BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Monday, November 23, 2015

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း (7 Day Daily)

‘‘အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတော့ ဖြစ်လာနိုင်တယ်’’

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း
http://www.7daydaily.com/story/50118

ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဖြစ် လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခြေ အနေကို ဘယ်လိုခန့်မှန်းထားပါသလဲ။

ကျွန်တော်အခုကြည့်တာ ခန့်မှန်းခြေလေးမျိုးရှိတယ်။ ပထမခန့်မှန်းခြေကတော့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုအနိုင်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုတဲ့ ဒုတိယသမ္မတလောင်းတစ်ယောက်ကို တင်သွင်းနိုင်မယ်။ ကြံ့ခိုင်ရေးကကျတော့ လွှတ်တော်
နှစ်ရပ်စလုံးမှာ အများစုမရဘူး။ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ နောက်တစ်ခါ ကြံ့ခိုင်ရေးနှင့် မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတွေပေါင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကိုရမယ်။
ဒါပေမဲ့ ဒုသမ္မတလောင်းတစ်ယောက်ကိုတော့ တိုင်းရင်းသားပါတီတွေက ရွေးချယ်နိုင်လိမ့်မယ်ထင်တယ်။ ကြံ့ခိုင်ရေးရဲ့သမ္မတလောင်းက သီးခြားမဟုတ်ဘဲ တပ်နဲ့တွဲပြီး တပ်ရဲ့ကိုယ်စား လှယ်အဖြစ် တင်ရမယ့်သဘော ဖြစ်သွားမယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့ဗျာ။ သမ္မတလောင်းအနေနဲ့ကတော့ NLD က သမ္မတလောင်းတစ်ယောက်။ တိုင်းရင်းသားပါတီတွေက သမ္မတလောင်းတစ်ယောက်နဲ့ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ပေါင်းပြီး သမ္မတလောင်း တစ်ယောက်ပေါ့။ အဲဒီ သမ္မတလောင်းတစ်ယောက် ရွေးတဲ့အခါမှာတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ပေါင်းထားတဲ့ သမ္မတလောင်းက
သမ္မတနေရာကို ရလိမ့်မယ်လို့ထင်တယ်။ ဒါကတော့ ပထမခန့်မှန်းချက်ပေါ့။

ဒုတိယခန့်မှန်းချက်က NLD က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုရမယ်။ ဒါပေမဲ့လည်း သမ္မတလောင်းတင်နိုင်တဲ့ အနေအထားတို့၊ လွှတ်တော်ဥက္ကဋ္ဌနေရာရနိုင်တဲ့ အနေအထားမရှိဘူး။ ဒီချုပ်က
လွှတ်တော်နှစ်ရပ်မှာ နေရာအများစုရမယ်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌဖြစ်နိုင်တဲ့ အရေအတွက်လည်း မဟုတ်ဘူး။သမ္မတလောင်းတင်နိုင်တဲ့ အရေအတွက်လည်းမဟုတ်ဘူး။ ကြံ့ခိုင်ရေးကပဲသမ္မတရာထူးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးကရမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုခုက ရမယ်။ ဒါဒုတိယခန့်မှန်းချက်ပေါ့။

တတိယခန့်မှန်းချက်ကကျတော့ဒီချုပ်အားကောင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ နောက်ဒီချုပ်ခေါင်းဆောင် တစ်ယောက်ကိုလည်း ပြည်သူ့လွှတ်တော်ကဒုသမ္မတလောင်း တစ်ယောက်အဖြစ် တင်သွင်းနိုင်မယ်။ အမျိုးသား လွှတ်တော်မှာကျတော့ ဒီချုပ်က နေရာအများစုရမယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေး၊ တပ်နဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရမယ်။ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ပဲ ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ခံရမယ်။
အဲဒီတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိက အတိုက်အခံပါတီဖြစ်လာမယ်ပေါ့။ သမ္မတရွေးကောက်ပွဲမှာတော့ ဒီချုပ်သမ္မတလောင်းက မဲအများဆုံးနဲ့ သမ္မတဖြစ်လာနိုင်တယ်။ ကြံ့ခိုင်ရေးနဲ့
တိုင်းရင်းသား ကိုယ်စားလှယ်က ဒုသမ္မတဖြစ်လာနိုင်တယ်။

ခန့်မှန်းချက်လေးကတော့ ဒီချုပ်အတွက် အကောင်း ဆုံးပေါ့။ လွှတ်တော်နှစ်ရပ်စလုံး ဥက္ကဋ္ဌရာထူးကိုလည်း ဒီချုပ်ကရမယ်။ သမ္မတရာထူးကိုလည်း ဒီချုပ်ကရမယ်ဆိုတော့ လွှတ်တော် ဥက္ကဋ္ဌအာဏာတွေရော၊ သမ္မတအာဏာတွေရော ဒီချုပ်ကလွှမ်းမိုးပိုင်ဆိုင်နိုင်မယ့် အနေအထားပေါ့။

ခန့်မှန်းချက် (၁)ကနေ (၄)အထိ မှာ(၁)ကဖြစ်နိုင်ခြေအရှိဆုံးပေါ့။ (၄)က ဖြစ်နိုင်ခြေအနည်းဆုံးပေါ့။

ဘယ်လိုအချက်တွေအပေါ် အခြေခံပြီး အဲဒီလိုခန့်မှန်းချက်တွေ ရလာတာလဲခင်ဗျ။

နိုင်ငံရေးပါတီပေါင်း ကိုးဆယ်ကျော်ရှိတယ်။ အဲဒီအထဲမှာ မဲဆန္ဒနယ် အားလုံးနီးပါးကို ဝင်ပြိုင်တဲ့ ပါတီကြီးကနှစ်ခုပဲရှိတယ်။  ကြံ့ခိုင်ရေးနဲ့ဒီချုပ်ပေါ့။ သူတို့ နောက်မှာ တတိယလိုက်တာက တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ၊တစညပေါ့။ ဒါတောင်မှ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ရာကျော်ပဲ ဝင်ပြိုင်တာ။ ပြိုင်ရမယ့် နေရာပေါင်း ၁,၁၇၁ နေရာရှိတာမှာ ကြံ့ခိုင်ရေးနဲ့ ဒီချုပ်ကသာလျှင်
နေရာပေါင်း ၁,၁၃၀ ကျော် ၄၀ နီးပါး ပြိုင်နိုင်ကြတယ်ပေါ့။ ဒီပါတီနှစ်ခုရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ သူတို့ဘယ်လောက် အထိ စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်တာပေါ့။ အဲဒီအခါမှာ တစ်က လွှတ်တော်
ကိုယ်စားလှယ် အရေအတွက်၊ မဲပေးနိုင်မယ့် လူဦးရေ အရေအတွက်၊ ပါတီကြီးနှစ်ခုရဲ့ အင်အား အဲဒါတွေကို ကြည့်တယ်။ နောက်တစ်ခုကကျတော့ သက်ဆိုင်ရာဒေသတွေမှာ တပ် မြေတွေရှိတယ်။ စစ်တပ်အား ကောင်းတဲ့နေရာတွေရှိတယ်။ နောက် စစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကနေ အမည်ပြောင်းပြီး စစ်တပ်နဲ့ မဟာမိတ်
လုပ်ထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒါတွေပါ ထည့်တွက်တာပေါ့။ နောက်တစ်ခုက တပ်က နဂိုရှိပြီးသား ၂၅ ရာ ခိုင်နှုန်း အဲဒါတွေလည်း ထည့်တွက်တာပေါ့။ အဲဒီအချက်အလက်တွေကို ကျွန်တော်အခြေခံပြီး
စဉ်းစားတယ်။ နောက်တစ်ခုကကျတော့ ဒီပါတီကြီးနှစ်ခုစလုံး ဘယ်လောက်ပဲ အားကောင်းသည် ဖြစ်စေ ပြည်နယ်ခုနစ်ခုမှာ ဒီပါတီကြီး နှစ်ခုရဲ့ အခန်းကဏ္ဍက အတော်နည်းလိမ့်မယ်။ ပြည်နယ်တွေမှာ
တိုင်းရင်းသားပါတီတွေက တတ်နိုင်သလောက် အားကောင်းမောင်းသန်ပြိုင်ကြမှာကို။ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ကိုးဆယ်ကျော်မှာလည်း တိုင်းရင်းသားပါတီက ခြောက်ဆယ်ကျော်ရှိတယ်။

