BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Saturday, January 12, 2013

Let's Talk about Love


အချစ်အကြောင်း ပြောကြည့်ခြင်း

အောင်ဒင်

ညီလေးရေ
တစ်ယောက်ယောက်ကို မင်း ချစ်မိတဲ့အခါ
ဘဝဟာ အခုမှပဲ အဓိပ္ပာယ်ပြည့်စုံလာသလို
ပါတ်ဝန်းကျင်ဟာ အခုမှပဲ လှပလာသလို
ရှူရှိုက်နေကျ လေဟာ အခုမှပဲ ပိုပြီး လတ်ဆတ်လာသလို
နေ့တွေ ညတွေဟာ အရင်ကထက် တိုတောင်းပြီး ကုန်ဆုံးမြန်သလို
မင်း ခံစားရမှာပေါ့၊


မနက်ခင်းမှာ ပွင့်တဲ့ စပယ်ပန်းတွေ
သူဆင်မြန်းဖို့ မင်းသီကုန်းပေးချင်လိမ့်မယ်
ခြောက်သွေ့တဲ့ နွေရဲ့ အပူညတွေမှာ
မင်းသူ့ကို အေးမြစေချင်လိမ့်မယ်
နှင်းဖုံးလွှမ်းတဲ့ တောင်တန်းကြီးပေါ်ကနေ
သူ့အမည်ကိုခေါ်ရင်း မင်းလွမ်းဆွတ်နေလိမ့်မယ်
သူ့အနားမှာ အတူတကွရှိနေနိုင်ဖို့
မင်းဆန္ဒပြု ဆုတောင်း
မိလိမ့်မယ်၊

ကိုယ်က ချစ်ရရုံသက်သက်နဲ့တော့
အချစ်ဆိုတာ မပြည့်စုံဘူးပေါ့ကွယ်
တောင်ပေါ်က အော်ဟစ်လိုက်တဲ့ အသံလို
ကိုယ့်စီကို ပဲ့တင်ပြန်လာစေချင်လိမ့်မယ်၊


ကိုယ်ချစ်တာကို သူမသိတဲ့အခါ
ကိုယ်ချစ်ရသလို သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ
သူ့ရဲ့ ဥပေက္ခာပြုမှုနဲ့ ရင်ဆိုင်ရတဲ့အခါ
မင်းနာကျင်ကြေကွဲရမှာပေါ့၊


အချစ်ဆိုတာ
ဘုရားသခင်က မစားဖို့ တားမြစ်ထားတဲ့ ပန်းသီး
ကိုယ်နဲ့ ကိုယ့်နံရိုးကဖြစ်လာသူနဲ့ ဆက်ဆံရေး
ပန်းသီးဆိုတာလဲ အမြဲတမ်းမချိုနိုင်
ဆက်ဆံရေးဆိုတာလဲ အမြဲတမ်း အပြန်အလှန်မရှိနိုင်
မင်းကိုယ်ပိုင် အိပ်မက်တွေလဲ ပြိုကွဲသွားနိုင်တာပေါ့၊


ဘယ်လိုပဲ ဖြစ်ဖြစ်
ဆက်ချစ်ပါ ညီလေးရယ်
အကြိမ်ကြိမ်အခါခါအရေးနိမ့်ခဲ့ဘူးတဲ့
လူတစ်ယောက်ရဲ့ စကားကို နားထောင်ပါ
သန့်ရှင်းတဲ့ ချစ်ခြင်းဟာ အပြစ်ကင်းပါတယ်၊


ချစ်တယ်ဆိုတာ
လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေး
"လွတ်လပ်စွာ ချစ်မြတ်နိုးခွင့်" ဆိုပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌန်း အာမခံချက်ပေးရမဲ့ အရာ
နွေးနွေးထွေးထွေး ဆက်ချစ်ပါ
ရဲရဲရင့်ရင့် မျှော်လင့်ပါ
တိုးတိုးတိတ်တိတ် ကြေကွဲပါ
ပျော်ရွှင်ခြင်းနဲ့ နာကျင်ခြင်းဆိုတာ
ချစ်ခြင်းမေတ္တာရဲ့ မျက်နှာနှစ်ဖက်ပေါ့။

အောင်ဒင်
ဇန်နဝါရီ ၁၂၊ ၂၀၁၃

0 comments: