊ ရိက္ခာနဲ့ စစ်သည်အင်အားဖြည့်၊ ပြီးတော့ အလွယ်တကူတွေ့နိုင်တဲ့ အမှားတစ်ခုခု၊ အကြောင်းပြချက်တစ်ခုနဲ့ ပြန်တိုက်နေကြသလိုပါ၊ အစိုးရသစ်တက်ပြီး လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ၁၈ ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးပြီဆိုပေမည့် တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွါးနေဆဲပါ၊ ၂၀၁၃ ခုနှစ် မေလမှ ဩဂုတ်လအထိ လေးလတာကာလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်၊

ပြည်တွင်းစစ်ကြောင့် နှစ်ဘက်တပ်တွေ သေကြေပျက်စီးကြ၊ ဒဏ်ရာရကြသလို တိုင်းရင်းသားပြည်သူတွေအများကြီး အတိဒုက္ခရောက်ကြရပါတယ်၊ ပြည်တွင်းစစ်မှာ ကြားညပ်ပြီး သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေ သောင်းနဲ့ချီပြီး ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ နေအိမ်ရပ်ရွာကို စွန့်ခွါထွက်ပြေးကြရတဲ့ ဒုက္ခသည်ပေါင်း သုံးသိန်းခွဲကျော်ရှိပြီး ရွာပုံးရွာရှောင်တွေမှာ ခိုအောင်းနေထိုင်ရတဲ့ ပြည်သူတွေ လေးသိန်း ခြောက်သောင်းကျော်ရှိပါတယ်၊ ဒီတိုင်းရင်းသားပြည်သူတွေရဲ့ ဘဝဟာ တိုက်ပွဲတွေဖြစ်နေတုန်းမှာ အဆိုးဝါးဆုံးခံစားခဲ့ကြရသလို တိုက်ပွဲတွေ ရပ်နားထားတော့လည်း အဆုံးဆုံးဘဝက မလွတ်မြောက်နိုင်ကြပါ၊ အပစ်အခတ်ရပ်စဲရေးက မခိုင်မာတာမို့ နှစ်ဘက်တပ်များက လက်နက်၊ ရိက္ခာ၊ စစ်သည်စုဆောင်းကြတဲ့အခါ ဒီပြည်သူတွေအပေါ်ပဲ ဒဏ်ပိလာတာပါ၊ အဓမ္မဆက်ကြေးကောက်ခံမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အဓမ္မစစ်သားစုဆောင်းမှု၊ အဓမ္မဖမ်းဆီးအနိုင်ကျင့် သတ်ဖြတ်မှုတွေကို ဒီတိုင်းရင်းသားပြည်သူတွေပဲ ဆက်လက်ခံစားနေကြရတာပါ၊

အစိုးရကတော့ အစီအစဉ်အတိုင်း အောက်တိုဘာလထဲမှာ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးမတက်ရောက်ရင်တောင်မှ မဖြစ်မနေကျင်းပပါလိမ့်မယ်၊ ဖက်ဒရယ်ကောင်စီကလည်း တက်မယ်၊ မတက်ဘူးဆိုတာကို သဘောထားမပေးနိုင်သေးဘူး ဆိုတဲ့ အဆင့်ကနေ စက်တင်ဘာလကုန်မှာ ကျင်းပမည့် ဖက်ဒရယ်ကောင်စီရဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်၊ သေချာတာက အောက်တိုဘာလက်မှတ်ရေးထိုးပွဲကို ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်တပ်များ အားလုံးမဟုတ်တောင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်အချို့၊ ဖက်ဒရယ်ကောင်စီမှာမပါတဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများ တက်ရောက်ကြပါလိမ့်မယ်၊ ဒါပေမည့် အဲဒီ လက်မှတ်ရေးထိုးပွဲကြောင့် မြန်မာနိုင်ငံမှာ အမှန်တကယ်ပဲ သေနတ်သံတွေ ရပ်စဲသွားမှာလား၊ ကျနော်ကတော့ သံသယရှိနေဆဲပါ၊

အပစ်အခတ်ရပ်စဲရေး ရှည်ကြာ ခိုင်မာဖို့

နှစ်ဘက်စစ်တပ်များ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲကြတဲ့အခါ ဒီအပစ်အခတ်ရပ်စဲရေးကို ကာလရှည်ကြာထိန်းသိမ်းဖို့အတွက် အရေးတကြီးလိုအပ်ချက် နှစ်ခုရှိပါတယ်၊ (၁) ကြားနေအဖွဲ့အစည်းများ သို့မဟုတ် နှစ်ဘက်ပူးတွဲကော်မီတီဖွဲ့စည်းပြီး အပစ်အခတ်ရပ်စဲမှုကို စောင့်ကြပ်ထိန်းသိမ်းရေးနဲ့ (၂) နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးအဖြေရှာရေး တို့ဖြစ်ကြပါတယ်၊ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆိုပါအရေးကြီးတဲ့ အချက်နှစ်ခုစလုံး လစ်ဟာနေပါတယ်၊

ကြားနေအဖွဲ့အစည်းများနဲ့ သို့မဟုတ် နှစ်ဘက်ကိုယ်စားလှယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်တဲ့ "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ" တစ်ရပ်ဖွဲ့စည်းဖို့လိုအပ်ပါတယ်၊ ဒီကော်မီတီက နှစ်ဘက်စစ်တပ်များရဲ့ တပ်နေရာချထားမှု၊ တပ်ရွေ့လျားမှု တွေကို နှစ်ဘက်သဘောတူညီထားတဲ့အတိုင်း ထိန်းသိမ်းအောင် စောင့်ကြပ်သတိပေးနေရမှာပါ၊ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုလွဲစရာ အကြောင်းရှိရင်လည်း စစ်ပွဲနဲ့ မဖြေရှင်းပဲ ကော်မီတီက ကြားဝင်ဖြေရှင်းပေးတာကို နှစ်ဘက်တပ်များက လိုက်နာရပါမယ်၊ အထူးသဖြင့် စစ်မက်ဖြစ်ပွါးရာနေရာဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိစေရေးကိုလည်း ဒီကော်မီတီက တာဝန်ယူရမှာပါ၊ နှစ်ဘက်တပ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မချိုးဖောက်အောင် စောင့်ကြပ်ကွပ်ကဲဖို့ တာဝန်ရှိသလို နှစ်ဘက်တပ်များ နားလည်မှုရှိလာချိန်၊ တစ်ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲများ အတော်ခရီးရောက်နေချိန်မှာ နှစ်ဘက်စစ်တပ်များ မြှုတ်နှံထားတဲ့ မြေမြုတ်မိုင်းတွေကို စနစ်တကျရှင်းလင်းဖို့၊ ဒုက္ခသည်များကို နေရပ်ဒေသ ပြန်ပို့နိုင်ဖို့၊ ဒုက္ခသည်များရဲ့ ဘဝပြန်လည်တည်ဆောက်ရေးများကိုလည်း ကူညီဖို့ ဒီကော်မီတီမှာ တာဝန်ရှိပါတယ်၊

နှစ်ဘက်စစ်တပ်များမှာလည်း သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာရမှာပါ၊ မြန်မာ့တပ်မတော်က အခုတလောမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပါတ်သက်တဲ့ မူဝါဒ (၆) ချက်ကို ချမှတ်ထားတယ်လို့ ဆိုပါတယ်၊ အဲဒီမူဝါဒတွေက (၁) လူမသတ်ရန်၊ (၂) အဓမ္မ တပ်သားစုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ (၃) တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ (၄) မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ (၅) အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် (၆) တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြပါတယ်၊ ဖြစ်သင့်တာက အဲဒီလို စည်းကမ်းချက်တွေ (Military Code of Conduct) ကို နှစ်ဘက်တပ်ဖွဲ့များ သဘောတူချမှတ်ရမှာ ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့များက လိုက်နာရမှာ ဖြစ်ပါတယ်၊ လိုက်နာမှုရှိမရှိကိုလည်း  "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ" က စောင့်ကြပ်လေ့လာနေရမှာပါ၊ တစ်ဘက်သတ်ချမှတ်တဲ့ စည်းကမ်းများ မဖြစ်သင့်ပါ၊

နောက်ထပ်အရေးတကြီးလိုအပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကလည်း အခုအချိန်အထိ ဇဝေဇဝါ ဖြစ်ဆဲပါ၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပဖို့အတွက် အစိုးရဘက်မှာ စနစ်တကျ ပြင်ဆင်ထားတာမရှိသလို တိုင်းရင်းသားအင်အားစုများက တင်ပြတဲ့ အစီအစဉ်ကိုလည်း အစိုးရက အပြည့်အဝလက်မခံပါ၊ အောက်တိုဘာ လက်မှတ်ရေးထိုးပွဲအပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးသိန်းစိန်အစိုးရက ဆက်လက်ဦးဆောင်ဆွေးနွေးမှာလား၊ လွှတ်တော်နဲ့ ဆက်ဆွေးနွေးကြဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို လွှတ်တော်လက်ထဲ ထားခဲ့မှာလား၊ ဒါမှမဟုတ် အစိုးရနဲ့ လွှတ်တော် ပူးပေါင်းပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှာလား၊ ဆွေးနွေးပွဲတွေကျင်းပရင် အချိန်ဘယ်လောက် ကြာမလဲ၊ အဆင့် ဘယ်နှစ်ဆင့်ရှိမလဲ၊ ကျနော်တို့ ဘာမှမသိရပါ၊
အခုလို အဓိကလိုအပ်ချက်ကြီးနှစ်ခုဖြစ်တဲ့ "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ" နဲ့ "တိကျခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်" များမပါရှိသေးတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှုဟာ အမှန်တကယ်ရှည်ကြာပါ့မလား၊ ခိုင်မာပါ့မလား၊ ကျနော် သံသယရှိမိပါတယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃

Burma's Parliament Watch Part 39

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၇၊ အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈၊ ၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၉) လွှတ်တော်နှင့် ပြည်သူများ၏ သိပိုင်ခွင့် (Right to Know) (က)

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုဟာ အာဏာရှင်ခေတ်ကလို အမှောင်ထုထဲမှာ အကြောက်တရားနဲ့ အမိန့်နာခံနေရတာမျိုး မရှိသင့်တော့ပါ၊ ပြည်သူလူထုဟာ အခြေခံလူ့အခွင့်အရေးတွေကို ခံစားပိုင်ခွင့်ရှိသလို လွှတ်တော်ကလည်း ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရေးဆွဲ ပြဋ္ဌန်းရပါတယ်၊ ပြည်သူလူထုဟာ လွတ်လပ်စွာ ရေးသားခွင့်၊စည်းရုံးခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ ဖွဲ့စည်းခွင့်၊ ကိုးကွယ်ခွင့်၊ စီတန်းလှည့်လည်ခွင့်၊ သွားလာနေထိုင်ခွင့်တွေ ရှိရမှာဖြစ်သလို တိုင်းပြည်တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို သိပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ဝင်များ၊ တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ နောက်ကြောင်းသမိုင်းနဲ့ ပိုင်ဆိုင်မှုတွေ၊ အစိုးရက ပြည်ပနိုင်ငံများ၊ ပြည်ပကုမ္ပဏီများနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ တိုင်းပြည်ဘဏ္ဏာကို ခွဲဝေသုံးစွဲပုံတွေ၊ နိုင်ငံတော်မှ ရရန်၊ ပေးရန်တာဝန်ရှိငွေ၊ စသဖြင့် အာဏာရှင်ခေတ်က လူထုမသိအောင် တားမြစ်ပိတ်ပင်ထားတဲ့ တိုင်းပြည်အရေးကိစ္စတွေကို ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံတစ်ခုက ပြည်သူတွေ သိခွင့်ရှိရပါမယ်၊ အဲဒီလို ပြည်သူလူထု သိသင့်တာကို သိခွင့်ပေးရမည့် ဥပဒေမျိုးကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းသင့်ပါတယ်၊ ဒီဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုမှာ ပြဋ္ဌန်းကျင့်သုံးနေတဲ့ "သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" (Freedom of Information Act/ FOIA) ကို တင်ပြချင်ပါတယ်၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု (Transparency) ကို သက်သေပြတဲ့၊ ပြည်သူလူထုရဲ့ သိပိုင်ခွင့် (Right to Know) ကို အာမခံချက်ပေးတဲ့ ဥပဒေပါ၊


"သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ"

အမေရိကန်ပြည်ထောင်စုမှာ "သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" (FOIA) ကို ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ အထက်လွှတ်တော်က အတည်ပြု၊ ၁၉၆၆ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုပြီး သမ္မတကြီး လင်ဒန်ဂျွန်ဆင်က ၁၉၆၆ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ လက်မှတ်ရေးထိုးအတည်ပြုပါတယ်၊ အဲဒီနောက် တစ်နှစ်အကြာ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ကစပြီး ဒီဥပဒေ စတင်အသက်ဝင်ပါတော့တယ်၊ ဒီဥပဒေရဲ့ အဓိကဖွင့်ဆို ပြဋ္ဌန်းချက်ကတော့ "နိုင်ငံသားတိုင်းမှာ ပြည်ထောင်စုအစိုးရရဲ့ သတင်းအချက်အလက်တွေ၊ မှတ်တမ်းတွေကို လေ့လာခွင့်ရှိပြီး အဲဒီလို လေ့လာခွင့်ပေးဖို့ အစိုးရထံ တိုက်ရိုက်တောင်းဆိုနိုင်တယ်၊ တကယ်လို့ အစိုးရက ငြင်းဆန်ရင် ပြည်ထောင်စုတရားရုံးကို လျှောက်ထားပြီး ပြည်ထောင်စုတရားရုံးမှ အစိုးရကို တောင်းဆိုတဲ့မှတ်တမ်းတွေကို လေ့လာခွင့်ပေးဖို့ အမိန့်ထုတ်ပြန်စေနိုင်တယ်" လို့ ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဋ္ဌာနများအားလုံးဟာ ပြည်သူလူထုသိချင်တဲ့ မှတ်တမ်းများကို ဥပဒေမှာ သတ်မှတ်ထားတဲ့ ချွင်းချက် ကိုးမျိုးနဲ့ အထူးဥပဒေ သုံးခုနဲ့ ကန့်သတ်ထားတဲ့ အစိုးရလျှို့ဝှက်ချက်များကလွဲရင် မှတ်တမ်းအားလုံးကို ဖြစ်စေ၊ မှတ်တမ်းများရဲ့ တစိတ်တပိုင်းကိုဖြစ်စေ အချိန်မီထုတ်ပြန်ပေးရမယ်လို့လည်း ပြဋ္ဌန်းထားပါတယ်၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်၊ အစိုးရနဲ့ ဗဟိုတရားရုံးချုပ်တို့အားလုံးက ဒီဥပဒေကို ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်း (Vital Part of Democracy) အဖြစ် လေးစားလိုက်နာကြပါတယ်၊

ဒီဥပဒေပြဋ္ဌန်းဖို့ ကြိုးစားရာမှာလည်း အချေအတင်ဆွေးနွေးငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်၊ အစိုးရရဲ့ သတင်းအချက်အလက်တွေအားလုံးကို အများပြည်သူသိခွင့်ရှိရမယ်လို့ ယုံကြည်ကြသူတွေနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွါးကို ကာကွယ်ဖို့နဲ့ တိုင်းပြည်အတွက်အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေမျိုးကို ကာကွယ်ဖို့ အစိုးရရဲ့ သတင်းအချက်အလက်အချို့ဟာ အများပြည်သူသိခွင့်မရှိပဲ လျှို့ဝှက်ချက်အဖြစ်နဲ့ ထိန်းသိမ်းရမယ်လို့ ယုံကြည်ကြသူတွေပါ၊ ဒီငြင်းခုံဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ အဖြေကတော့ "သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" နဲ့ အဲဒီ ဥပဒေမှာပါဝင်တဲ့ “ချွင်းချက် ကိုးမျိုး”ပါ၊  အစိုးရရဲ့ လျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားဖို့ ခွင့်ပြုတဲ့ မှတ်တမ်း ကိုးမျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်၊

(၁) နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာမူဝါဒများ၏ အကျိုးအတွက် နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရန်လိုအပ်သည်ဟု သမ္မတ၏ အုပ်ချုပ်ရေးရာအမိန့်များ (Presidential Executive Order) ဖြင့်ညွန်ကြားထားသော မှတ်တမ်းများ၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် ထိပ်တန်းလျှို့ဝှက်ဟု သတ်မှတ်သော မှတ်တမ်းများ၊
(၂) အစိုးရဋ္ဌာနအတွင်း ဝန်ထမ်းရေးရာနှင့် ဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်သာ သက်ဆိုင်သော မှတ်တမ်းများ၊
(၃) အခြားသော ပြည်ထောင်စုအထူးဥပဒေများဖြင့် ပြည်သူလူထုအားချပြရန်မသင့်ဟု အကာအကွယ်ပေးထားသော မှတ်တမ်းများ၊
(၄) အစိုးရ၏ စီးပွါးရေးဆိုင်ရာ လျှို့ဝှက်ချက်များ (Trade Secrets) ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ (Confidential Commercial or Financial Information)၊
(၅) တရားစီရင်ရေးဆိုင်ရာအခွင့်အရေးများ (Legal Privileges) ဖြင့်အကာအကွယ်ပေးထားသည့် အစိုးရ၏ ဋ္ဌာနတစ်ခု အတွင်း သို့မဟုတ် ဋ္ဌာနများအကြား ဆက်သွယ်မှုများ၊
(၆) အခြားသော ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သည့် သတင်းမှတ်တမ်းများ၊
(၇) တရားဥပဒေစိုးမိုးရေးနှင့် ပါတ်သက်ပြီး အောက်ပါထိခိုက်မှုများကို ဖြစ်စေနိုင်သည့် မှတ်တမ်းများ၊
က၊ အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များကို အနှောက်အယှက်အဟန့်အတားဖြစ်စေနိုင်သည်ဟု ယုံကြည်နိုင်သော အကြောင်းရှိလျင်
ခ၊ ပုဂ္ဂိုလ်တစ်ယောက်၏ မျှတစွာ တရားစီရင်ခံပိုင်ခွင့် နှင့် ဘက်မလိုက်သော တရားစီရင်ရေးကို ဆုံးရှုံးစေနိုင်သည်ဟု ယူဆရန်အကြောင်းခိုင်မာလျင်
ဂ၊ ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို မလိုလားအပ်ပဲ ဝင်ရောက်စွက်ဖက်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
ဃ၊ အစိုးရ၏ လျှို့ဝှက်သတင်းအရင်းအမြစ်များပေါက်ကြားနိုင်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
င၊ အစိုးရ၏ ဆောင်ရွက်နေဆဲ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းလမ်း၊ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုရန်ပြင်ဆင်မှုများ ပေါက်ကြားစေနိုင်လျင်၊
စ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အသက်အန္တရာယ်နှင့် ဘဝကို ထိခိုက်နစ်နာစေနိုင်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
(၈) အစိုးရ၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ မှတ်တမ်းများ၊
(၉) ရေတွင်းရေကန်များနှင့် ရေအရင်းအမြစ်များ၏ မြေပြင်ပေါ်တွင်တည်ရှိမှုဆိုင်ရာ မှတ်တမ်းများ၊

ဒီဥပဒေက ပြည်ထောင်စုအဆင့်မှာ ပြဋ္ဌန်းထားတာဖြစ်လို့ ပြည်ထောင်စုအစိုးရနဲ့ပဲ သက်ဆိုင်ပါတယ်၊ ပြည်နယ်လွှတ်တော်များကလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများနဲ့ သက်ဆိုင်တဲ့ ပြည်နယ်အလိုက် "သတင်းအချက်အလက်လွတ်လပ်ခွင့် ဥပဒေ" များ ပြဋ္ဌန်းအတည်ပြုကြပါတယ်၊ ဒီဥပဒေတွေမှာ ပြည်နယ်တစ်ခုချင်းရဲ့ အခြေအနေအလိုက် ကွဲပြားမှုအနည်းငယ်ရှိကြပေမည့် အနှစ်သာရကတော့အတူတူပါ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများဟာ ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိရပါမယ်၊ ပြည်သူလူထုကို အစိုးရရဲ့ ဆောင်ရွက်ချက်များကို အတတ်နိုင်ဆုံးအသိပေးရပါမယ်၊

ဘယ်လို သိခွင့်တောင်းသလဲ၊ ဘယ်သူက တာဝန်ခံဖြေရှင်းသလဲ

ဒီဥပဒေအရ ပြည်သူလူထုရဲ့ သိခွင့်တောင်းခံမှုကို ပြန်လည်ဖြေရှင်းပေးဖို့ အဓိက တာဝန်ရှိသူက အမေရိကန်ပြည်ထောင်စုသမ္မတကိုယ်တိုင်ဖြစ်ပါတယ်၊ အမေရိကန်သမ္မတက သူ့ကိုယ်စား တာဝန်ယူဖို့ ပြည်ထောင်စုရှေ့နေချုပ်ကို တာဝန်လွှဲအပ်ပြီး တရားရေးဝန်ကြီးဋ္ဌာနလက်အောက်မှာ "သတင်းအချက်အလက်များဆိုင်ရာမူဝါဒရေးရာ ဋ္ဌာန" (Office of Information Policy/OIP) ကို ဖွဲ့စည်းပြီး အစိုးရရဲ့ ဝန်ကြီးဋ္ဌာနများအားလုံးဟာ "သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာဥပဒေ" အရ ပြည်သူလူထုက တောင်းခံလာတဲ့ သတင်းမှတ်တမ်းတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးစေဖို့ ကြီးကြပ်စီမံပါတယ်၊ လက်ရှိသမ္မတ အိုဘားမားက သူ့ရဲ့အစိုးရကို အပွင့်လင်းဆုံးအစိုးရဖြစ်စေရမယ်လို့ ကတိကဝတ်ပြုထားသူပါ၊ ဒါကြောင့် အမေရိကန်အစိုးရဋ္ဌာနများအားလုံးကို ဒီ "သတင်းအချက်အလက်လွတ်လပ်ခွင့် ဥပဒေ" ရဲ့ အနှစ်သာရနဲ့ စိတ်ဓာတ်ကို အမြင့်မားဆုံး ထိန်းသိမ်းကြပြီး ပြည်သူလူထုရဲ့ စုံစမ်းမေးမြန်းမှုတွေကို အထိရောက်ဆုံးပြန်ကြားဖို့ ညွှန်ကြားထားပါတယ်၊

ဒီတော့ အမေရိကန်ပြည်သူတစ်ယောက်က သူသိချင်တဲ့ အစိုးရရဲ့ သတင်းအချက်အလက်တွေကို ဘယ်လို တောင်းခံမလဲ၊ ပထမဆုံးတော့ သူလိုချင်တဲ့ အချက်အလက်တွေဟာ ဘယ်ဝန်ကြီးဋ္ဌာနမှာ ရှိမလဲ၊ ဘယ်ဋ္ဌာနနဲ့ သက်ဆိုင်မလဲ၊ ဆိုတာ အသေအချာသိဖို့လိုပါတယ်၊ ဒုတိယအနေနဲ့ ကိုယ်သိချင်တဲ့ သတင်းမှတ်တမ်းတွေဟာ ဘယ်လိုခေါင်းစဉ်အောက်မှာရှိနိုင်မလဲ၊ ဘယ်လို ဖွင့်ဆိုရှင်းပြမလဲ၊ ဘယ်လိုအကြောင်းအရာလဲ၊ စတာတွေကိုလဲ အသေအချာသိဖို့လိုအပ်ပါတယ်၊ ပြီးတော့မှ သက်ဆိုင်ရာဋ္ဌာနရဲ့ ဝက်ဆိုက်ကို သွားကြည့်ပြီး "သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ" အရ သိခွင့်တောင်းခံတာကို ကိုင်တွယ်ဖြေရှင်းတဲ့ တာဝန်ခံဋ္ဌာနရဲ့ ဆက်သွယ်ရမည့် စာတိုက်လိပ်စာ၊ အီးမေးလိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ဖက်စ်နံပါတ် စတာတွေကို ရှာဖွေရပါမယ်၊ တခါ ကိုယ်သိချင်တဲ့ မှတ်တမ်းကို ဘယ်လိုပုံစံနဲ့ ရယူချင်တာလည်း၊ အီးမေးနဲ့လား၊ စာတိုက်ကပို့ပေးစေချင်သလား၊ စသဖြင့်ပေါ့၊ အဲဒါတွေ ပြင်ဆင်ပြီးတော့မှ သက်ဆိုင်ရာ ဋ္ဌာနကိုသက်ဆိုင်ရာလိပ်စာအတိုင်း သိချင်တဲ့ မှတ်တမ်းတွေကို သိခွင့်တောင်းတဲ့ စာတစ်စောင်ပေးပို့ရုံပါပဲ၊ အဲဒီစာမှာ တစ်ဘက်က ပြန်လည်ဆက်သွယ်ရမည့် မိမိရဲ့ လိပ်စာအပြည့်အစုံလည်းပါဝင်ဖို့ လိုအပ်ပါတယ်၊
များသောအားဖြင့် သတင်းအချက်အလက်တောင်းခံသူက အမှန်တကယ်သက်ဆိုင်တဲ့ ဋ္ဌာနကို ရှင်းလင်းတဲ့ ဖော်ပြချက်နဲ့ တောင်းခံတာဖြစ်လျင် သက်ဆိုင်ရာဋ္ဌာနက တစ်လအတွင်း တုန့်ပြန်ရပါတယ်၊ 

တစ်ခါတစ်ရံမှာ သတင်းအချက်အလက်တောင်းခံမှုတွေက များလွန်းလို့ တစ်လနဲ့ မလုံလောက်ဘူးဆိုရင်၊ ဒါမှမဟုတ် သတင်းတောင်းခံချက်အချို့ဟာ ချွင်းချက်များနဲ့ အကျုံးဝင်၊မဝင် စစ်ဆေးနေရတာကြောင့် အချိန်တစ်လနဲ့ မလုံလောက်ရင်၊ သက်ဆိုင်ရာဋ္ဌာနက သတင်းတောင်းခံသူကို ဆက်သွယ်ပြီး အကျိုးအကြောင်းရှင်းပြလို့ နောက်ထပ်ရက်တိုးပေးဖို့ တောင်းပန်ပါလိမ့်မယ်၊ တကယ်လို့ သတင်းမှတ်တမ်းတောင်းခံသူက မသက်ဆိုင်တဲ့ ဋ္ဌာနကို ဆက်သွယ်မိတာဆိုရင်တော့ ပိုပြီးကြာပါလိမ့်မယ်၊
တကယ်လို့ ဋ္ဌာနတစ်ခုခုဟာ "FOIA" အရ ပြည်သူတစ်ဦးတစ်ယောက်က၊ အဖွဲ့အစည်းတစ်ခုခုက သတင်းအချက်အလက်တောင်းခံတာကို ရည်ရွယ်ချက်ရှိရှိနဲ့ နှောင့်နှေးကြန့်ကြာစေမယ်၊ တုန့်ပြန်ဖို့ ပျက်ကွက်မယ်၊ သို့မဟုတ် အကြောင်းပြချက်မခိုင်လုံပဲ ငြင်းပယ်မယ် ဆိုရင် အဲဒီဋ္ဌာနက သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်မှာ အပြစ်ရှိတယ်၊ အရေးယူရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌန်းထားပါသေးတယ်၊ တကယ်လို့ သတင်းအချက်အလက်တောင်းခံသူက သက်ဆိုင်ရာဋ္ဌာနဟာ လုံလောက်တဲ့အချိန်အတွင်းမှာ သတင်းထုတ်ပြန်မပေးပဲ ရည်ရွယ်ချက်ရှိရှိ သတင်းကိုထုတ်ပြန်ပေးဖို့ ပျက်ကွက်နေတယ်လို့ ယုံကြည်ရန်အကြောင်းရှိလျင် ပြည်ထောင်စုတရားရုံးတစ်ခုကို ဦးတိုက်လျှောက်ထားနိုင်ပါတယ်၊ အဲဒီအခါ တရားရုံးက ရှေ့နေချုပ်ကို အထူးစုံစမ်းသူ (Special Counsel) တစ်ယောက်ခန့်အပ်ပြီး သက်ဆိုင်ရာဝန်ထမ်းမှာ အပြစ်ရှိမရှိ၊ အရေးယူရန်လို၊ မလို စုံစမ်းစစ်ဆေးစေပါတယ်၊ သက်ဆိုင်ရာဝန်ထမ်းဟာ အမှန်တကယ်ပဲ တောင်းဆိုတဲ့ သတင်းမှတ်တမ်းကို ရည်ရွယ်ချက်ရှိရှိ ထိန်ချန်တာ၊ နှောင့်နှေးတာ၊ ငြင်းပယ်တာမှန်ကြောင်းတွေ့ရှိရလျင် အထူးစုံစမ်းသူရဲ့ အကြံပေးချက်အတိုင်း သက်ဆိုင်ရာဝန်ထမ်းကို ဋ္ဌာနဆိုင်ရာစည်းကမ်းများအရ အရေးယူပါတယ်၊ တောင်းဆိုထားတဲ့ မှတ်တမ်းများကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးရပါတယ်၊

သမ္မတ အိုဘားမားက ၂၀၀၈ ခုနှစ်ကစပြီး သမ္မတတာဝန်ထမ်းဆောင်တာပါ၊ သူ့လက်ထက် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ FOIA ကို အသုံးပြုပြီး သတင်းအချက်အလက်တောင်းခံမှုများဟာ ၂၀၀၈ ခုနှစ်မှာ ၆၀၅,၄၉၁၊ ၂၀၀၉ ခုနှစ်မှာ ၅၅၇,၈၂၅၊ ၂၀၁၀ ခုနှစ်မှာ ၅၉၇,၄၁၅၊ ၂၀၁၁ ခုနှစ်မှာ ၆၄၄,၁၆၅၊ နဲ့ ၂၀၁၂ ခုနှစ်မှာ ၆၅၁,၂၅၄ ရှိခဲ့ပါတယ်၊ ဒါကိုကြည့်ခြင်းဖြင့် အမေရိကန်ပြည်သူများဟာ "FOIA" ဥပဒေကို ထိထိရောက်ရောက်အသုံးချကြတယ်ဆိုတာ ထင်ရှားပါတယ်၊ အစိုးရဘက်က တုန့်ပြန်မှုကို ကြည့်ရင် ၂၀၁၂ ခုနှစ်မှာ သတင်းအချက်အလက်တောင်းခံမှုပေါင်း ၆၅၁,၂၅၄ ရှိတဲ့အထဲက မှတ်တမ်းပေါင်း ၂၃၄,၀၄၉ ခု ကို အပြည့်အဝထုတ်ပြန်ပေးခဲ့ပြီး ၂၀၀,၂၀၉ ခုကို တစ်စိတ်တစ်ပိုင်းထုတ်ပြန်ပေးခဲ့ပါတယ်၊ မှတ်တမ်း ၃၀,၇၂၇ခုကိုတော့ ချွင်းချက်များအဖြစ်နဲ့ ထုတ်ပြန်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်၊ မတုန့်ပြန်နိုင်သေးတာတွေလည်း ရှိပါတယ်၊ ဒါကိုကြည့်ရင်လည်း အမေရိကန်အစိုးရဟာလည်း "FOIA" ကို အပြည့်အဝလိုက်နာပြီး ပြည်သူလူထုကို သိခွင့်ပေးနိုင်သမျှပေးနေတယ်ဆိုတာ ထင်ရှားပါတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရမှန်သမျှဟာ ပြည်သူလူထုရဲ့ အစစ်အဆေးကို ခံနိုင်ရဲရပါမယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
အောက်တိုဘာ ၈၊ ၂၀၁၃

Sunday, October 13, 2013

Moemaka's Interview, Oct 13, 2013



လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ အနီးကြည့် အဝေးကြည့်

လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ အနီးကြည့် အဝေးကြည့်
အောင်ဒင်နဲ့ မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၃

အမေရိကန်ပြည်ရောက် မြန်မာ့အရေးလှုပ်ရှားသူ၊ ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုအောင်ဒင်နဲ့ မိုးမခ တွေ့ဆုံမေးမြန်းထားသမျှကို တင်ဆက်လိုက်ပါတယ်။


မေး။    ။ ၂၀၁၂ က စပြီးတော့ လွှတ်တော်တွင်း လှုပ်ရှားမယ်၊ လွှတ်တော်ပြင် လှုပ်ရှားမယ်လို့ ကြွေးကြော်ကြ၊ သဘောထားတွေ ထုတ်ပြန်ကြ၊ ပြင်ဆင်လုပ်ကိုင်ခဲ့ကြတယ်၊ အခု ၂၀၁၃ နှစ်ကုန်ခါနီးပြီ၊ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုကို တွေ့ရပါသလား

ဖြေ။    ။ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေကတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တာတွေ့ရပါတယ်၊ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းလှုပ်ရှားနိုင်ကြတာ၊ အလုပ်သမားထုကို အမှန်တကယ်ကိုယ်စားပြုနိုင်သူကို ရွေးချယ်ပြီး ဂျီနီဗာ အလုပ်သမားညီလာခံကို စေလွှတ်နိုင်တာ၊ တောင်သူလယ်သမားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အပါအဝင် အရပ်ဘက်လူ့အဖွဲအစည်းတွေက ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြတာ၊ ဒီအဖွဲ့အစည်းတွေက ပြည်သူလူထုခံစားနေရတဲ့ နေ့စဉ်ဒုက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးဖို့ ကြိုးစားရင်း တစ်ဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ မလိုလားအပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဥပဒေပြုလွှတ်တော်ကို ချဉ်းကပ်စည်းရုံးဆောင်ရွက်နေတာ အားရစရာကောင်းပါတယ်။


မေး။    ။ ဒါဆိုရင် ထင်ထင်ရှားရှားမြင်တွေ့ရတဲ့ လွှတ်တော်ပြင်ပလှုပ်ရှားမှု အောင်မြင်မှုတွေကို ကောက်နုတ်ပြနိုင်ပါသလား။

ဖြေ။    ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ထင်ထင်ရှားရှားမြင်တွေ့ရတဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများရဲ့ အောင်မြင်မှု (၆) ခုရှိပါတယ်၊
  
နံပါတ် (၁) က ဧရာဝတီမြစ်ကြီးရဲ့အစမှာ တရုတ်အစိုးရက မြစ်ဆုံဆည်ကြီးတည်ဆောက်ဖို့ကြိုးစားတာကို သမ္မတသက်တမ်းတစ်ခုအတွင်း ရပ်ဆိုင်းထားနိုင်တာ၊
(၂) နိုင်ငံရေးအကျဉ်းသားများရှိကြောင်း အစိုးရက ဝန်ခံပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ပူးတွဲစစ်ဆေးပြီး ပြန်လွှတ်ပေးနေရတာ၊
 (၃) ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေရတဲ့ တိုင်းရင်းသားတွေထံ အကူအညီအထောက်အပံ့တွေ ရောက်အောင်ပို့ပေးနိုင်ခဲ့တာ၊
(၄) အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ တည်ရှိတိုးတက်မှုကို ဟန့်တားကန့်သတ်မည့် “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း” ကို တညီတညွတ်တည်းကန့်ကွက်ပြီး ပိုပြီးကောင်းတဲ့ ဥပဒေကြမ်းတစ်ခုအဖြစ်ရောက်အောင် လွှတ်တော်ကိုယ်စားလှယ်များနဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့တာ၊
(၅) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပါတ်သက်ပြီး စီမံကိန်းဖျက်သိမ်းရတဲ့အထိ မဖြစ်တာတောင်မှ စာချုပ်ကို မြန်မာနိုင်ငံဘက်ကပိုပြီး အကျိုးအမြတ်ရအောင် ပြန်လည်ချုပ်ဆိုရတာ၊ နစ်နာကြေးတွေပိုပေးရတာ၊ ဒါဏ်ရာရသံဃာတော်များကို အစိုးရက တောင်းပန်ရတာ၊
နံပါတ် (၆) က ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း စစ်အစိုးရနဲ့ ခရိုနီတွေသိမ်းပိုက်ထားတဲ့ မြေများနဲ့ပါတ်သက်ပြီး ဖြေရှင်းပေးဖို့ လွှတ်တော်ကနေ “အသိမ်းဆည်းခံမြေများကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖြေရှင်းပေးနေရတာ၊ ဒါတွေဟာ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းများရဲ့ လွှတ်တော်ပြင်ပလှုပ်ရှားမှုများရဲ့ အောင်မြင်မှုတွေပါ၊

မေး။    ။ ဒါဆိုရင် လွှတ်တော်တွင်းဝင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ကော …

ဖြေ။    ။ လွှတ်တော်အတွင်းလှုပ်ရှားမှုတွေကိုတော့ အားရစရာမတွေ့ရသေးပါ၊ လွှတ်တော်ကနေ တိုင်းပြည်အတွက်အကျိုးရှိတဲ့ ဥပဒေအချို့ ပြဌာန်းအတည်ပြုနိုင်ခဲ့ပေမည့် အဲဒီ ဥပဒေတွေဟာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ခဲ့တာဖြစ်ပါတယ်၊ လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်၊ မပြင်သင့်လေ့လာသုံးသတ်မည့် ဆုံးဖြတ်ချက်ကိုတောင်မှ ကြံ့ခိုင်ရေးပါတီကပဲ တင်သွင်းခဲ့တာပါ၊ အတိုက်အခံပါတီရဲ့ အခန်းကဏ္ဏက သိပ်မရှိသလို လူနည်းစုပါတီများဟာ လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစုအဖြစ် မရပ်တည်ပဲ အာဏာရပါတီရဲ့ မဟာမိတ်များအဖြစ် ရပ်တည်နေတာ ဝမ်းနည်းစွာတွေ့ရပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့ ဝေးလို့ ဒီမိုကရေစီလှုပ်ရှားသူတွေအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ အရေးပေါ်စီမံချက်အက်ဥပဒေ (ပုဒ်မ ၅-ည)၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ဟန့်တားကာကွယ်သည့်ဥပဒေ (ပုဒ်မ ၁၀-က၊ ၁၀-ခ)၊ မတရားသင်းအက်ဥပဒေ (ပုဒ်မ ၁၇-၁၊ ၁၇-၂) စတဲ့ စစ်အစိုးရကျင့်သုံးခဲ့တဲ့ မတရားတဲ့ ဥပဒေတွေကိုတောင် ဖျက်သိမ်းနိုင်စွမ်းမရှိသေးတာတွေ့ရပါတယ်၊ အစိုးရ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို ကန့်သတ်မည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကိုတောင် ဒီမိုကရေစီအင်အားစုဘက်က  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မကန့်ကွက်တဲ့အပြင် ထောက်ခံမဲပေးခဲ့ကြတာ အံ့ဩဖွယ်တွေ့ခဲ့ရပါတယ်၊ အတိုက်အခံမရှိတဲ့ လွှတ်တော်၊ အတိုက်အခံဖြစ်လျက်နဲ့ အတိုက်အခံအလုပ်ကို မလုပ်တဲ့ လူနည်းစုပါတီများနဲ့ လွှတ်တော်ဟာ ဒီမိုကရေစီစနစ်အတွက် သိပ်အားကိုးလောက်စရာမရှိပါ၊

မေး။    ။ အဲသည်ထဲမှာ တခုကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ရလာတယ်။ အစိုးရက အလွတ်သဘော ခွင့်ပြုလို့ဖြစ်စေ၊ သူတို့နဲ့ လက်တွဲပြီး သူတို့ဗျာဒိတ်ခံပြီး လုပ်လို့ဖြစ်စေ … စာနယ်ဇင်းလွတ်လပ်ခွင့် လှုပ်ရှားမှုမျိုးကနေ စာနဲ့ ပေနဲ့၊ စည်းကမ်းဥပဒေနဲ့ တရားဝင်လွတ်လပ်ခွင့်ရအောင် လုပ်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ စာနယ်ဇင်းအသင်းအဖွဲ့တွေ သူနည်းသူ့ဟန်နဲ့ လွှတ်တော်ပြင်ပမှာ ပေါ်လာတယ်။ သူတို့ကနေ လွှတ်တော်တွင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံတဲ့ ဥပဒေပေါ်ထွန်းလာအောင် လုပ်လာနိုင်သလား။

ဖြေ။    ။ စာပေလွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး တစ်ခုပြောချင်ပါတယ်၊ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး စာအုပ်စာတမ်းတွေကို လွတ်လွတ်လပ်လပ်ထုတ်ဝေခွင့်ပေးတာ၊ ဂျာနယ်ထုတ်ဝေခွင့်တွေ၊ သတင်းစာထုတ်ဝေခွင့်တွေပိုပြီး ခွင့်ပြုတာ ဝမ်းသာစရာပါ၊ အဲဒီလိုပဲ မီဒီယာလောကကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တွေပေါ်ပေါက်လာပြီး စာပေလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ လှုပ်ရှားနေတာလည်း အားရစရာပါ၊
ဒါပေမည့် ကျနော် စိတ်ပူတာက ငွေကြေးချမ်းသာသူတွေနဲ့ အာဏာပိုင်များနဲ့ အဆက်အသွယ်ကောင်းသူတွေကပဲ မီဒီယာလောက၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို ထိန်းချုပ်ထားတာကိုပါ၊ အခုထွက်နေတဲ့ သတင်းစာ၊ ဂျာနယ်အတော်များများဟာ ခရိုနီကြီးများက ငွေကြေးထုတ်ပေးပြီး တည်ထောင်ထားကြတာ၊ အာဏာရပါတီ နဲ့ စစ်တပ်က တည်ထောင်ထားကြတာတွေပါ၊ သူတို့တွေပဲ ငွေကြေးအရင်းအနှီးကြီးမားတဲ့ ဒီလုပ်ငန်းကို ဓနအင်အားအလုံးအရင်းနဲ့ စိုက်ထုတ်လုပ်ကိုင်နိုင်တာပါ၊ ဒီတော့ သူတို့ ငွေကြေးနဲ့၊ အာဏာနဲ့ ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်တွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ ဘာသာရေးပဋိပက္ခကို လှုံ့ဆော်တဲ့ သတင်းတွေ၊ အညှီအဟောက်တွေ၊ တဘက်သတ်ဝါဒဖြန့်ချီတာတွေနဲ့ ပြည့်နှက်နေပြီး ပြည်သူလူထုအတွက် လေးစားလောက်တဲ့ မီဒီယာတွေ ဖြစ်မလာပါ၊ အကုသိုလ်တွေအပြည့်အဝပါတဲ့ စာအမှိုက်ထုတ်ကြီးတွေသာ ဖြစ်နေပြီး တစ်ချိန်မှာ စာပေလွတ်လပ်ခွင့်ဆိုတာကိုတောင် ပြည်သူတွေက အထင်သေးစရာ ဖြစ်လာနိုင်ပါတယ်၊ အဆင့်အတန်းရှိတဲ့၊ သတင်းတန်ဘိုး၊ စာပေတန်ဘိုးကြီးမားတဲ့  သိက္ခါရှိတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကတော့ ရေရှည်ရပ်တည်နိုင်စွမ်းမရှိပဲ တစ်ဖြုတ်ဖြုတ် ကြွေနေကြတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်၊
ကျနော်တို့က စာပေလွတ်လပ်ခွင့်ဆိုတာကို တန်ဘိုးမထားရင်၊ အကျိုးရှိရှိအသုံးမချနိုင်ရင်၊ တာဝန်သိမှု တာဝန်ယူမှုနဲ့ ယှဉ်တွဲပြီး မကျင့်သုံးနိုင်ရင် တစ်ချိန်မှာ စာပေလွတ်လပ်ခွင့်ကို ပြန်လည်ကန့်သတ်ခံရမှာ စိတ်ပူမိပါတယ်၊ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိပ်သိမ်းရမှာပါ၊

မေး။    ။  နိုင်ငံရေးအကျဉ်းသားအရေးကို အသိအမှတ်ပြု ပြောဆိုလာဖို့၊ အရေးတယူ ဆောင်ရွက်ဖို့ လုပ်လာတဲ့နေရာမှာ လွှတ်တော်တွင်းကနေ စတင်တာလား၊ လွှတ်တော် ပြင်ပကနေ စတင်တာလား။ ဒါမှမဟုတ် အပြင်ကနေ စတယ်။ နောက်တော့ အတွင်းကနေ အစိုးရကနေ လက်ခံလိုက်တယ်။ အဲသည်မှာမှ စပြီး ရွေ့တယ်လို့ ပြောလို့ ရမလား။

 ဖြေ။   ။ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် အဖမ်းခံကြရတယ်၊ ထောင်ကျတယ်၊ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက်မှုပေါင်းစုံ၊ ဒုက္ခပေါင်းစုံတွေ့ကြုံကြရတယ်၊ အချိန်တန်တော့ ပြန်လွတ်ကြတယ်၊ ဒီ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ချစ်စရာကောင်းမှုကတော့ သူတို့လွတ်မြောက်ပြီးချိန်မှာ အေးအေးဆေးဆေးမနေပဲ ထောင်တွင်းမှာ ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေလွတ်မြောက်ရေး ဆက်ပြီး ကြိုးစားတောင်းဆိုကြတာပါ၊ သူတို့တွေ ထောင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေချင်မှပြေခဲ့လိမ့်မယ်၊ ဒါပေမည့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဟာ လွတ်ပြီးသား နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ တာဝန်ဆိုတာ သူတို့အားလုံးတစ်ညီတစ်ညွတ်တည်းခံယူထားကြတယ်၊ အချို့ဆိုရင် သူတို့သူငယ်ချင်းတွေ လွတ်မြောက်ရေးကြိုးစားရင်း သူတို့ကိုယ်တိုင် ပြန်လည်အဖမ်းခံရ၊ ထောင်ထဲပြန်ရောက်ကြရတာပါ၊ သူတို့ရဲ့ စိုက်လိုက်မတ်တပ်လှုပ်ရှားမှုတွေကြောင့်လည်း ဒီကနေ့မှာ အစိုးရကိုယ်တိုင်က  နိုင်ငံရေးအကျဉ်းသားတွေရှိကြောင်းဝန်ခံပြီး ကျန်နေသေးတဲ့  နိုင်ငံရေးအကျဉ်းသားတွေကို အကုန်အစဉ်ပြန်လွှတ်ပေးနိုင်ရေး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေရတာပါ၊


မေး။    ။ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအဆင့် ဆွေးနွေးအဖြေရှာရေးကို ဆောင်ရွက်ကြတဲ့နေရာမှာ လွှတ်တော်ရဲ့ အခမ်းကဏ္ဍက ဘယ်လောက်ပါသလဲ။ အစိုးရအခမ်းကဏ္ဍက ဘယ်လိုရှိသလဲ။ လွှတ်တော်ပြင်ပကနေ ရပ်တည်ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေရဲ့ အနေအထားက ဘယ်လို ရှိသလဲ။

ဖြေ။    ။
 ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ တာဝန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းဖို့၊ အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပဖို့ဖြစ်ပါတယ်၊ အရပ်ဘက်အဖွဲ့အစည်းများရဲ့တာဝန်က အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့၊ စစ်ဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဘက်တစ်ဖွဲ့အဖြစ်ပါဝင်ဖို့ဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အဓိကတာဝန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲများက ဆုံးဖြတ် တောင်းဆိုတဲ့အတိုင်း ပြင်ဆင်ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးစုများခံစားထိုက်တဲ့အခွင့်အရေးများ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်၊ သယံဇာတအရင်းအမြစ်များခွဲဝေရေး) ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌန်းဖို့ ဖြစ်ပါတယ်၊

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာလည်း တာဝန်ရှိပါတယ်၊ အဲဒီတာဝန်တွေကတော့ ရိုးသားဖို့၊ အပစ်အခတ်ရပ်စဲရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါးမရှာဖို့၊ နိုင်ငံရေးဆွေးနွေးပွဲရဲ့ သဘောသဘာဝဟာ အပေးအယူမျှတဖို့ဖြစ်လို့ ကိုယ်လိုချင်သမျှ အကုန်မရနိုင်ဘူးဆိုတာ နားလည်လက်ခံဖို့၊ ပြည်သူလူထုအပေါ် အခွန်ကောက်၊ စစ်သားသစ်စုပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့၊ ဆွေးနွေးပွဲမှာ တောင်းဆိုတာတွေအကုန်မရရင် ပြန်တိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဖျက်သိမ်းပြီး ရသင့်သလောက်ရရင်လက်ခံပြီး ပြည်တွင်းစစ်ကို အဆုံးသတ်လို့ မပြည့်ဝသေးတဲ့ တောင်းဆိုချက်တွေကို တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ဆက်လက်တောင်းဆိုသွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတည်ဆောက်ဖို့၊ စတာတွေပါ၊

မေး။    ။ မြန်မာပြည်မှာ ဘာသာရေး၊ လူမျိုးရေး၊ ဒေသဆိုင်ရာအလိုက် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာ ပြည်တွင်းစစ်မီးအောက်၊ အာဏာရှင်အုပ်ချုပ်မှုအောက်မှာ တောက်လျောက် ရှိခဲ့တယ်။ အခု ဒီအစိုးရအသစ်ပေါ်လာမှ မဟုတ်ဘူး။ အခုဒီအစိုးရတက်လာတော့လည်း ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခတွေ ဖြစ်တယ်။ မြန်မာပြည်တွင်းမှာ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေဟာ အရင်ကထက်ကို ထင်ထင်ရှားရှား နေရာယူပြီး လှုံဆော် ၀ါဒဖြန့်တာတွေ၊ အကြမ်းဖက်တာတွေ ဖြစ်ပွားလာတယ်။ ဒါကို လွှတ်တော်ကို ကြိုတင် ရှုမြင်သုံးသပ်ပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်တာ ကာကွယ်မှုတွေ ပြုလုပ်တာ လုပ်ခဲ့သလား။ လွှတ်တော်ပြင်ပက အစုအဖွဲတွေကနေပြီးတော့ပဲ တပိုင်တနိုင် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် လုပ်ကိုင်ကြရတယ်လို့ ပြောရင် ဘယ်လို သုံးသပ်မလဲ။

ဖြေ။    ။  ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဘက်မှုများနဲ့ ပါတ်သက်ပြီး ကျနော်ကတော့ ဒီလိုအကြံပြုချင်ပါတယ်၊

(၁) ၂၀၁၂ ခုနှစ် မေလ၊ ရခိုင်ပြည်နယ်ကစလို့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြားဒေသများကိုပါ ကူးစက်ပြီး ဒီကနေ့ ရခိုင်ပြည်နယ်မှာ ဆက်ဖြစ်နေတဲ့ အကြမ်းဘက်မှုတွေဟာ အုပ်စုနှစ်ခု၊ အဖွဲ့အစည်းနှစ်ခုရဲ့ ရန်ပွဲမဟုတ်တော့ပါ၊ ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခဖြစ်ပါတယ်၊ ဒါကို ဦးသိန်းစိန်အစိုးရက ဖုံးကွယ်မထားပဲ၊ အုပ်စုများရဲ့ ရန်ပွဲ (Communal Violence) လို့ ခေါင်းစဉ်မလွှဲပဲ ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခအဖြစ် အသိအမှတ်ပြု လက်ခံဖို့လိုအပ်ပါတယ်၊
(၂) ဒီဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခတွေကို ဖန်တီးနေတဲ့ မကောင်းဆိုးဝါးအုပ်စုကြီးတစ်ခုရှိနေကြောင်း ဦးသိန်းစိန်အစိုးရမှ တရားဝင် ထုတ်ဖော်ကြေညာသင့်ပါတယ်၊ ဘာသာရေးကိုခုတုံးလုပ်ပြီး အမုန်းတရားတွေကို ဖြန့်ချိ၊ အကြမ်းဘက်မှုတွေကို ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတဲ့ ဒီမကောင်းဆိုးဝါးအင်အားစုကြီးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးအတွက် အင်မတန်ကြီးမားတဲ့ အနှောက်အရှက်၊ အဟန့်အတားဖြစ်ကြောင်း လူထုကို အသိပေးသင့်ပါတယ်၊
(၃) ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို ဖော်ထုတ်အရေးယူဖို့နဲ့ ဘာသာရေးပဋ္ဋိပက္ခတွေကို ကာကွယ်တားမြစ်နိုင်ဖို့ အထူးလုပ်ငန်းအဖွဲ့ (Special Task Force) တစ်ခုကို ဖွဲ့စည်းသင့်ပါတယ်၊ ဒီအဖွဲ့မှာ သမ္မတကိုယ်တိုင် ယုံကြည်ရွေးချယ်တဲ့ ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာလုံခြုံရေး၊ စသုံးလုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ရှေ့နေချုပ်ရုံး၊ ဗဟိုတရားရုံး၊ စတဲ့ဋ္ဌာနများက လက်ရွေးစင်အရာရှိတွေပါဝင်သင့်ပြီး ဒီအဖွဲ့ဟာ သမ္မတကို တာဝန်ခံသင့်ပါတယ်၊ ဒီအဖွဲ့ကို သမ္မတကိုယ်စားခေါင်းဆောင်ဖို့ သမ္မတရုံးအဖွဲ့က ညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိတစ်ယောက်ကို တာဝန်ပေးသင့်ပါတယ်၊ ဒီအဖွဲ့ဟာ သမ္မတရဲ့ တာဝန်ပေးချက်အရ၊ သမ္မတ နှင်းအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာများနဲ့ ဘာသာရေးပဋ္ဋိပက္ခဖန်တီးသူများကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပြီး သမ္မတကိုပဲ တိုက်ရိုက်အစီရင်ခံရမှာ၊ သမ္မတရဲ့ အမိန့်ကိုပဲ တိုက်ရိုက်နာခံရမှာဖြစ်ပါတယ်၊
(၄) တစ်ချိန်တည်းမှာပဲ သမ္မတအနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်များပါဝင်တဲ့ “ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခများတားဆီးကာကွယ်ရေး အတိုင်ပင်ခံကောင်စီ” တစ်ခုဖွဲ့စည်းသင့်ပါတယ်၊ ဒီကောင်စီက သမ္မတကို ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခများ တားဆီးကာကွယ်ရေးအကြံပေးရမှာ ဖြစ်သလို သူတို့သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများရဲ့ အားနဲ့ လူထုကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊
(၅) ကျနော်တို့တိုင်းပြည်မှာ “နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့” (မဟန) အပေါ် ပြည်သူများနဲ့ သံဃာများက အစိုးရခန့်အဖွဲ့အစည်းတစ်ခုအဖြစ်ပဲ မြင်ကြပါတယ်၊ ဒါကြောင့် မဟန ရဲ့ ဩဇာဟာ သံဃာထုအပေါ် သက်ရောက်မှုမရှိပါ၊ သံဃာထုအပေါ် ဩဇာသက်ရောက်မှုရှိတာက သံဃာ့ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲများ ဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံမှာ ၁၉၈၀ ခုနှစ်ကစလို့ သုဓမ္မာ၊ ရွှေကျင်၊ ငှက်တွင်း စသဖြင့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းပဲ ရှိပါတယ်၊ အဲဒီ ဂိုဏ်းအသီးသီးမှာ သာသနာပိုင်တွေ၊ ဂိုဏ်းချုပ်ဆရာတော်တွေ၊ မဟာနာယကဆရာတော်တွေရှိကြပါတယ်၊ အဲဒီ ဂိုဏ်းအလိုက် သံဃာအကြီးအကဲများကို သမ္မတကိုယ်တိုင်ကဖြစ်စေ၊ သမ္မတရဲ့ အတိုင်ပင်ခံကောင်စီကဖြစ်စေ ချဉ်းကပ်ပြီး သက်ဆိုင်ရာ ဂိုဏ်းအလိုက် ဂိုဏ်းဝင်သံဃာများကို စည်းကမ်းထိန်းသိမ်းကြဖို့ လျှောက်ထားသင့်ပါတယ်၊ အမုန်းတရားကို ဟောပြောဖြန့်ချီနေတဲ့ သံဃာအချို့ရဲ့ ဟောပြောချက်တွေနဲ့ပါတ်သက်ပြီး သက်သေ အထောက်အထားတွေရှိပါတယ်၊ သူတို့ဟောတဲ့ စီဒီခွေတွေ၊ ဗီဒီယိုတွေ၊ စာရွက်စာတမ်းတွေ၊ အဲဒီအထောက်အထားတွေကို ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ပြပြီး သက်ဆိုင်ရာဂိုဏ်းအလိုက် စည်းကမ်းများနဲ့ အရေးယူဖို့ လျှောက်ထားသင့်ပါတယ်၊ အဲဒီလို လျှောက်ထားတာကို ပြည်သူတွေသိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်၊
(၆) တစ်ချိန်တည်းမှာပဲ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များကိုလည်း သူတို့ရဲ့ ဘာသာဝင်များအနေနဲ့ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ကြဖို့ တိုက်တွန်းစေသင့်ပါတယ်၊ သံတွဲမြို့၊ သဗြုချိုင်ရွာမှာဖြစ်တဲ့ ပဋ္ဋိပက္ခမှာ အစ္စလမ်ဘာသာဝင် ကမန်လူမျိုးတစ်ယောက်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းရာကစတင်တယ်လို့ သိရပါတယ်၊ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များကိုယ်တိုင်မှာလည်း သူတို့ဘာသာဝင်တွေကို ဒေါသကို ဒေါသနဲ့ မတုန့်ပြန်အောင်ထိန်းသိမ်းဖို့၊ သူတို့ကိုယ်တိုင်က ပဋ္ဋိပက္ခကို မစမိအောင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်၊ အထူးသဖြင့် ဗလီတွေထဲမှာ လက်နက်တွေ စုဆောင်းသိုလှောင်တာမျိုးတွေမလုပ်ကြဖို့၊ အကြမ်းမဘက်ကြဖို့ ၊  အစ္စလမ်ဘာသာရေးကျောင်းတွေမှာ ရခိုင်မုန်းတီးရေး၊ ဗုဒ္ဓဘာသာမုန်းတီးရေးတွေ မသင်ကြားကြဖို့၊ မွတ်ဆလင်အစွန်းရောက်များနဲ့ မဆက်သွယ်ကြအောင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်၊
(၇) ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးတွေကို ကလေးနှစ်ယောက်ထက်ပိုမယူရဘူးလို့ အမိန့်ထုတ်တာဟာ နိုင်ငံတကာအမြင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်၊ တကယ်ဖြစ်သင့်တာက မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ မယားပြိုင်စနစ်ကို ပိတ်ပင်ပြီး တစ်လင်တစ်မယားစနစ်ကို ဥပဒေပြဋ္ဌန်းရမှာပါ၊ အမေရိကန်ပြည်ထောင်စုမှာ အစ္စလမ်ဘာသာကိုးကွယ်သူတွေ သန်းပေါင်းများစွာရှိပါတယ်၊ ဒါပေမည့် ဘာသာတရားက ခွင့်ပြုလို့ ဆိုပြီး မိန်းမ ၄ ယောက် တစ်ပြိုင်တည်းယူခွင့်မရှိပါ။ အမေရိကန်ပြည်ထောင်စုမှာ အိမ်ထောင်ဘက်တစ်ယောက်ထက်ပိုယူရင် ရာဇဝတ်မှုမြောက်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ မြန်မာဗုဒ္ဓဘာသာတွေကိုယ်တိုင်က မယားပြိုင်စနစ်ခွင့်ပြုထားတာကို အခွင့်ကောင်းယူပြီး မိန်းမတွေအများကြီးယူနေကြသူတွေရှိပါတယ်၊ ဒါကြောင့် ရခိုင်က ဘင်္ဂါလီတွေကိုပဲ ကလေးနှစ်ယောက်ထက်ပိုမယူရလို့ ကန့်သတ်တာ မတရားပါ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မယားပြိုင်စနစ်ကို ဖျက်သိမ်းပြီး တလင်တမယားစနစ်ကိုပဲ ဥပဒေ ပြဋ္ဌန်းသင့်ပါတယ်၊
(၈) ရိုဟင်ဂျာရှိ၊ မရှိ ပြဿနာဟာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကွယ်သွားမှာမဟုတ်ပါ၊ နောက် နှစ်ပေါင်းများစွာတည်ရှိနေပြီး ကျနော်တို့နိုင်ငံကို အမြဲတမ်းခြောက်လှန့်နေမှာပါ၊ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ဘယ်လောက်ပဲ ငြင်းငြင်း အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ရှိတယ်လို့ ယုံကြည်နေကြတာပါ၊ ဒီပြဿနာကို ဒီအတိုင်းမထားပဲ “ဆွေးနွေးပွဲ” (Dialogue) ပုံစံနဲ့ ဖြေရှင်းသင့်ပါတယ်၊ ရိုဟင်ဂျာရှိကြောင်း သက်သေပြနိုင်တယ်ဆိုတဲ့ပညာရှင်တွေ၊ ရိုဟင်ဂျာမရှိကြောင်း သက်သေပြနိုင်တယ်ဆိုတဲ့ပညာရှင်တွေ၊ နိုင်ငံတကာ ပထဝီနိုင်ငံရေး (Geo-politics ) နဲ့ သမိုင်းပညာရှင်တွေပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပပြီး ဖြေရှင်းသင့်ပါတယ်၊
(၉) ရိုဟင်ဂျာလို့ အသိအမှတ်မပြုရင်တောင်မှ ဒီလူတွေဟာလည်း လူသားတွေပါ၊ ကိုယ့်နိုင်ငံထဲကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရောက်နေတဲ့ ဒီလူတွေကို လူသားအဖြစ်ဆက်ဆံဖို့၊ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ ရရှိစေဖို့ အစိုးရမှာ တာဝန်ရှိပါတယ်၊ သူတို့ရဲ့ ဒုက္ခသည်စခန်းတွေမှာ လုံခြုံဖို့၊ သန့်ရှင်းဖို့၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလိုအပ်ချက်တွေ ပြည့်စုံဖို့ဆိုတာ အစိုးရရဲ့ တာဝန်ပါ၊ သူတို့ဘဝတွေကို ဖျက်ဆီးခဲ့တဲ့၊ သူတို့ဆွေမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့၊ သူတို့အိမ်ခြေတွေကို မီးရှို့ခဲ့တဲ့၊ သူတို့ပိုင်ဆိုင်မှုတွေကို လုယက်ခဲ့တဲ့ အပြစ်ကျူးလွန်သူတွေကို တရားဥပဒေအရ ပြတ်ပြတ်သားသား အရေးယူဖို့ဆိုတာ အစိုးရရဲ့ တာဝန်ပါ၊ အဖြူရောင်ကဒ် (White Card) ကိုင်ထားတဲ့ လူ ရှစ်သိန်းကျော်လောက်ထဲမှာ နိုင်ငံသားဖြစ်ထိုက်တဲ့လူတွေအများကြီးရှိမှာပါ၊ အဲဒီလူတွေ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရဖို့နဲ့ နိုင်ငံတဝှမ်းမှာ လွတ်လပ်စွာအခြေချနေထိုင်ခွင့်ပေးဖို့ဆိုတာ အစိုးရရဲ့ တာဝန်ပါ၊ အရေးအကြီးဆုံးက သူတို့ကို ဒီတိုင်းပြည်မှာ မထားနိုင်ဘူးဆိုလို့လည်း တခြား ဘယ်နိုင်ငံကမှ ခေါ်ယူလက်ခံမှာ မဟုတ်ပါ၊

မေး။    ။ ဟုတ်ကဲ့ပါ ကိုအောင်ဒင်။ အချိန်ယူပြီး ဖြေကြားပေးတဲ့အတွက် မိုးမခက ကျေးဇူးတင်ပါတယ်။
(Photo – ၂၀၁၂ စက်တင်ဘာ၊ ၁၈၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်လွှတ်တော်အဆောက်အဦအတွင်း)