အဲဒီအထဲမှာမှ သက်ဆိုင်ရာ ပြည်နယ်တစ်ခုလုံးကို ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ကိုးပါတီပဲရှိ တယ်။ ကျန်တဲ့ပါတီတွေက နေရာနည်းနည်းပဲ ပြိုင်နိုင်ကြတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပါတီကြီးနှစ်ခုကိုပဲ ကြည့်တော့တယ်။ ပြည်နယ်တွေအတွက်ဆို ခုနက ပါတီကိုးခုကိုပဲ ကြည့်တော့တယ်။ အဲဒီအခါမှာ ခုနက ခန့်မှန်းချက်တွေ ထွက်လာတာပေါ့။

တကယ်လို့ ခန့်မှန်းတဲ့ထဲက ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အခြေအနေအတိုင်းဖြစ်သွားရင် မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။

ကျွန်တော်ထင်တာကတော့ ဘယ်ပါတီနိုင်နိုင်ကောင်းဖို့ပဲရှိပါတယ်။ ပြည်ခိုင်ဖြိုးနိုင်တယ်ဆိုရင်လည်း လက်ရှိပေးထားတဲ့ ကတိအတိုင်း ပြောင်းလဲမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ကတိတွေ ဆက်ပြီး
အကောင်အထည်ဖော်မှာပဲ။ ဖော်အောင်လည်း လူထုနဲ့မဲဆန္ဒရှင်တွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်ပြီးတွန်းအားပေးနေကြရမှာပဲ။ အလားတူ ဒီချုပ်နိုင်ရင်လည်း တစ်လျှောက်လုံးမတရားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပါတီအနေနဲ့ သူအာဏာရရင်လည်း မတရားမှုတွေ ချုပ်ငြိမ်းဖို့ ကြိုးစားမှာပဲ။ အဲဒီအခါကျရင်လည်း အကောင်းဘက်ကို ဦးတည်မှာပဲ။

တကယ်လို့ ရလဒ်တစ်ခုခုပေါ် ပါတီတွေကို ထောက်ခံတဲ့သူတွေ နဲ့ ပါတီအောက်ခြေက လူတွေက မကျေနပ်လို့ အုံကြွမယ်ဆိုရင်ဘာ တွေဖြစ်လာမလဲ။

အဲဒါတော့ ကျွန်တော်စိတ်ပူတယ်။ အဲဒါက အများကြီးဖြစ်နိုင်တယ်။ အောက်ခြေမှာ အလံထောင်ပြီး စည်းရုံးနေကြတဲ့ ဘက်နှစ်ဖက်ပေါ့။ သူတို့ ထိပ်တိုက်တွေ့တာမျိုးဖြစ်သွားနိုင်တယ်။ တစ်ခုတော့
ရှိတာပေါ့။ ရွေးကောက်ပွဲပြီးမှာက နိုဝင်ဘာ ၈ ရက်။ တစ်နိုင်ငံလုံးရဲ့ ရလဒ်တွေသိရဖို့က တစ်ပတ်နဲ့ နှစ်ပတ်ကြား ကြာဦးမယ်။ ရလဒ်ကိုသိပြီးတာတောင် လွှတ်တော်ဥက္ကဋ္ဌဖြစ်ခြင်း၊ မဖြစ်ခြင်း၊ သမ္မတဖြစ်ခြင်း၊မဖြစ်ခြင်းက တစ်လ၊ နှစ်လလောက်ကြာဦးမယ်။ ကြားထဲမှာ လူထုကို cool down ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ အဲဒါကတော့ ပါတီခေါင်းဆောင်တွေအပေါ် မူတည်တယ်။ ပါတီခေါင်းဆောင်တွေကရတဲ့ရလဒ်ကို လက်ခံပြီး သူတို့ ပါတီဝင်တွေကို ဖျောင်းဖျပေးနိုင်မယ်ဆိုရင်တော့ ပဋိပက္ခတွေကို ရှောင်လွှဲနိုင်မယ်။

တကယ်လို့ ပြည်ခိုင်ဖြိုး အပြည့်အဝပြန်နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ကျွန်တော်ထင်တယ်ဗျ။ ပြည်ခိုင်ဖြိုးက အပြည့်အဝတော့ မနိုင်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနည်းဆုံးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ဆိုရင် လေးရာ့လေးဆယ်
ရှိတဲ့ လွှတ်တော်မှာ အနည်းဆုံး နှစ်ရာ့နှစ်ဆယ်တော့ ရှိဖို့လိုတယ်။ အဲဒီတော့ ခုနက တိုင်းလေးခုမှာ အားကောင်းတယ်၊ တိုင်းလေးခုပေါင်းရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ရာသုံးဆယ့်ငါးနေရာရှိတယ်။ မန္တလေး တစ်ဝက်လောက် ထည့်တွက်လိုက်၊ ဧရာဝတီတို့၊ တနင်္သာရီတို့လည်း အားမကောင်းဦးတော့ တချို့တစ်ဝက်နိုင်မှာပဲ။ ဆိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ရနိုင်တဲ့ မဲနှစ်ရာကျော် လောက်ကတော့ ဒီချုပ်ကရနိုင်တယ်။ အဲဒီအခါကျတော့ ဖြစ်နိုင်တဲ့ အလားအလာက ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်မယ်။ ဒုတိယသမ္မတ တစ်နေရာတင်နိုင်မယ်။ ဒီအဆင့်လောက်တော့ ဖြစ်မယ်ထင်တယ်။ အဲဒီလောက်ကိုတော့ ကြံ့ခိုင်ရေးနဲ့ တပ်က လက်ခံလိမ့်မယ်ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားရင် တစ်ချိန်မှာ သူက ပြည်ထောင်စု လွှတ်တော်နာယကဖြစ်လာမှာပဲ။ အဲဒီအချိန်မှာ အစိုးရနဲ့ လွှတ်တော် ထိပ်တိုက်တွေ့မှုတွေ ပိုဖြစ်လာနိုင်မလား။

ဖြစ်တော့ဖြစ်မှာပဲ။ အဲဒါမှပဲ တကယ့်ပါလီမန်ဖြစ်လာမှာပဲ။ လက်ရှိလွှတ်တော်မှာ အတိုက်အခံမရှိဘူး။ အတိုက်အခံရှိခြင်းဟာ ပါလီမန်စနစ်မှာ ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ လွှတ်တော်ထဲမှာ အာဏာရနဲ့ အတိုက်အခံကြားမှာ ထိပ်တိုက်တွေ့ဆုံ ခြင်းတွေဖြစ်လာနိုင်တယ်။ ဖြစ်လာတာက ကောင်းတယ်လို့ ယူဆရမယ်။ ဒါမှလည်း ပါတီစုံဒီမိုက ရေစီစနစ်က ပိုပြီးတော့ အသက်ဝင်လာမယ်။

တကယ်လို့ ဒီချုပ်နိုင်သွားပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ဒီချုပ်မဲဆွယ်သလောက် လုပ်နိုင်ပါ့မလား။

အဲဒါကတော့ ရိုးရိုးသားသားပြောရင် သံသယရှိတယ်။ အဲဒီမှာဗျာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတစ်ခု ကျွန်တော်သဘောမကျဘူး။ ပါတီအလံကိုပဲကြည့်ပြီး မဲပေး၊ သူ့လူတွေမကောင်းရင်
သူတာဝန်ယူတယ်လို့ ပြောခဲ့တယ်။ တကယ့် လက်တွေ့ကျတော့ ကိုယ်စားလှယ်တစ်ယောက်စည်းကမ်းဖောက်ရင် ပါတီကနေပဲ ထုတ်ပစ်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားလို့မရဘူး။
အခုပြဿနာက ဒီလူတွေကို လူထုက ပါတီအလံ ကြည့်ပြီး မဲပေးလိုက်မယ်။ လူမကောင်းမှန်းသိရက်နဲ့၊ မယုံကြည်ရ မှန်းသိရက်နဲ့ မဲပေးလိုက်မယ်။ တစ်ချိန် ဒီလူတွေက ပိုဖောက်လာရင် ပါတီရဲ့ လုပ်နိုင်စွမ်းက
ပါတီက ထုတ်ပစ်ရုံပဲ။ အဲဒီအခါကျတော့ လူထုက မကောင်းတဲ့လွှတ်တော်ကိုယ်စားလှယ်ကို ငါးနှစ် ဒဏ်ခံရမှာပေါ့။ အဲဒါတော့ ကျွန်တော်မကြိုက်ဘူး။ လက်တွေ့မှာလည်း အဲဒါမျိုးရှိနိုင်တယ်။

ထပ်ဖြည့်ပြောချင်တာများ ရှိပါသေးလား။

ကျွန်တော်က အပြင်လူပါ။ အခုပြောတာအားလုံးက အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ပြောတာပါ။ တတ်နိုင်သလောက် အချက်အလက်တွေကို လေ့လာပြီးပြောတာပါ။ ကျွန်တော်တို့က အဆိုးတွေ တော်တော်များများကို ဖြတ်ခဲ့ပြီးပြီ။ ဒါကြောင့် နောက် လာမယ့်အခြေအနေမှာ အကောင်းတွေပဲဖြစ်စေချင်တယ်။ ပြည်သူလူထုအတွက်ကတော့ နောက်ဘယ်ပါတီအစိုးရပဲဖြစ်ဖြစ်
ကောင်းအောင်လုပ်မှာပဲ။ သူတို့တာဝန်ကျေလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ ပြည်သူက ဒဏ်ခတ်မှာပဲ။

ကျေးဇူးတင်ပါတယ်။






၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း (ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)


၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း

အောင်ဒင်
(ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)

#ပါတီအင်အားနှိုင်းယှဉ်ချက်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီ ၉၃ ခုမှ ကိုယ်စားလှယ်လောင်းများနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စုစုပေါင်း ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်တို့ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၇၃ နေရာ၊ စုစုပေါင်း ၁၁၇၁ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအရေအတွက်က များလွန်းတယ်လို့ ထင်ရပေမယ့် ပါတီအသီးသီးက ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းများရဲ့ အရေအတွက်နဲ့ မဲဆန္ဒနယ်အရေအတွက်ကို လေ့လာကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြမယ့် အဓိကပါတီကြီးနှစ်ခုပဲ ရှိတာတွေ့ရပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ကိုယ်စားလှယ်လောင်း ၁၁၃၄ ယောက်နဲ့ ထိပ်ဆုံးမှာရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) က ကိုယ်စားလှယ်လောင်း ၁၁၃၀ နဲ့ ဒုတိယလိုက်ပါတယ်။ ဒီပါတီကြီး နှစ်ခုရဲ့နောက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ်လောင်း ၇၆၃ ဦးနဲ့ တတိယလိုက်ပြီး အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၃၅၄ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုက ကိုယ်စားလှယ်လောင်း ၂၇၄ ဦး၊ မြန်မာလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၆၈ ဦးနဲ့ ခပ်လှမ်းလှမ်းက စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ နေရာများမှာ ရှိနေကြပါတယ်။ တိုင်းရင်းသားပါတီများထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က  ကိုယ်စားလှယ်လောင်း ၂၁၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က  ကိုယ်စားလှယ်လောင်း ၁၅၆ ဦး၊ ကရင်ပြည်သူ့ပါတီ (KPP) က  ကိုယ်စားလှယ်လောင်း ၁၂၂ ဦးရှိပြီး သတ္တမ၊ အဋ္ဌမ၊ နဝမ နေရာများမှာ ရှိပါတယ်။ ဒီပါတီကြီး ကိုးခုက လွဲရင် ကျန်တဲ့ပါတီများက  ကိုယ်စားလှယ်လောင်း အရေအတွက် ၁၀၀ အောက်မှာသာ ယှဉ်ပြိုင်နိုင်ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲဆိုတာ တစ်နိုင်ငံလုံးအနှံ့မှာ အင်တိုက်အားတိုက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးများရဲ့ နိုင်ငံရေးတိုက်ပွဲကြီးဖြစ်တာမို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပါတီကြီးနှစ်ခုကပဲ နိုင်ငံလုံးဆိုင်ရာ အာဏာများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတရာထူးနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များရဲ့ ဥက္ကဋ္ဌရာထူးများ ရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

ပါတီကြီးများက ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်အာဏာများ ရရှိရေးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်သလို တိုင်းရင်းသားပါတီအများစုကလည်း သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်လွှတ်တော်ကို အင်အားအများစုနဲ့ ဦးဆောင်နိုင်ရေးအတွက် ရည်ရွယ်ယှဉ်ပြိုင်ကြမှာပါ။ ဒါပေမယ့်လည်း တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်နဲ့ မဲဆန္ဒနယ်မြေများကို လေ့လာကြည့်တဲ့အခါ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာများအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ၉ ပါတီပဲရှိတာ တွေ့ရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၁၈ နေရာ၊ စုစုပေါင်း ၃၉ နေရာရှိပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) က ချင်းပြည်နယ် တစ်ခုလုံးအပြင် အခြားဒေသအချို့အပါအဝင် စုစုပေါင်း ၅၇ နေရာ ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ချင်းပြည်နယ်အတွင်း ၂၉ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာ၊ စုစုပေါင်း ၃၆ နေရာရှိပါတယ်။ ကရင်ပြည်သူ့ပါတီက ကရင်ပြည်နယ် နေရာအားလုံးအပြင် အခြားဒေသများမှာပါ စုစုပေါင်း ၁၂၂ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကလည်း ကရင်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၄၆ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၃ နေရာ၊ စုစုပေါင်း ၄၅ နေရာရှိပြီး မွန်အမျိုးသားပါတီ (MNP) က မွန်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာ၊ စုစုပေါင်း ၆၄ နေရာရှိပြီး ရခိုင်အမျိုးသားပါတီ (ANP) က ၎င်းနေရာအားလုံးအပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၇၈ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၁၇ နေရာ၊ စုစုပေါင်း ၁၈၄ နေရာရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာပါ စုစုပေါင်း ၂၁၁ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာ စုစုပေါင်း ၁၅၆ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၄၀ နေရာ၊ စုစုပေါင်း ၇၀ နေရာရှိပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) က ကချင်ပြည်နယ်အတွင်း စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားပါတီ ၉ ခုကလွဲရင် ကျန်တဲ့ တိုင်းရင်းသားပါတီများဟာ နေရာအနည်းငယ်မှာသာ ယှဉ်ပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အထက်ပါ ပါတီအင်အားနှိုင်းယှဉ်လေ့လာချက်များအရ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ၉၀ ကျော်ထဲမှာ နိုင်ငံတစ်ဝှမ်းအတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုအဆင့်ပါတီကြီး နှစ်ခုနဲ့ ပြည်နယ်အဆင့် အားကောင်းမောင်းသန်ယှဉ်ပြိုင်နိုင်မယ့် တိုင်းရင်းသားပါတီကြီး ၉ ခုသာ ရှိပြီး ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးရလဒ်များဟာ ၎င်းပါတီ ၁၁ ခုရဲ့ စည်းရုံးလှုံ့ဆော်နိုင်စွမ်းများရဲ့ သက်ရောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ် ပါတီကြီးနှစ်ခုရဲ့ ပြည်ထောင်စုအဆင့်အာဏာရရှိရေး ယှဉ်ပြိုင်ပွဲကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုံးကို ပိုင်ဆိုင်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲမှာ (အနည်းဆုံး ပြည်နယ်များမှာ) အရွေးခံရနိုင်တဲ့ တိုင်းရင်းသားပါတီများက အရေးပါတဲ့အခန်းကဏ္ဏမှာ တည်ရှိနေပါတယ်။ ဒီပါတီကြီး ၁၁ ခုရဲ့ စည်းရုံးလှုပ်ရှားပုံတွေကို ဒေသအလိုက် လေ့လာသုံးသပ်ပြီး ရွေးကောက်ပွဲရလဒ်ကို အောက်ပါအတိုင်း ပုံစံ (၄) မျိုး ခန့်မှန်းကြည့်မိပါတယ်။   

#ခန့်မှန်းချက် (၁)

ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ဒီချုပ်က အခြားပါတီများထက်စာရင် နေရာအများစုရပေမယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိ၊ ဒုသမ္မတလောင်းတစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိတော့ အများစုနေရာမရပါ။ ဒါကြောင့်မို့ ဒီချုပ်က ပြည်သူ့လွှတ်တော်ကပဲ ဒုသမ္မတလောင်းတစ်ယောက်တည်း ရွေးချယ်တင်သွင်းနိင်ပါတယ်။

ပြည်ခိုင်ဖြိုးက အနိုင်ကြီးမနိုင်သလို အရှုံးကြီးလည်း မရှုံးပါ။ ဒါပေမည့် ဒုသမ္မတလောင်း တစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်တင်မြှောက်နိုင်စွမ်းမရှိပဲ တပ်မတော်နဲ့ ညှိနှိုင်းပြီး တပ်မတော်အစုအဖွဲ့ကနေပဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ကို ပူးတွဲကိုယ်စားပြုမယ့် ဒုသမ္မတလောင်းတစ်ယောက်ကို ရွေးချယ်တင်သွင်းနိုင်ပါတယ်။ တပ်မတော်ကိုယ်စားလှယ်များအပြင် တိုင်းရင်းသားပါတီအချို့နဲ့ မဟာမိတ်ဖွဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရာထူးကို ရရှိပါတယ်။ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများက တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ကြပါတယ်။

သမ္မတရွေးကောက်ပွဲမှာတော့ တပ်မတော်အစုအဖွဲ့က တင်သွင်းတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကို ကိုယ်စားပြုသူ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က မဲအများဆုံးရလို့ သမ္မတအဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒီချုပ်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်က တင်သွင်းတဲ့ တိုင်းရင်းသားခေါင်းဆောင်က ဒုသမ္မတများ ဖြစ်လာကြပါတယ်။ ပြည်ခိုင်ဖြိုးသမ္မတက ရွေးချယ်ခန့်အပ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဝန်ကြီးချုပ်အများစုဟာ ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်ပြီး ပြည်နယ်အချို့မှာတော့ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်အချို့က ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်လာပါတယ်။
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များမှာတော့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းလွှတ်တော်များမှာ ဒီချုပ်က အင်အားအများစုနဲ့ ဦးဆောင်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက တပ်မတော်၊ တိုင်းရင်းသားမဟာမိတ်များရဲ့ ပူးပေါင်းမှုနဲ့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်များ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်လွှတ်တော်များကို ဦးဆောင်နိုင်ပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်များကိုတော့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများက ပါတီပေါင်းစုဖွဲ့ပြီး ဦးဆောင်နိုင်ကြပါတယ်။

#ခန့်မှန်းချက် (၂)

ဒီချုပ်က လွှတ်တော် နှစ်ရပ်စလုံးမှာ အင်အားအကြီးမားဆုံးပါတီ ဖြစ်လာပါတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုသမ္မတလောင်းများကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်သွင်းနိုင်တဲ့ အထိတော့ အများစုနေရာမရပဲ လွှတ်တော်တွင်း အဓိက အတိုက်အခံပါတီသာ ဖြစ်လာပါတယ်။

ပြည်ခိုင်ဖြိုးက တပ်မတော်ကိုယ်စားလှယ်များ၊ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီများရဲ့ အထောက်အကူပြုမှုနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ လူများစုပါတီဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်တင်မြှောက်နိုင်ပြီး ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုရဲ့ ခေါင်းဆောင်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများစုပေါင်းပြီး ပြည်သူ့လွှတ်တော်ကနေ ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို၊ အမျိုးသားလွှတ်တော်ကနေ ပြည်ခိုင်ဖြိုးရဲ့ မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို၊  ဒုသမ္မတလောင်းများအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က သမ္မတဖြစ်လာပြီး အမျိုးသားလွှတ်တော်က တင်သွင်းသူ တိုင်းရင်းသားခေါင်းဆောင်နဲ့ တပ်မတော်မှ အမည်တင်သွင်းသူက ဒုသမ္မတများ ဖြစ်လာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များရွေးချယ်တင်မြှောက်မှုက အထက်ပါ ခန့်မှန်းချက် (၁) အတိုင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကလည်း ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။    

#ခန့်မှန်းချက် (၃)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီခေါင်းဆောင်တစ်ဦးကိုလည်း ဒုသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ဒီချုပ်က နေရာအများစုအနိုင်ရပေမယ့် ပြည်ခိုင်ဖြိုး၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီအချို့ပေါင်းစုပြီး တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ယောက်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီအချို့ ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိကအတိုက်အခံပါတီ ဖြစ်လာပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဒီချုပ်ကိုယ်စားလှယ်က မဲအများဆုံးရပြီး သမ္မတဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နဲ့ တပ်မတော်ကိုယ်စားလှယ်က ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများရဲ့ ဝန်ကြီးချုပ်များဟာလည်း ဒီချုပ်ပါတီကပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ခန့်မှန်းချက် (၄)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်၊ ဒီချုပ်ပါတီဝင် တိုင်းရင်းသားတစ်ဦးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီဝင်နှစ်ယောက်ကို ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ အဓိကအတိုက်အခံပါတီ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲအတွက် ဒီချုပ်ကိုယ်စားလှယ်နှစ်ဦးနဲ့ တပ်မတော်မှ အမည်တင်သွင်းသူတစ်ဦးတို့ ယှဉ်ပြိုင်ရာမှာ ဒီချုပ်ကိုယ်စားလှယ်တစ်ဦးက သမ္မတအဖြစ် ရွေးချယ်ခံရပြီး ကျန်နှစ်ဦးက ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ရွေးချယ်ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကလည်း ဒီချုပ်ပါတီဝင်များပဲ ဖြစ်ကြပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ဖြစ်နိုင်ချေ အနိမ့်အမြင့် နှင့် အဆုံးအဖြတ်မဲများ

အထက်ပါ ခန့်မှန်းချက် (၄) ခုဟာ စာရေးသူရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်များသာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်တွေကို ထပ်မံခွဲခြားရရင် ခန့်မှန်းချက် (၁) ကို ဖြစ်နိုင်ချေ အများဆုံးနဲ့ နံပါတ်စဉ်အတိုင်း ခန့်မှန်းချက် (၄) ကို ဖြစ်နိုင်ချေအနည်းဆုံးလို့ သတ်မှတ်ပါတယ်။ လွဲမှားခဲ့ရင်လည်း စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီ ဆိုပြီး နိုင်ငံရေးပါတီကြီး နှစ်ခုသာရှိပြီး အဲဒီ ပါတီနှစ်ခုရဲ့ ပါတီဝင်အင်အားက အတူတူလောက်စီ ရှိကြပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ အနိုင်အရှုံးကို မဲဆန္ဒရှင်အားလုံးရဲ့ ၅ ရာခိုင်နှုံးလောက်သာရှိတဲ့၊ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ မဲဆန္ဒရှင်များက အဆုံးအဖြတ်ပေးကြတာပါ။ အဲဒီ ဘယ်ပါတီမှ မဝင်တဲ့၊ ဘယ်ပါတီအတွက်မှ စည်းရုံးလှုပ်ရှားတာမလုပ်တဲ့ မဲဆန္ဒရှင်များကို ခန့်မှန်းရခက်သည့် အဆုံးအဖြတ်မဲများ (Swing Votes) လို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး အခြေအနေကို စောင့်ကြည့်သုံးသပ်နေတဲ့ မဲဆန္ဒရှင်တွေ အများကြီးရှိကြပါတယ်။ ကျနော်နားလည်မိသလောက် မြန်မာနိုင်ငံက ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ လွတ်လပ်စွာရပ်တည်တဲ့၊ ခန့်မှန်းရခက်တဲ့ မဲဆန္ဒရှင်များ (Swing Votes) က နိုင်ငံတဝှမ်း မဲပေးနိုင်သူအားလုံးရဲ့ ၃၀ ရာခိုင်နှုံးလောက်ရှိမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက Swing Votes များထက် အများကြီး ပိုများပါတယ်။ သူတို့တွေကို ပါတီအလံများ၊ ပါတီနဖူးစည်းများ၊ ပါတီဝတ်စုံများနဲ့ ပါတီတစ်ခုခုအတွက် မဲဆွယ်စည်းရုံးနေတဲ့အထဲမှာ တွေ့ရမှာ မဟုတ်ပါ။ သူတို့ရဲ့ ဆန္ဒကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာမှပဲ သူတို့နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို၊ သူတို့နှစ်သက်တဲ့ ပါတီကို လွတ်လပ်စွာ ဆန္ဒမဲပေးခြင်းဖြင့် ဖြစ်စေ၊ ဒါမှမဟုတ် ဆန္ဒမဲ လုံးဝမပေးခြင်းဖြင့် ဖြစ်စေ ဖော်ထုတ်ပြသပါလိမ့်မယ်။ သူတို့ကပဲ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

(အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၅)

Saturday, September 19, 2015

လှပခြင်းနှင့် ညစ်ပတ်ခြင်း



(7 Day Daily နေ့စဉ်သတင်းစာ၊ စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၅)



လှပခြင်းနှင့် ညစ်ပတ်ခြင်း

အောင်ဒင်

#ပုဂံယဉ်ကျေးမှုနယ်မြေ၊ ညောင်ဦး

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာ မိသားစု၊ သူငယ်ချင်းများနဲ့ အတူ ပုဂံကို ရောက်ခဲ့ပါတယ်။ မြန်မာလူမျိုးမှန်ရင် ပုဂံကို အကြိမ်ကြိမ်ရောက်ဖူးရမယ်လို့ ဆိုစကားရှိပေမယ့် ကျနော့်အဖို့တော့ အသက် ၅၀ ကျော်မှပဲ ပုဂံကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ပုဂံရဲ့ တည်ငြိမ်မှု၊ ခန့်ငြားမှု၊ ထည်ဝါမှု၊ ယဉ်ကျေးမှုတွေကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစားရပြီး တစ်ချိန်က တောက်ပခိုင်မာခဲ့တဲ့ အနော်ရထာမင်းလက်ထက် ပုဂံနိုင်ငံတော်ကြီးကို လွမ်းဆွတ်တမ်းတမိပါတယ်။ ၃၄ ဆက်မြောက် ပုဂံမင်းဆက်ဖြစ်တဲ့ ပျဉ်ပြားမင်းက ခရစ်သက္ကရာဇ် ၈၄၉ ခုနှစ်မှာ တည်ထောင်ခဲ့တယ်ဆိုတဲ့ စတုတ္ထမြောက် ပုဂံ၊ မြန်မာ့ယဉ်ကျေးမှုရဲ့ အစ၊ မြန်မာ့စာပေရဲ့ အစလို့ ပြောကြတဲ့ ပုဂံဟာ နှစ်ပေါင်း တစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီးတဲ့နောက် ၂၁ ရာစုနှစ်ထဲမှာတောင်မှ လက်ကျန် ဘုရားစေတီများနဲ့ တည်ငြိမ်ခန့်ငြားနေဆဲ ဖြစ်ပါတယ်။ မြေပြန့်လွင်ပြင်ကျယ်ကြီးထဲမှာ များပြားလှစွာသော ဂူဘုရားများ၊ စေတီများက ရှေးမြန်မာတို့ရဲ့ အဆင့်အတန်းမြင့်မားလှတဲ့ ပိသုကာပညာအစွမ်းကို သက်သေပြနေပါတယ်။ ညနေစောင်းမှာ ဧရာဝတီမြစ်ကမ်းနဘေး ဗူးဘုရားရင်ပြင်ပေါ်ကနေ နေဝင်ချိန်၊ နေလုံးကြီး ဧရာဝတီမြစ်ထဲ တဖြေးဖြေး ငုတ်ဆင်းပျောက်ကွယ်သွားတာကို ငြိမ်ငြိမ်သက်သက်စောင့်ကြည့်ရတာ အင်မတန်လွမ်းမောစရာ ကောင်းလှပါတယ်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေက ပုဂံဘုရားများရဲ့ ပိသုကာလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေ၊ ကျယ်ပြန့်ခိုင်မာလှတဲ့ လှိုဏ်ဂူကြီးတွေကို တအံ့တဩ ကြည်နူးနေကြတာ၊ ဒေသထွက် လက်မှုအနုပညာပစ္စည်းများနဲ့ နေဝင်ချိန်အလှအပတွေကို ရင်သပ်ရှုမောခံစားနေကြတာကို ကြည့်ပြီး မြန်မာလူမျိုးတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူမိပါသေးတယ်။ ဒါပေမယ့်လည်း ပုဂံရဲ့ လှပမှု၊ ယဉ်ကျေးတည်ငြိမ်မှုတွေနဲ့ ယှဉ်တွဲတည်ရှိနေတဲ့ အမှိုက်သရိုက်တွေ၊ ညစ်ညမ်းမှုတွေကို တွေ့ရပြန်တော့ အံ့ဩဝမ်းနည်းရပြန်ပါတယ်။

ပုဂံမြို့ကို ကားနဲ့ ဝင်လာကတည်းက လမ်းဘေးမှာ မကြာခဏ တွေ့ရတာက အမှိုက်ပုံတွေပါ။ ဘုရားတွေနား နီးလာလေလေ၊ လမ်းဘေးက အမှိုက်ပုံကြီးတွေက ကြီးလာလေလေပါ။ အဲဒီ အမှိုက်ပုံကြီးများ နဘေးမှာပဲ ဈေးသည်တွေ ဈေးရောင်းနေကြပါတယ်။ ဆိုင်ခန်းတွေ ဖွင့်လှစ်ထားပါတယ်။ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူတွေကပဲ ဒီအမှိုက်ပုံကြီးတွေကို နေ့စဉ်နဲ့အမျှ ပိုပြီး ကြီးမားစေပါတယ်။ ဂူဘုရားကြီးတွေရဲ့ အတွင်းဘက် ပတ်လည် လျှောက်လမ်းများဟာ ကျယ်ပြန့်ပြီး တိတ်ဆိတ်ပေမည့် ကျင်ငယ်နံ့တွေနဲ့ နံစော်နေပါတယ်။ အချိုးအကွေ့ထောင့်တွေမှာ ကြွပ်ကြွပ်အိပ်စွတ်ထားတဲ့ အမှိုက်တောင်းကလေးတွေ ချထားပေမယ့် အမှိုက်အများစုက တောင်းထဲမှာ မရှိပဲ တောင်းအပြင်ဘက်မှာသာ စုပုံနေပါတယ်။ ကွမ်းတံတွေးနီနီရဲရဲတွေကလည်း အမှိုက်တောင်းထဲမှာရော၊ အပြင်ဘက်မှာပါ ပေကျံညစ်ပတ်နေပါတယ်။ ပုဂံရဲ့ အလှအပကို ညစ်ပတ်မှုတွေက ဆိုးဆိုးဝါးဝါး ဖျက်စီးနေပါတယ်။

ပုဂံရဲ့ လှပမှုကို ဖျက်ဆီးနေတဲ့ အမှိုက်သရိုက်တွေ၊ ညစ်ပတ်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ အမှိုက်တွေကို အလွယ်တကူစွန့်ပစ်တတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ၊ ဈေးသည်တွေ၊ အပေါ့အပါးသွားတဲ့ကိစ္စကို ဂူဘုရားများရဲ့ အုတ်နံရံများဘေးမှာ အလွယ်တကူဖြေရှင်းကြသူတွေ၊ ကွမ်းယာတွေကို အားရပါးရစားပြီး စည်းကမ်းမရှိ နေရာမရွေး ထွေးထုတ်တတ်သူတွေမှာ တာဝန်ရှိပါလိမ့်မယ်။ ပုဂံဘုရားများကို အမှီသဟဲပြု ဘဝရပ်တည်နေကြပြီး၊ ပုဂံကို အခြေပြုလို့ အသက်မွေးဝမ်းကြောင်းနေကြပြီး မျက်စိရှေ့မှာပဲ ကြီးမားနံစော်လာတဲ့ အမှိုက်ပုံကြီးတွေကို ဂရုမစိုက် မျက်နှာလွှဲနေတတ်တဲ့ ဒေသခံပြည်သူတွေမှာ တာဝန်ရှိပါတယ်။ အမှိုက်တွေကို စနစ်တကျမသိမ်းတဲ့၊ အမှိုက်စွန့်ပစ်ရာ နေရာတွေနဲ့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာတွေကို တည်ဆောက်မပေးတဲ့ ဘုရားဂေါပကအဖွဲ့တွေနဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိပါတယ်။ ပုဂံဘုရားများက ရတဲ့ ဝင်ငွေကိုသာ မက်မောတတ်ပြီး ပုဂံဘုရားများကို သန့်သန့်ရှင်းရှင်းနဲ့ ခန့်ငြားလှပအောင် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ အစိုးရမှာ တာဝန်ရှိပါတယ်။

#ကရိန်နော်အပန်းဖြေစခန်း၊ မြစ်ကြီးနား

၂၀၁၅ ခုနှစ်၊ မတ်လထဲမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်ကို အလည်အပတ်ရောက်ခဲ့ပါတယ်။ ဆရာဦးသန်းဆွေခေါင်းဆောင်တဲ့ ဥတ္တရလမင်းစာပေရောင်းရင်းများက ပို့ဆောင်ပေးလို့ "ကရိန်နော်" အပန်းဖြေစခန်းကိုလည်း ရောက်ခဲ့ပါတယ်။ မြစ်ကြီးနားကနေ မြစ်ဆုံကို သွားတဲ့လမ်းပေါ်က လမ်းခွဲတစ်ခုမှာ တည်ရှိပါတယ်။ မြစ်ဆုံဒေသမှာ မေခမြစ်နဲ့ မလိခမြစ်တို့ ပေါင်းစုံကြပြီးတဲ့နောက် ဧရာဝတီမြစ်ကြီးရယ်လို့ စတင်ဖြစ်ပေါ်လာပါပြီ။ မြစ်ဆုံက စတင်စီးဆင်းလာတဲ့ ဧရာဝတီမြစ်ဖျားပိုင်း ကမ်းနဘေးမှာ တည်ရှိတဲ့ ကရိန်နော်ဟာ အင်မတန်လှပတဲ့ အပန်းဖြေစခန်းဖြစ်ပါတယ်။ သိပ်ပြီး မနက်လှတဲ့ ကမ်းနဖူးစောက်စောက်ကနေ ဆင်းပြီး ရေစပ်က ကျောက်တုံးကျောက်ဆောင်တွေကြားမှာ လမ်းလျှောက်ရတာ ပျော်စရာပါ။ ဧရာဝတီမြစ်ရေကလည်း အေးစက်လှပါတယ်။ မြစ်ကမ်းပါးမှာ ရေက လမ်းလျှောက်သွားလို့ရအောင် တိမ်ပြီး ခပ်လှမ်းလှမ်းက ကျွန်းလိုဖြစ်နေတဲ့ ရေလယ်ခေါင် ကျောက်ဆောင်ကျောက်တန်းတွေပေါ်မှာ ပျော်ပွဲစားနေကြသူတွေ၊ ချစ်သူစုံတွဲတွေ အများကြီး တွေ့ခဲ့ရပါတယ်။

ဒီမှာလည်း ကရိန်နော်ရဲ့ အလှအပနဲ့ ယှဉ်တွဲတည်ရှိနေတဲ့ အမှိုက်သရိုက်တွေကို တွေ့ရပြန်ပါတယ်။ ကမ်းခြေက ကျောက်ဆောင်တွေကြားမှာ၊ သဲသောင်ပြင်ပေါ်မှာ၊ ရေစပ်မှာ အပန်းဖြေပျော်ပွဲစားကြသူတွေ လွှင့်ပစ်ထားတဲ့ အစားအသောက်အကျွင်းအကျန်တွေ၊ ပလပ်စတစ်အိပ်တွေ၊ ငှက်ပျောသီးခွံတွေ၊ ဆေးလိပ်တိုတွေ၊ စီးကရက်ဗူးခွံတွေ၊ အချိုရည်ပုလင်းတွေ အများကြီး တွေ့ရပါတယ်။ တချို့နေရာတွေမှာဆို ယင်တလောင်းလောင်း၊ ခြင်တလောင်းလောင်းနဲ့ပါ။ အနံ့အသက်ကလည်း မကောင်းပါ။

ကရိန်နော်ရဲ့ အလှအပကို ဖျက်စီးနေတဲ့ အမှိုက်သရိုက်တွေ၊ ညစ်ပတ်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အမှိုက်တွေကို အလွယ်တကူ စွန့်ပစ်ကြတဲ့ ပျော်ပွဲစားသူတွေမှာ တာဝန်ရှိပါတယ်။ အခကြေးငွေကောက်ခံတဲ့ ပုဂ္ဂလိကပိုင် အပန်းဖြေစခန်းဖြစ်ရက်နဲ့၊ စားသောက်ဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချနေရက်နဲ့ ဒီအမှိုက်တွေကို မရှင်းလင်း၊ မသိမ်းဆည်းတဲ့ အပန်းဖြေစခန်းအုပ်ချုပ်သူတွေမှာ တာဝန်ရှိပါတယ်။ အမှိုက်တွေကို အလွယ်တကူ စည်းကမ်းမဲ့မစွန့်ပစ်ဖို့ စတဲ့ နိုင်ငံကြီးသားကျင့်ဝတ်တွေကို သင်ကြားမပေးတဲ့ ပညာရေးစနစ်မှာ တာဝန်ရှိပါတယ်။

#နေပြည်တော်ရုပ်ရှင်ရုံ၊ ရန်ကုန်

၂၀၁၅ ခုနှစ်၊ ဧပြီလဆန်းမှာပါ။ ရန်ကုန်ရောက်တုံး ရုပ်ရှင်ကြည့်မယ်ဆိုပြီး ဆူးလေဘုရားလမ်းက နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံကြီးဆီ ရောက်ခဲ့ပါတယ်။ အင်ဆားဂျင့် (Insurgents) ဆိုတဲ့ ရုပ်ရှင်ကားကို သုံးဖက်မြင်မျက်မှန် (3-D Glasses) နဲ့ ကြည့်ရတာပါ။ ရုပ်ရှင်ဇာတ်ကားက စိတ်လှုပ်ရှားစရာပါ။ ရုပ်ရှင်ရုံကလည်း အဆင့်မြင့်ပါတယ်။ ခန်းခန်းနားနားရှိပါတယ်။ လေအေးစက်ကလည်း ကောင်းပါတယ်။ အပေါ်ထပ်မှာ ထိုင်ခုံတွေကလည်း သားသားနားနားပါ။ ဟိုတုံးကလို ထိုင်ခုံကနေ ကြမ်းပိုးကိုက်ခံရတာမျိုး မရှိတော့ပါ။
ဒါပေမယ့်လည်း ရုပ်ရှင်ရုံရဲ့ အလှအပ၊ ရုပ်ရှင်ဇာတ်ကားရဲ့ ကောင်းခန်းတွေကို ရုပ်ရှင်ရုံထဲက အကောင်းစားထိုင်ခုံမှာ ထိုင်ပြီး လက်ကိုင်ဖုန်းနဲ့ ဖုန်းပြောနေတဲ့ လူတစ်ယောက်က ဖျက်ဆီးလိုက်ပါတယ်။ ရုံထဲမှာ အတူကြည့်နေတဲ့ ပရိသတ်တွေကို လုံးဝဂရုမစိုက်ပဲ အချိန်အတော်ကြာ ကျယ်ကျယ်လောင်လောင် ဖုန်းပြောနေတာ ဇာတ်လမ်းထဲက သရုပ်ဆောင်တွေရဲ့ စကားပြောသံတွေကို ဖုန်းလွှမ်းသွားပါတယ်။

ဒီလိုနဲ့ပဲ ရုပ်ရှင်ပြီးပါပြီ။ မီးဖွင့်လိုက်တာနဲ့ ရုပ်ရှင်ကြည့်သူတွေ အလုအယက် ရုံပြင်ကိုထွက်ကြပါတယ်။ အဲဒီမှာ ကျနော် တအံ့တဩတွေ့လိုက်ရတာက ထိုင်ခုံတွေပေါ်မှာ၊ ခုံကြားလမ်းတွေပေါ်မှာ ရုပ်ရှင်ကြည့်သူတွေ ချန်ထားရစ်ခဲ့တဲ့ အမှိုက်တွေပါ။ နေကြာစေ့ခွံတွေ၊ ဇီးထုတ်အခွံတွေ၊ ကိုကာကိုလာဗူးခွံတွေဟာ နေပြည်တော်ရုပ်ရှင်ရုံကြီးရဲ့ အပေါ်ထပ်မှာ ပြည့်နှက်နေပါတယ်။
နောက်ပွဲချိန်မစခင်မှာ ရုပ်ရှင်ရုံဝန်ထမ်းများက ဒီအမှိုက်တွေကို သိမ်းဆည်းကြမှာပါ။ ဒါပေမယ့် အစကတည်းက ရုပ်ရှင်ကြည့်သူတွေက ဒီအမှိုက်တွေကို စည်းကမ်းမဲ့ မပစ်ခဲ့ကြရင် ပိုကောင်းမှာပါ။ ကိုယ့်အမှိုက်ကိုယ်သိမ်းပြီး ရုံအပြင်ဘက်က အမှိုက်ပုံးထဲ တာဝန်သိသိ ထည့်ကြရင် ကောင်းမှာပါ။ အခုတော့ အဆင့်မြင့်ရုပ်ရှင်ရုံကြီးရဲ့ အလှအပကို အဆင့်သိပ်မမြင့်ကြတဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်သူများရဲ့ ညစ်ပတ်မှုက ဖျက်ဆီးလိုက်ကြပါတယ်။

#အလှအပနှင့် ညစ်ပတ်ခြင်း

ကျနော်တို့ တိုင်းပြည်မှာ အလှအပကို ပြည့်ပြည့်ဝဝ ခံစားခွင့်က နည်းလှပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ လှပတဲ့ နေရာတိုင်းမှာ၊ လှပအောင် ဖန်တီးထားတဲ့ နေရာတိုင်းမှာ လူတွေဖန်တီးလို့ ဖြစ်တဲ့ အပျက်အဆီးတွေ၊ ညစ်ပတ်မှုတွေက ယှဉ်ပြိုင်နေရာယူထားကြတတ်ပါတယ်။ ဘတ်စ်ကားသစ်ကြီးများရဲ့ လှပသစ်လွင်တဲ့ ဆိုဖာကြီးတွေဟာ ဓားသရမ်းသူတွေရဲ့ ထိုးခွဲဖျက်ဆီးတာခံရတတ်ပါတယ်။ သစ်လွင်စည်ကားတဲ့ ပန်းဥယျဉ်တွေမှာ ကွမ်းတံတွေးတွေ၊ မူးယစ်သေစာတွေ၊ ဘီယာပုလင်းခွံတွေ ပြည့်နှက်နေတတ်ပါတယ်။ ပုဂ္ဂလိကဓာတ်ဆီအရောင်းဆိုင်ကြီးတွေဟာ ကြီးမားခန့်ငြားပြီး အိမ်သာတွေမှာတော့ အညစ်အကြေးတွေ ပြည့်လျှံနေတတ်ပါတယ်။ မနေ့တစ်နေ့ကမှ တခန်းတနားဖွင့်လှစ်ခဲ့တဲ့ ကုန်းကျော်တံတားအသစ်ကြီးတွေရဲ့ နံရံတွေမှာ ညစ်ညမ်းစာတွေ ရေးထားတတ်ပါတယ်။ ဆေးမှုတ်ပြီး ပုံတွေရေးဆွဲထားတတ်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး ဈေးနှုံးအလွန်ကြီးတဲ့ စားသောက်ဆိုင်ကြီးတွေရဲ့ မီးဖိုချောင်မှာ လက်မဆေးတဲ့ စားဖိုမှူးတွေ ရှိတတ်ပါတယ်။ ဟိုတယ်ကြီးက ခန်းနားလှပပေမယ့် အခန်းထဲမှာတော့ မသန့်ရှင်းတဲ့အနံ့တွေ၊ ခြင်တွေ၊ ဖြုတ်တွေ၊ ပုရွက်ဆိတ်တွေရှိတတ်ပါတယ်။ အင်မတန်ခန့်ညားလှပတဲ့ တက္ကသိုလ်ကြီးတွေဟာ လူသူကင်းဝေးတဲ့ လယ်ကွင်းတွေထဲမှာ အထီးကျန် တည်ရှိနေတတ်ပါတယ်။ အင်မတန် ခန့်ငြားလှပတဲ့ လွှတ်တော်အဆောက်အအုံကြီးတွေမှာ ခေါင်မိုးကမလုံပဲ မိုးယိုနေတတ်ပါတယ်။ သန့်ရှင်းလတ်ဆတ်သော မြေပဲဆီအကောင်းစားလို့ လှလှပပတံဆိတ်တတ်ထားပေမယ့် စားအုန်းဆီတွေ ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်လှပါတယ်လို့ လှလှပပကြော်ငြာထားတဲ့ ရေသန့်ဗူးထဲမှာ မသန့်ရှင်းတဲ့ ရေတွေ ပါဝင်တတ်ပါတယ်။

လှပမှုနဲ့ ညစ်ပတ်ခြင်းတို့ တစ်ခါတစ်ရံမှာ သဘာဝကျကျ ယှဉ်တွဲရှိနေတတ်ပါတယ်။ စပါးပင်တွေ လေတိုက်တိုင်း ယိမ်းနွဲ့နေကြတဲ့ လယ်ကွင်းကြီးက တကယ့်အလှပါ။ အဲဒီ လှပတဲ့ လယ်ကွင်းထဲမှာ ရွှံ့နွံတွေ၊ နွားချေးပုံတွေ တွေ့ရနိုင်ပါတယ်။ ဒါ သဘာဝကျပါတယ်။ ရွှံ့နွံတွေ၊ နွားချေးပုံတွေကြောင့် စပါးခင်းကြီးရဲ့ အလှ လျော့မသွားပါ။ မနက်ခင်း စာသင်ခန်းထဲမှာ  ကျောင်းသားလေးတွေ ညီညာဖျဖျ စာအံနေကြတဲ့ မြင်ကွင်းဟာ တကယ့်အလှပါ။ ကျောင်းသားလေးတွေထဲမှာ နှပ်ချီးတွဲလောင်းနဲ့ ကလေးတွေ၊ အိပ်ရေးမဝလို့ သမ်းနေသူလေးတွေ ပါဝင်နေနိုင်ပေမယ့် စာသင်ခန်းလေးရဲ့ အလှကို တန်ဘိုးမလျော့စေပါ။ ကောက်ရတဲ့ ပိုက်ဆံအိပ်ကို ပိုင်ရှင်ထံပြန်ပေးတဲ့ အလုပ်သမားလေးရဲ့ ရိုးသားမှုဟာ တကယ့်အလှပါ။ ဒီအလုပ်သမားလေးဟာ အရုပ်ဆိုးလေးဖြစ်ဦးတော့၊ သူ့ရဲ့ရိုးသားမှုကြောင့် သူ့ထက်လှသူ မရှိနိုင်ပါ။

#လမ်းပေါ်ရောက်လာတဲ့ အလှအပများ

အခုတော့ ဖန်တီးထားတဲ့ အလှအပတွေ လမ်းပေါ်ရောက်လာခဲ့ပါပြီ။ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး ပြည်သူလူထုကို မဲဆွယ်ဖို့ လှလှပပပြင်ဆင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လှလှပပပြင်ဆင်ထားတဲ့ ကြော်ညာကားကြီးတွေနဲ့၊ လှလှပပရိုက်နှိပ်ထားတဲ့ မဲဆွယ်စာတမ်းတွေနဲ့၊ လှလှပပမိန့်ခွန်းတွေကို ပြောဖို့ လမ်းပေါ်ကို ရောက်လာကြပါပြီ။ သူတို့တွေ အမှန်တကယ် လှကြပါရဲ့လား။ သူတို့တွေဟာ တိုင်းပြည်ရဲ့ အလှအပတွေကို အညစ်အကြေးကင်းကင်းစင်စင်နဲ့ သန့်ရှင်းစွာလှပလာအောင် စွမ်းဆောင်ပေးနိုင်ကြမှာလား။ သူတို့ကိုယ်တိုင်ကရော အညစ်အကြေးကင်းစင်ရဲ့လား။  ပြည်သူများက ခွဲခြားစစ်ဆေးကြဖို့ လိုအပ်ပါတယ်။ သူတို့မှာ ကပ်ညိနေနိုင်တဲ့ အညစ်အကြေးတွေကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ လှတိုင်း မယုံကြည်ရသလို မလှပေမည့် တန်ဘိုးကြီးသူတွေ ရှိတတ်ပါတယ်။

ငွေကြေးအလွန်အကျွံသုံးစွဲနိုင်တဲ့ နိုင်ငံရေးပါတီကြီးများက နိုင်ငံတဝှမ်းမှာ ခန်းခန်းနားနား လှလှပပ မဲဆွယ်စည်းရုံးနိုင်ကြမှာ ဖြစ်ပေမယ့် အဲဒီပါတီကြီးများရဲ့ ကိုယ်စားလှယ်လောင်းများကတော့ လူထုဘဝကို နားလည်စာနာတဲ့၊ လူထုဘက်က အမြဲတမ်းရပ်တည်တဲ့ အမှန်တကယ် နှလုံးသားလှသူများ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လူထုရဲ့ အကျိုးစီးပွါးထက် ပါတီအာဏာရှင်ရဲ့ အမိန့်ကိုသာ ဦးစားပေးဆောင်ရွက်ကြမယ့် နာခံတတ်သူများသာ ဖြစ်နေနိုင်ပါတယ်။ ငွေကြေးချို့တဲ့သော ပါတီငယ်များ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကတော့ ခန်းခန်းနားနား ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးနိုင်ကြမှာ မဟုတ်ပါ။ ဒါပေမယ့် အဲဒီပါတီငယ်များနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများဟာ လူထုဘဝအတွက် အမှန်တကယ်လှပသူများလည်း ဖြစ်နေနိုင်ပါတယ်။ မြန်မာပြည်သူများအနေနဲ့ လှပခန့်ငြားတဲ့ ပါတီအလံများ၊ တောက်ပခန့်ငြားတဲ့ ပါတီတံဆိတ်များအောက်က လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ တကယ့်အလှအပကို ရှာဖွေဆန်းစစ်နိုင်ကြပါစေ။ သန့်ရှင်းလတ်ဆတ်သော မြေပဲဆီလို့ လှလှပပတံဆိတ်တပ်ပြီး လိမ်ညာထားတဲ့ စားအုန်းဆီတွေကို စစ်ဆေးဖယ်ရှား ငြင်းပယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အောင်ဒင်
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၁၅