BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, July 15, 2006

Raindrops......Far..Far... Away

မိတ်ဆွေများသို့အလွမ်းမှတ်တမ်း
အောင်ဒင်

(၁) ရပ်ဝေးမြေခြား မိုးစက်များ

ဂျူလိုင် ၁၅၊ ၂ဝဝ၆
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

၁။

လွန်ခဲ့တဲ့၁၈နှစ်က မြန်မာနိုင်ငံရဲ့ ၁၉၈၈၊ အမျိုးသားဒီမိုကရေစီရေးလူထုအုံကြွမှုကြီးမှာ သေးငယ်တဲ့ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။ အဲ့ဒီကာလတုံးက စစ်ထောက်လှမ်းရေးများရဲ့ အမဲလိုက်ကွင်းထဲက သားကောင်ငယ်ကလေးများအဖြစ်ပြေးလွှားရှောင်တိမ်းရင်း မိတ်ဆွေသူငယ်ချင်းတွေအတူတကွ အမိနိုင်ငံနဲ့ ချစ်တဲ့ပြည်သူများ စစ်အာဏာရှင်စနစ်ကြီးအောက်ကလွတ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းခဲ့ကြတာ တွေကို ပြန်ပြီးသတိရမိပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကျောင်းသားလေးတွေမို့ အကြောက်တရားကင်းမဲ့ကြသလို၊ ပင်ပန်းမှု၊ နာကျင်မှုတွေကိုလည်း ခံနိုင်ရည်ရှိခဲ့ကြတာပေါ့။

အဲ့ဒီသူငယ်ချင်း၊ မိတ်ဆွေတွေ အခုတော့ တချို့လည်းပြည်ပမှာ၊ တချို့လည်း အကျဉ်းထောင်ထဲမှာ တချို့လည်း တောတွင်းတနေရာမှာ၊ တချို့ကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအချက်အချာဒေသမှာ၊ ဘဝအခြေအေနတွေလည်း အမျိုးအမျိုးပြောင်းလဲလို့။ တချို့လည်း ခရီးတဝက်မှာ တက်ကျိုး၊ တချို့လည်း လက်ပန်းကျ၊ တချို့ဘက်ပြောင်း၊ တချို့ ဖောက်ပြန်၊ တချို့ကတော့ အကြမ်းဖက်ရက်စက်မှုတွေအောက်မှာ ကျဆုံး၊ ဒီမိတ်ဆွေတွေ၊ ဒီသူငယ်ချင်းတွေ အားလုံးကို ပြန်သတိရတိုင်း မျက်ရည်ဝိုင်းမိပါရဲ့။

အဲဒီသူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဘဝမှာ ဘယ်လိုမှ မေ့ဖျောက်လို့ရမှာမဟုတ်တဲ့အဖြစ်ါပျက်တွေကို သတိရရင်း အလွမ်းမှတ်တမ်းရေးမိပါတယ့် ။

၂။

ညီနဲ့ ညီမလို ခင်မင်ရင်းနှီးရတဲ့ ကိုသက်ခိုင်နဲ့ မအိဇာတို့လင်မယား၂ယောက်က ဂျူလိုင်၁ရက်နေ့မှာ၊ သူတို့အိမ်မှာ ဘုန်းကြီးပင့်ပြီး ပရိတ်တရားနာမှာမို့၊ သူတို့အိမ်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအိမ်ကိုရောက်တော့၊ မေရီလန်းပြည်နယ် မင်္ဂလာရာမ ဝိဟာရကျောင်းတော်က ဆာတော်ဦးအာသဖကို ဖူးမျှော်ကန်တော့ခွင့်ရပြီး၊ အဲ့ဒီတော့မှပဲ သူငယ်ချင်းလင်မယားက ဆရာတော့်ကို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ကြတာကို သိရပါတယ်။ သူငယ်ချင်းတွေရဲ့မွန်မြတ်တဲ့ အလှူဒါနကို သာဓုခေါ်ရင်း ကျနော့် ရင်ထဲမှာလည်း လွန်ခဲ့တဲ့ ၁၈နှစ်က ဝါဆိုလပြည့်နေ့ကို သတိရမိပါတယ်။

အဲ့ဒီနေ့က ၁၉၈၈ခုနှစ်၊ ဂျူလိုင်လရဲ့နေ့တနေ့ပါပဲ။ ရက်အတိအကျကိုတော့မမှတ်မိတော့ပါဘူး။ မနက်စောစောမှာ မိုးတပြိုက်ရွာထားတာကလွဲရင် ရန်ကုန်ရွှေမြို့တော်ကြီးက လှမြဲတိုင်းလှလို့။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာလည်း ဝတ်ပြုဆုတောင်းသူတွေ၊ လှူဒါန်းသူတွေ၊ တရားထိုင်သူတွေနဲ့ စည်ကားမြဲစည်ကားလို့ပါပဲ။

မနက်၁ဝနာရီ ကျော်ကျော်လောက်မှာတော့ အဲ့ဒီစည်ကားမှုက ပုံသဌာန်တမျိုးပြောင်းလဲသွားခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ စနေဒေါင့်ကအောင်မြေကွက်လပ်မှာ ကျောင်းသားလူငယ်တစု စုဝေးရောက်ရှိလာကြပြီး သူတို့ရဲ့ ဝိညာဉ်ခန္ဓြွာကို ဘုရားရှင်ထံအပ်နှံကြ၊ သူတို့ရဲ့ ကိုယ်ကျိုးမပါတဲ့ စွန်းစားမှုများအတွက် အောင်မြေနင်းပြီး အောင်ပွဲထံ အရောက်ချီတတ်ကြဖို့ အဓိဌာန်ပြုကြလို့ပါပဲ။

ဘုရားဖူးတွေဟာ၊ သူတို့ရဲ့လာရင်းကိစ္စကို မေ့လျော့ပြီး ကျောင်းသားငယ်များထံ ဝိုင်းရံရောက်ရှိလာကြပါတယ်။ ကျောင်းသားငယ်များကလည်း ဘုရားဖူးပြည်သူတွေကို မဆလအစိုးရရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ မတရားအုပ်ချုပ်မှုတွေ၊ မဆလစစ်တပ်က တက္ကသိုလ်ကျောင်းသားတွေကို အကြမ်းဖက်သက်ဖြတ်တာတွေကို တက်တက်ကြွကြွရှင်းပြနေကြပါတယ်။

ဒီကျောင်းသားကလေးတွေဟာ ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲက၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲကထွက်လာကြတာပါ။ ကိုဘုန်းမော်၊ ကိုစိုးနိုင်စတဲ့ ကျောင်းသားများကျဆုံးခဲ့ရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲက မတ်လ၁၃ရက် အရေးအခင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသွေးမြေကျခဲ့ရတဲ့မတ်လ ၁၆ ရက် တံတားနီအရေးအခင်း၊ ဇွန်လကျောင်းသားအရေးတော်ပုံတွေကို ဖြတ်သန်းလာကြတဲ့သူတွေပါ။ ဇွန်အရေးအခင်းရဲ့နောက်ဆုံးနေ့၊ ဇွန်လ၂၁ရက်နေ့၊ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ မဆလ အစိုးရ က တက္ကသိုလ်ကျောင်းများ အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း သိကြချိန်မှာ၊ “ဝါဆိုလပြည့်နေ့၊ ရွှေတိဂုံဘုရားမှာ ပြန်ဆုံကြမယ်ဟေ့ “့ လို့ ချိန်းဆိုခဲ့ကြသူတွေပါ။ ချိန်ဆိုထားတဲ့ အတိုင်းသူတို့ရောက်ရှိခဲ့ကြတယ်။

တက္ကသိုလ်ဝင်းထဲက စခဲ့တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို လူထုကြားထဲ ဖြန့်ချိဖို့၊
မရေရာလှတဲ့ အနာဂတ်နဲ့ ခန့်မှန်းရခက်တဲ့ ကံကြမ္မာအတွက်မိမိကိုယ်ကို သရဏံဂုဏ်တင်ဖို့၊
စာသင်ခန်းထဲက ခွပ်ဒေါင်းတွေမြန်မာပြည် တနံတလျားတောင်ပံဆန့်ပျံသန်းဖို့ ။

သူတို့ဘာတွေတောင်းဆိုကြသလဲ၊ ဖမ်းဆီးခံနေရတဲ့ သူငယ်ချင်းတွေ အကျဉ်းထောင်က လွတ်မြောက်ဖို့၊ ကျောင်းထုပ်ခံရတဲ့ သူငယ်ချင်းတွေ ကျောင်းတက်ခွင့်ပြန်ရဖို့၊ မတရား သတ်ဖြတ်ခံလိုက်ရတဲ့ သူငယ်ချင်းတွေအတွက် တရားမျှတမှု၊ ကျောင်းသားအခွင့်အရေးတွေ ကာကွယ်ဖို့အတွက် ကျောင်းသားသမဂ္ဂများ တရားဝင် ပြန်လည်ထူထောင်ခွင့်ရဖို့ ။ အဲ့ဒါတွေမဟုတ်တော့ပါဘူး။ ကျောင်းသားအရေးတောင်းဆိုချက်တွေဟာ ဇွန်လရဲ့ စာသင်ခန်းထဲမှာ ကျန်ရစ်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဂျွန်လအရေးအခင်းနောက်ဆုံးနေ့၊ မိုးသီးဇွန် ခေါင်းဆာင်တဲ့ “ပြည်သူလူထုအရေးက ကျောင်းသားအရေးထက်ပိုအရေးကြီးသည်” ဆိုတဲ့ အဆိုနဲ့ အခြားကျောင်းသားထုရဲ့ “ကျောင်းသားအရေးသက်သက်သာတောင်းဆိုရန်” ဆိုတဲ့အဆိုနှစ်ခု အားပြိုင်မှုမှာ ကျောင်းသားထုက ပြည်သူလူထုအရေးကို ဦးစားပေးဖို့ တခဲနက်ဆုံးဖြတ်ရွေးချယ်ပြီးခဲ့ပါပြီ။ အခု ကျောင်းသားလေးတွေ တောင်းဆိုတိုက်ပွဲဝင်ကြမှာက ပြညသူလူထုအတွက်ပါ။

တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့၊
၁၉၆၂ ခုနှစ်ကစပြီးဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေပြန်ရဖို့။

၃။

အဲ့ဒီလို ဘုရားဖူးပြည်သူတွေက ကျောင်းသားလူငယ်တွေရဲ့ ဒီမိုကရေစီတရားကို ဝမ်းသာအားရနာယူနေချိန်မှာပဲ မဆလအစိုးရကလည်း ဒီကျောင်းသားထုကို ဖြိုခွဲဖို့စတင်ပါတယ်။ လက်နက်အပြည့်အစုံနဲ့စစ်သားတွေ၊ လုံထိန်းရဲ တပ်သားတွေဟာ ရွှေတိဂုံစေတီတော်ကို ပတ်ပတ်လည်ဝိုင်းရံထားလိုက်ကြပါတယ်။ အလယ်ပစ္စယံကနေစပြီး အတက်အဆင်းလုပ်ခွင့်လုံးဝမရတော့ပါဘူး။ သိပ်မကြာခင်မှာပဲစစ်သားတွေ၊ လုံထိန်းရဲတပ်သားတွေဟာ ကျောင်းသားငယ်တွေကို ဖမ်းဆီးဖို့ရွှေတိဂုံစေတီတော်ရဲ့ရင်ပြင်တော်ပေါ်မှာ သူတို့ရဲ့ စစ်ဖိနပ်ကြီးတွေနဲ့ နင်းဖြတ်ချီတက်လာကြပါတော့တယ်။

ဒါပေမယ့်လည်း သောင်းနဲ့ချီတဲ့ လူအုပ်ကြီးက ဒီစစ်သားတွေကို ကျောင်းသားငယ်လေးတွေဆီ မရောက်အောင် ပိတ်ဆို့ တာဆီးထားကြပါတယ်။ လူထုရဲ့ တံတိုင်းကြီးကို စစ်သားတွေ တိုးမပေါက်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်တွင်းမှာပဲ ဆရာတော်၊ သံဃာတော်များရဲ့ အကူအညီနဲ့ ကျောင်းသားငယ်လေးတွေဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်ကနေ လွတ်မြောက်သွားကြပါပြီ။ ပိတ်ထားတဲ့ စာသင်ခန်းတွေကို မလွမ်းဆွတ်တော့ပဲ လူထုရှိရာစီးမျောသွားကြပါပြီ့  ။

မိတ်ဆွေတို့ရေ

၂ဝဝ၆ခုနှစ် ဝါဆိုလပြည့် ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ ၁၉၈၈၊ ဝါဆိုလပြည့်နေ့တုံးကလိုပဲလား။ အပြောင်းအလဲတွေ ဘယ်လောက်တောင်များနေပြီလဲ။ သိချင်လွန်းလှပါတယ့် ။ ခါတိုင်းလိုပဲ ဘာသာတရား ကိုင်ရှိုင်းတဲ့ မြန်မာပြည်သူတွေ ဒီစေတီတော်မြတ်ကြီးထံပါးမှာ ဝတ်ပြုကြ၊ ဆုတောင်းကြ၊ လှူဒါန်းကြ၊ တရားနာနေကြမှာပါ။ မိမိတို့ရဲ့ အတိတ်ဘဝက အညစ်အကြေးတွေ၊ ပစ္စုပ္ပန်ဘဝရဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့ သီလဆောက်တည်နေကြမှာပါ့  ။ အဲ့ဒီလူအုပ်ကြီးထဲမှာများ ၁၉၈၈ခုနှစ်၊ ဝါဆိုလပြည့်နေ့က ဒီရင်ပြင်တော်ပေါ်မှာ အောင်မြေနင်းခဲ့ဘူးတဲ့ကျောင်းသားတချို့များရှိနေမလား။ လူအုပ်ကြီးနဲ့အတူ တရားဘာဝနာဆောက်တည်နေရင်းက အောင်မြေကွက်လပ်ကိုငေးကြည့်ပြီး ပြန်မဆုံနိုင်ကြတဲ့ သူငယ်ချင်းတွေ၊ ပျေက်ဆုံးသွားကြတဲ့ သူငယ်ချင်းတွေကို လွမ်းဆွတ်ကြေကွဲနေလေမလာ့း ။

၎။

မိတ်ဆွေတို့ရေ

ကျနော်တို့ဖြတ်သန်းနေရတဲ့ ခရီးက ကြမ်းတမ်းပြီး ရှည်လျားလွန်းလှတယ့့်  ။ အကောက်အကွေ့တွေ အဆုံးအရှုံး တွေလည်းများလှတယ်။ ဒါပေမယ့်လည်း တနေ့ကျ၊ ကျနော်တို့အောင်ပွဲရရမှာပါ။ ဒါကို ကျနော်ယုံကြည်တယ်။ မိတ်ဆွေတို့က မြန်မာနိုင်ငံအတွင်းမှာ၊ လေထဲ၊ မိုးထဲမှာ၊ အမှန်တရားအတွက် ရဲရဲရင့်ရင့်တိုက်ပွဲဝင်နေကြဆဲ။ ကျနော်တို့ကလည်း အဝေးတနေရာကနေ မိတ်ဆွေတို့ကို အားဖြည့်နေကြတာပါ့ ။

မိတ်ဆွေတို့က မြန်မာနိုင်ငံရဲ့ အထွေအထွေ အကြပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် စကားပြောပြီး အဖြေရှာဖို့ အကြမ်းမဖက်တိုက်ပွဲဝင်နေကြချိန်မှာ ကျနော်တို့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မိတ်ဆွေတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကြီးကို အားဖြည့်ပေးဖို့တောင်းဆိုနေကြတာပါ၊

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကမBာပေါ်မှာ အာဏာအရှိဆုံး၊ အရေးအပါဆုံး အဖွဲ့အစည်းမို့လို့ မြန်မာစစ်အုပ်စုဟာ လုံခြုံရေးကောင်စီရဲ့ပါဝင်ပက်သက်မှုကို အပြင်းအထန်ကြောင့်လန့်တုန်လှုပ်နေတာ အသေအချာပါပဲ။ ဒါကြောင့်မို့လည်း တဖတ်မှာ ကျနော်တို့က လုံခြုံရေးကောင်စီဝင်နိုင်ငံတွေကို မြန်မာနိုင်ငံအရေးကိစ္စတာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုနေကြချိန်မှာ၊ နအဖစစ်အုပ်စုကလည်း သူ့ရဲ့ မဟာမိတ်အာဏာရှင်အစိုးရတွေအားကိုးနဲ့ လုံခြုံရေးကောင်စီရဲ့ ပါဝင်ပတ်သက်မှုကို ကန့်ကွက်တားဆီးနေလေရဲ့။ အခု နအဖစစ်အုပ်စုရဲ့နောက်ဆုံးကြိုးပမ်းမှုကတော့ ဘက်မလိုက်လှုပ်ရှားမှု နိုင်ငံများအဖွဲ့ရဲ့ အားကို ယူပြီး လုံခြုံရေးကောင်စီကို အံတုတာပါပဲ။ ဇူလိုင်လ ၁၃ရက်နေ့ထုတ် နအဖရဲ့ သတင်းစာတွေမှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ကိုယ်စားကုလသမဂ္ဂဆိုင်ရာ မလေးရှားသံအမတ်ကနေ လုံခြုံရေးကောင်စီဥက္ကဌထံ ဇူလိုင်လ၁ဝရက်နေ့စွဲနဲ့ပေးတဲ့ စာကို တခန်းတနားဖော်ပြထားတယ်။ အဲ့ဒီစာမှာတော့ မြန်မာနိုင်ငံရဲ့အရေးကိစ္စကို လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းမှာကို ဘက်မလိုက်လှုပ်ရှားမှုကကန့်ကွက်သတဲ့  ။

ဒုတိယ ကမBာစစ်ကြီး ပြီးသွားတဲ့ နောက်ပိုင်း၊ ကမBာပေါ်မှာ ဆိုဗီယက်ခေါင်းဆောင်တဲ့ ကွန်မြူနစ်အုပ်စုနဲ့ အမေရိကန်ခေါင်းဆောင်တဲ့ အရင်းရှင်အုပ်စုကြား၊ အားပြိုင်မှုတွေကြီး မား ခဲ့တယ်။ စစ်အေးတိုက်ပွဲလို့ ခေါ်ကြတဲ့ အဲ့ဒီကာလကြီးမှာ ကိုလိုနီစနစ်အောက်က လွတ်မြောက်လာကြတဲ့နိုင်ငံငယ်လေးတွေဟာ အရှေ့အုပ်စု၊ အနောက်အုပ်စုရဲ့ သိမ်းသွင်းစည်းရုံးမှုအောက်မှာ မလူးသာမလွန့်သာ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်အရှေ့လည်းမလိုက်၊ အနောက်လည်း မလိုက်ပဲ၊ လွတ်လပ်စွာကြားနေမယ်လို့ ကြွေးကြော်ရင်း ဘက်မလိုက် လှုပ်ရှားမှု နိုင်ငံများအသင်း ဆိုတာပေါ်လာတာပေါ့။ အဲ့ဒီတုံးက မြန်မာနိုင်ငံက ဝန်ကြီးချုပ်ဦးနု၊ ယူဂိုဆလပ်သမ္မတ မာရှယ်တီးတိုး၊ အင်ဒိုနီးရှားသမ္မတ ဆုကာနို၊ အီရပ် သမ္မတ ဆဒတ်နဲ့ အိန္ဒိယဝန်ကြီးချုပ်နေရူးတို့ဟာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်တည်ထောင်သူများအဖြစ်ကြော်ကြားခဲ့တာပေါ့။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဆိုဗီယက်ဘက်ကို ယိမ်းတဲ့ အိန္ဒိယနဲ့ ဗီယက်နမ်၊ ကျူးဘားစတဲ့ ကွန်မြူနစ်နိုင်ငံများရဲ့ ဦးဆောင်မှုအောက်မှာ ဘက်မလိုက်လှုပ်ရှားမှုနိုင်ငံများအဖွဲ့ဟာ၊ ဘက်လိုက်တဲ့၊ ဆိုဗီယက်အုပ်စုရဲ့အရံအင်အား အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီအချိန်က စပြီး ဘက်မလိုက်အဖွဲ့ရဲ့ နိုင်ငံရေးအရအရေးပါမှုဟာ ကမBာအလယ်မှာ တဖြေးဖြေးကျဆုံးလာခဲ့ပြီး ၁၉၈၉၊ နိုဝင်ဘာလ ၉ရက်အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးပြိုလဲပြီးတဲ့နောက်၊ ဆိုဗီယက်အင်ပါယာကြီးလဲ ပျက်သုန်း၊ စစ်အေးတိုက်ပွဲလည်းပြီးဆုံး၊ အရှေ့အနောက်ဝါဒရေးရာ အားပြိုင်မှုတွေလည်း ရပ်တန့်ပြီး ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ အရေးပါမှုအခန်း ဟာလည်းပိုပြီး မှေးမြိန်သွားတော့တယ့့် ။

မိတ်ဆွေတို့ရေ

ဒီအခြေအနေကို ကြည့်ရုံနဲ့ နအဖစစ်အုပ်စုဟာ ဘယ်လောက်မဟာမိတ်ရှားပါးနေပြီလဲဆိုတာ သိလောက်ပါရဲ့။

တချိန်က အာဆီယံနိုင်ငံများကို အားကိုးပြီး၊ ဒီမိုကရေစီနိုင်ငံများကို ပမာမခန့်လုပ်ခဲ့ဖူးတယ်။
ခုတော့ အာဆီယံနိုင်ငံများကိုယ်တိုင်က နအဖကို ဆက်ပြီး အကာအကွယ်မပေးနိုင်တော့ဘူးလို့ပြောနေရပြီ
တချိန်က တရုတ်နိုင်ငံကို အားကိုးပြီး ကုလသမဂ္ဂရဲ့ ဝင်ရောက်ပြန်ဖြေပေးမှုကို မထီလေးစားလုပ်ခဲ့ဘူးတယ်။
ခုတော့ တရုတ်အစိုးရကိုယ်တိုင်က နအဖကို အပြောင်းအလဲတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းနေရပြီ့ တချိန်က ဒီဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကနေနှုတ်ထွက်ခဲ့ဘူးတယ်။

ခုတော့ ဘက်မလိုက်လှုပ်ရှားမှုမှာ ပြန်ဝင်ပါပြီး ဘဝတူ အာဏာရှင်တွေဖြစ်ကြတဲ့ မြောက်ကိုရီးယား၊ ကျူးဘား၊ ဗင်နီဇွဲလား၊ ဘယ်လာရုပ်စ် စတဲ့ အာဏာရှင်အစိုးရတွေရဲ့ ကူညီဖေးမှုကို တောင်းဆိုနေရပြီ့  ။

မိတ်ဆွေတို့ရေ၊ ကိုယ်တိုင်ရှင်သန်ဖို့ မနည်းရုန်းကန်ကြိုးစားနေရတဲ့ ဘက်မလိုက်လှုပ်ရှားမှုနိုင်ငံမျးအဖွဲ့ဟာ မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းမှာကို ဘယ်လိုမှဟန့်တားနိုင်မှာ မဟုတ်ပါဘူ့း  ။

၅။

မိတ်ဆွေတို့ရေ
ဝါဆိုမိုးဖွဲတွေနဲ့ ခွဲခဲ့ရတာကြပါပေါ့
ခတ္တာပန်းတွေကိုလည်း မနမ်းရှိုက်ရတာကြာပါပေါ့
အလွမ်းတွေနဲ့ တိုးသက်တိတ်ဆိပ်
အိပ်ပျက်ခဲ့ရတဲံ ညတွေ အမြန်ကုန်ပါစေတော့  ။

အောင်ဒင်။

0 comments: