BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, May 6, 2013

Of Three Daw Hla Kyis




ဒေါ်လှကြည် သုံးယောက်အကြောင်း


အောင်ဒင်

(The Weekly Eleven ဂျာနယ်၊ အမှတ် ၃၀၊ အတွဲ ၈၊ မေလ ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၄-၃၀)

http://www.weeklyeleven.com/opinion/19228-%E1%80%B1%E1%80%92%E1%81%9A%E1%80%9C%E1%80%BD%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%9A%E1%80%AC%E1%80%80%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8
 ဒေါ်လှကြည် (၁)

 ဒေါ်လှကြည် (၂) နဲ့ ဒေါ်လှကြည် (၃)

ကျနော်တို့ မြန်မာနိုင်ငံမှာ လူတူမရှား၊ နံမည်တူမရှားဆိုတာရှိပါတယ်၊ ရုပ်ချင်းတူတဲ့လူတွေ၊ နံမည်ချင်းတူကြတဲ့လူတွေ၊ ငယ်ငယ်က ကျောင်းမှာ စာသင်ခန်းတစ်ခုထဲမှာ နံမည်တူ နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက်ပိုပြီးရှိနေရင် ဆရာ၊ ဆရာမတွေက နံမည်နောက်မှာ နံပါတ် (၁) (၂) တပ်ပြီး ခေါ်ကြတာမှတ်မိပါတယ်၊ ဆိုပါတော့ အောင်ဒင် နှစ်ယောက်ရှိရင် တစ်ယောက်က အောင်ဒင်တစ် ဖြစ်လာပြီး နောက်တစ်ယောက်က အောင်ဒင်နှစ် ဖြစ်လာပါတယ်၊ အဲဒီလိုခေါ်တာဟာ အသက်ကြီးလို့ အတန်းတွေကြီးလာတဲ့အထိ၊ နောက်ပိုင်း လုပ်ငန်းခွင်ထဲရောက်တဲ့အထိအောင် သူငယ်ချင်းများ၊ ကျောင်းနေဘက်များကြားမှာ အမည်တွင်နေတတ်ပါတယ်၊ မိသားစုနံမည်ကို နောက်ဆုံးတတ်ပြီး အမည်ပေးတဲ့ အစဉ်အလာမရှိတာမို့ ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ နံမည်တူပုဂ္ဂိုလ် အများဆုံးနိုင်ငံလဲ ဖြစ်မည်ထင်ပါတယ်၊
ကျနော့်ဘဝတစ်လျှောက်မှာလဲ နံမည်တူပုဂ္ဂိုလ်တွေအများကြီး သိကျွမ်းရင်းနှီးခဲ့ရပါတယ်၊ အဲဒီမှာ ထူးထူးခြားခြား ကျနော်အင်မတန်ချစ်ခင်လေးစားကြည်ညိုရတဲ့ အမျိုးသမီးကြီးသုံးယောက်က "ဒေါ်လှကြည်" အမည်တူများဖြစ်နေပါတယ်၊ တစ်ယောက်ကတော့ ကျနော့်မွေးသမိခင်ကြီး ဒေါ်လှကြည်ပါ၊ နောက်တစ်ယောက်က ကိုသူရ (ခေါ်) ကိုဇာဂနာရဲ့ မိခင်ကြီး ဒေါ်လှကြည်ပါ၊ နောက်တစ်ယောက်ကတော့ ကိုမင်းကိုနိုင် (ခေါ်) ပေါ်ဦးထွန်းရဲ့ မိခင်ကြီး ဒေါ်လှကြည်၊ ကျနော့်ရဲ့ အမေသုံးယောက်ဖြစ်သလို ကျနော်၊ ကိုသူရ၊ မင်းကိုနိုင်တို့အားလုံးရဲ့ အမေများလဲ ဖြစ်ကြပါတယ်၊

ကိုသူရရဲ့ အမေ ဒေါ်လှကြည်က သုံးယောက်ထဲမှာ အသက်အကြီးဆုံးမို့ ဒေါ်လှကြည် (၁) ဆိုပါတော့၊ မင်းကိုနိုင်အမေ ဒေါ်လှကြည်က အလတ်မို့ ဒေါ်လှကြည် (၂) ဆိုရင် ကျနော့်အမေ ဒေါ်လှကြည်က အငယ်ဆုံးမို့ ဒေါ်လှကြည် (၃) ဖြစ်မှာပေါ့၊ ဒီအမေကြီး သုံးယောက်အကြောင်းကို နဲနဲလောက် ပြောပြချင်ပါတယ်၊

ဒေါ်လှကြည် (၁)
အမေကြီးဒေါ်လှကြည် (၁) က ခင်ပွန်းသည် အဘ နန်းညွန့်ဆွေနဲ့အတူရန်ကင်း၊ ဆယ့်နှစ်လုံးတန်းမှာနေပါတယ်၊ သူက လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ တို့ဗမာအစည်းအရုံးဝင် သခင်မကြီးဖြစ်ခဲ့ပြီး "ကြည်ဦး" ဆိုတဲ့အမည်နဲ့ ထင်ရှားတဲ့ စာရေးဆရာမကြီးလဲ ဖြစ်ပါတယ်၊အဘနန်းညွန့်ဆွေကလဲ ထင်ရှားတဲ့ စာရေးဆရာ၊ မြန်မာပညာရှိကြီး၊ ကဗျာဆရာကြီးတစ်ဦးပါ၊ သူ့အမည်အရင်းက ဦးအောင်သိန်းဖြစ်ပြီး ကျနော့်ဖေဖေ ဦးကျော်ရှိန်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ခင်မင်ရင်းနှီးသူပါ၊ ဖဆပလအစိုးရခေတ်က ဦးညာဏဦးစီးတဲ့ အစိုးရ ရုပ်ရှင်နဲ့ ပြဇာတ်ဋ္ဌာနမှာ အတူလုပ်ခဲ့ကြဘူးတယ်လို့ ဖေဖေကပြောပြဘူးပါတယ်၊ ကျနော်ငယ်ငယ်က ဖေဖေ ရန်ကင်းဆယ့်နှစ်လုံးတန်းကို စနေ၊ တနင်္ဂနွေလို နေ့တွေမှာ သွားရောက်ပြီး အဘ နန်းညွန့်ဆွေနဲ့ အဲဒီအနားမှာပဲနေတဲ့ ဆရာကြီးဦးရန်အောင်တို့ထံ လည်ပါတ်စကားဝိုင်းဖွဲ့တတ်ပါတယ်၊ ကျနော်က တစ်ခါတစ်ရံ ဖေဖေနဲ့ လိုက်သွားလို့ အဘနန်းညွန့်ဆွေ၊ အမေကြီးဒေါ်လှကြည် (၁) တို့ကို ငယ်ငယ်ကတဲက သိကျွမ်းရင်းနှီးခဲ့ပါတယ်၊ အမေကြီးက အင်မတန်ခင်ဖို့ကောင်းသလို အခြားသူတွေကိုလဲ ထိထိမိမိဝေဘန်တတ်ပါတယ်၊ 

ကျနော့်ကျောင်းနံမည်က "ချစ်ကိုကို" မို့ အမေကြီးက ဖေဖေ့ကို "ဟင့်၊ ကွန်မြူနစ်က သူ့သားကိုပေးတဲ့ နံမည်က ကနွဲ့ကရနိုင်လိုက်တာ" လို့ ဝေဘန်ပြီး ကျနော့်ကိုလဲ "ကိုကျော်ရှိန့်သား"၊ "ဗိုလ်ကျော့်သား" လို့ပဲ ခေါ်တတ်ပါတယ်၊ ကျနော့်အမည်ရင်းကို ခေါ်လေ့မရှိပါ၊ ဒီအမေကြီးက သူ့သားသုံးယောက်ကိုလဲ ကိုသူရ၊ ကိုဝဏ္ဏ၊ ကိုတေဇ ဆိုပြီး ခန့်ခန့်ငြားငြား မှည့်ထားတာပါ၊ ဖေဖေကတော့ အမေကြီးဝေဘန်တာကို ပြုံးပြုံးလေးနားထောင်ပြီး အဘနန်းကိုသာ အပြင်လက်ဘက်ရည်ထွက်သောက်ကြဖို့ ခေါ်ပါတယ်၊ အဘနန်းကလဲ နှစ်ခါမခေါ်ရပါ၊ သူ့ခင်မျာလဲ အမေကြီးရဲ့ ဝေဘန်မှုကို နေ့စဉ်ခံနေရတော့ အပြင်ထွက်ဖို့အခွင့်အရေး စောင့်နေသူပါ၊
၁၉၈၈ အရေးတော်ပုံကြီးအပြီး စစ်တပ်က အာဏာသိမ်းပြီးချိန် အောက်တိုဘာ ၂ရက်နေ့မှာ အမေကြီးရဲ့ သား ကိုသူရအဖမ်းခံရပါတယ်၊ အဲဒီအချိန်မှာ ကျနော်ကလဲ ရှောင်တိမ်းနေရတော့ အမေကြီးဆီရောက်ပြီး အားမပေးနိုင်ပါ၊ ဖေဖေကတော့ သတင်းကြားကြားချင်း သူတို့အိမ်ကို သွားရောက်ပြီး အားပေးစကားပြောပါတယ်၊ နောက် ၁၉၈၉ ဧပြီ ၂၃ရက်နေ့မှာ ကျနော်အဖမ်းခံရပါတယ်၊ ကျနော့်ကို မဖမ်းခင် ဧပြီ ၂၁ရက်နေ့မှာ ကိုသူရ နဲ့ ကိုဇင်ဝိုင်းတို့ အကျဉ်းထောင်ကပြန်လွတ်လာကြပါတယ်၊ သူတို့လွတ်မြောက်ပြီးပြီးချင်းပဲ အမေကြီးဒေါ်လှကြည်ရဲ့ တိုက်တွန်းချက်အရ ကိုသူရနဲ့ သူ့အနုပညာသူငယ်ချင်းများ၊ ကိုဇင်ဝိုင်း၊ ကိုအောင်သန်းဦး (အရိုင်း)၊ ကိုမိုးဝင်း တို့ အိမ်ကိုရောက်လာပြီး ဖေဖေနဲ့ မေမေကို အားပေးကြပါတယ်၊ ငွေကြေးအထောက်အပံ့တွေလဲ ပေးကြပါတယ်၊

ကျနော် ၁၉၉၃ခုနှစ် ဇူလိုင်လ ၇ရက်မှာ သရက်ထောင်ကနေပြန်လွတ်ပြီးတဲ့နောက် ဖေဖေနဲ့အတူ အမေကြီးတို့အိမ်ကို သွားရောက်နှုတ်ဆက်ပါတယ်၊ အဲဒီအချိန်မှာ ကိုသူရက ၁၉၉၀ခုနှစ်ကထဲက ထောင်ထဲပြန်ရောက်နေပါပြီ၊ ဖေဖေပြောပြလို့ ကျနော်တို့ထောင်ထဲမှာ ရှိနေစဉ်အတွင်း အမေကြီးဒေါ်လှကြည်နဲ့ အဘနန်းတို့က ကျနော်တို့မိသားစု၊ မင်းကိုနိုင်မိသားစုအပါအဝင် အကျဉ်းကျကျောင်းသားများရဲ့ မိသားစုများကို ကူညီထောက်ပံ့တာ၊ ထောင်ဝင်စာပို့ရေးကိစ္စတွေမှာ တိုင်ပင်ဆောင်ရွက်ရင်း အမေကြီးဒေါ်လှကြည်နဲ့ မင်းကိုနိုင်အမေ ဒေါ်လှကြည် (၂)၊ ကျနော့်အမေ ဒေါ်လှကြည် (၃) တို့ညီအစ်မအရင်းအချာတွေလို အင်မတန်ရင်းနှီးခင်မင်နေကြတာတွေ သိရပါတယ်၊ အမေကြီး ၁၉၉၀ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တာကိုတော့ ကိုအရိုင်းပြောပြလို့ ထောင်ထဲမှာထဲက သိခဲ့ပါတယ်၊

တကယ်တော့ အမေကြီးဒေါ်လှကြည် ၁၉၉၀ရွေးကောက်ပွဲဝင်တယ်ဆိုတာ အာဏာလိုချင်လို့၊ အမတ်ဖြစ်ချင်လွန်းလို့မဟုတ်ပါ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို အသုံးပြုမဲဆွယ်ပြီး ရန်ကင်းမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဝင်ပြိုင်သူက ရန်ကင်းမြို့နယ်ရဲ့ မဆလပါတီခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်နေလို့ပါ၊ မဆလပါတီကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဖြစ်လာတဲ့ ပါတီစုံရွေးကောက်ပွဲမှာ မဆလဟောင်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံနဲ့ ရွေးကောက်ပွဲဝင်တာကို မခံချင်စိတ်နဲ့ ဝင်ပြိုင်ဖြစ်တာပါ၊ အမေ့ကို ချစ်တဲ့ သားကိုသူရက အမေ့အတွက် ရွေးကောက်ပွဲမဲဆွယ်ရာမှာ မဆလအရေခွံချွတ်ပြီး ဒီမိုကရေစီအရေခြုံလို့ အာဏာရရှိရေးကြိုးပမ်းသူတွေကို လှောင်ပြောင်တဲ့ မိန့်ခွန်းတွေပြောမိလို့ သူ့သူငယ်ချင်း ကိုအရိုင်း (အောင်သန်းဦး) နဲ့အတူ အဖမ်းခံရပြီး ထောင် ငါးနှစ်အပြစ်ပေးခံရတာပါ၊
အမေကြီးတို့အိမ်ကိုရောက်တော့ ကျနော်အံ့ဩရတာက သူတို့အိမ်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများစုဝေးပြီး ထောင်ကျနေဆဲ ကျောင်းသားများကို ရန်ပုံငွေရှာဖွေထောက်ပံ့ရာ ဗဟိုဋ္ဌာနတစ်ခုဖြစ်နေလို့ပါပဲ၊ ကျနော့်ထက်စောပြီး အကျဉ်းထောင်ကပြန်လွတ်ကြတဲ့ ကျောင်းသားလေးများဟာ အမေကြီးဒေါ်လှကြည်ရဲ့ ဦးဆောင်မှုနဲ့ နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာဖွေပြီး ထောင်အသီးသီးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေကို အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့နေကြပါတယ်၊ အမေကြီးဒေါ်လှကြည်ကို ဗဟိုပြုလို့ပဲ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်၊ ကျနော်လဲ အထူးတလည်မစည်းရုံးရပဲ အမေကြီးဒေါ်လှကြည်ရဲ့ နိုင်ငံရေးအကျဉ်းသားထောက်ပံ့ရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါသေးတယ်၊ ကျနော်လွတ်ပြီး သိပ်မကြာခင် ၁၉၉၄ ခုနှစ်အတွင်းမှာ ကိုသူရ နဲ့ ကျနော့်ညီ ရွှေဘုန်းလူ တို့ အကျဉ်းထောင်ကလွတ်မြောက်လာကြပါတယ်၊ မင်းကိုနိုင်ကတော့ အကျဉ်းကျနေဆဲမို့ ဒေါ်လှကြည် (၁) နဲ့ ဒေါ်လှကြည် (၃) တို့ခင်မျာ ဒေါ်လှကြည် (၂) ကိုစာနာသနားပြီး အပြည့်အဝ မပျော်ရွှင်နိုင်ခဲ့ကြရပါ၊

ဒေါ်လှကြည် (၂)
မင်းကိုနိုင်အမေ ဒေါ်လှကြည် (၂) က သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးအပေါ်က ရှည်မျောမျောအိမ်ကလေးမှာ နေပါတယ်၊ ခင်ပွန်းသည်က ပန်းချီဆရာကြီး ဦးသက်ညွန့်ပါ၊ မင်းကိုနိုင် အကျဉ်းကျနေချိန်မှာ သမီး သုံးယောက်နဲ့အတူနေရင်း အိမ်ဆိုင်ကလေးတစ်ခုဖွင့်လှစ်ထားပါတယ်၊ ကျနော် ထောင်ကလွတ်လွတ်ချင်းမှာပဲ သူတို့ရဲ့ အိမ်ကလေးကို မေမေဒေါ်လှကြည် (၃) နဲ့အတူ ကျနော်ရောက်ပါတယ်၊ တွေ့တွေ့ချင်းပါပဲ၊ အမေဒေါ်လှကြည်နဲ့ အဘဦးသက်ညွန့်တို့ကို မိဘအရင်းများသဖွယ်ချစ်ခင်မိပါတယ်၊ အမေနဲ့ အဘကလဲ ကျနော့်အပေါ်တူညီသော မေတ္တာထားကြပါတယ်၊ အမေဒေါ်လှကြည် (၂) က ကျနော့်ကို "သား" လို့ခေါ်ပြီး သူ့ကိုလဲ "အမေ" လို့ခေါ်ဖို့ပြောပါတယ်၊ မကြီး၊ မငယ်၊ မီးငယ် ညီအမ သုံးယောက်ကလဲ ကျနော့်ကို ကွဲကွာနေတဲ့ မောင်လေးတစ်ယောက်၊ အစ်ကိုတစ်ယောက်ပြန်ရောက်လာသလို ချစ်ခင်ရင်းနှီးကြပါတယ်၊ ကျနော့်အတွက် အင်မတန်ချစ်စရာကောင်းတဲ့ ဒုတိယမိသားစုတစ်ခုကို ရရှိလိုက်တာပါ၊ သူတို့ကို ကျနော်က ၁၉၉၀ခုနှစ်က အင်းစိန်အကျဉ်းထောင်ထဲမှာ မင်းကိုနိုင်နဲ့ နောက်ဆုံးတွေ့ခဲ့ရပုံကို ပြန်ပြောပြတော့ သူတို့အားလုံး ကြေကွဲဝမ်းနည်းကြရပါတယ်၊ 

ကျနော် ထောင်ကလွတ်တဲ့ ၁၉၉၃ခုနှစ် ဇူလိုင်လကနေ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွါတဲ့အချိန် ၁၉၉၅ခုနှစ် မတ်လထိ အမေဒေါ်လှကြည် (၂) ရဲ့ သင်္ဃန်းကျွန်း၊ ဝေဇယန္တာလမ်းမပေါ်က အိမ်ကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ်ဖြစ်ခဲ့ပါတယ်၊ အဘဦးသက်ညွန့်ကတော့ သူ့သားကို လွမ်းတဲ့စိတ်နဲ့ အခန်းကျဉ်းကျဉ်းကလေးထဲမှာ ပန်းချီကားတွေပဲ ဆက်တိုက်ရေးဆွဲနေပါတယ်၊အမေဒေါ်လှကြည် (၂) ကတော့ မင်းကိုနိုင်အဖမ်းခံရတဲ့အချိန်ကစလို့ ယောဂီဝတ်စုံကိုပဲ ဝတ်ပါတော့တယ်၊ တရားစခန်းမကြာခဏဝင်ပါတယ်၊ သူ့သား သူ့ကိုမြင်ရင် ဝမ်းနည်းပြီး စိတ်ဓာတ်ပျော့မှာစိုးလို့ ထောင်ဝင်စာဘယ်တော့မှ လိုက်မတွေ့ပါ၊ မင်းကိုနိုင်အတွက် ထောင်ဝင်စာကိုတော့ ဒေါ်လှကြည် ၃ယောက် စုပေါင်းချက်ပြုတ်ကြပြီး မကြီး၊ မငယ်၊ မီးငယ်တို့ ညီအမတွေက အလှည့်ကျထောင်ဝင်စာသွားတွေ့ကြပါတယ်၊

ကျနော့်လိုပဲ ကိုသူရကလဲ ထောင်ကလွတ်လာပြီးတဲ့နောက် အမေဒေါ်လှကြည် (၂) ရဲ့ အိမ်ကို ရောက်လာပါတယ်၊ သူက မင်းကိုနိုင်နဲ့ အင်းစိန်ထောင်၊ အထူးတိုက်မှာ အချိန်အတော်ကြာကြာအတူနေခဲ့ရလို့ သူ့မှာ မင်းကိုနိုင်အကြောင်းတွေ ပြန်ပြောစရာတွေ အများကြီးပါလာခဲ့ပါတယ်၊ မင်းကိုနိုင်ထောင်ထဲမှာ ရေးစပ်တဲ့ သီချင်းတွေ၊ ကဗျာတွေကိုလဲ သူက နှုတ်တိုက်ကျက်မှတ်လာခဲ့ပြီး ပြန်ရွတ်ပြတော့ ဒေါ်လှကြည် (၂) မျက်ရည်ကျရပါတယ်၊ ကိုသူရ အနုပညာလုပ်ငန်းတွေပြန်လုပ်တော့ မင်းကိုနိုင် ထောင်ထဲမှာ နှုတ်နဲ့ဖန်တီးခဲ့တဲ့ ဝတ္ထုဇာတ်လမ်းအချို့ကို ဗီဒီယိုဇာတ်လမ်းအဖြစ် အသက်သွင်းခဲ့ပါသေးတယ်၊ 

ကျနော် စင်္ကာပူကို မထွက်ခွါခင်မှာ အဘဦးသက်ညွန့်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို စီစဉ်ကျင်းပပေးခဲ့ပါတယ်၊ အန်ကယ်ဦးဝင်းနိုင် (အမျိုးသားရေး ဦးဝင်းနိုင်) က ရွှေတောင်ကြားက သူ့အိမ်မှာ ပန်းချီပြပွဲလုပ်ခွင့်ပေးပါတယ်၊ ပန်းချီကိုဝသုန်၊ ကိုတင်မောင်ဝင်း၊ မသိဂီင်္၊ မစန်းစန်းတင်၊ ရန်မျိုးသိမ်း၊ ချိုချိုထွန်းငြိမ်း၊ ဥမ္မာ နဲ့ ရွှေဘုန်းလူတို့ ဝိုင်းဝန်းကူညီကြပါတယ်၊ မင်းကိုနိုင်ကို ချစ်ခင်သူတွေနဲ့ သံရုံးတစ်ချို့က သံတမန်တွေ လာရောက်ကြည့်ရှူကြပေမည့် ကျနော်မျှော်လင့်သလောက် ပန်းချီကား များများမရောင်းရပါ၊ အစိုးရဘက်က ဖိအားပေးလို့ ပန်းချီ၊ပန်းပုကောင်စီကနေ ဒီပြပွဲကို အတိုင်းအတာတစ်ခုအထိ အနှောက်အယှက်ပေးပါတယ်၊ အဲဒီအချိန်က ပန်းချီပြပွဲလုပ်မယ်ဆိုရင် ပန်းချီ၊ပန်းပုကောင်စီ (ရိုးရာပန်းပညာရှင်များအစည်းအရုံး လို့ခေါ်တယ်ထင်ပါတယ်၊) ကို ခွင့်ပြုချက်တောင်းရပါတယ်၊ ပြပွဲမစခင် ကောင်စီလူကြီးတွေက ခင်းကျင်းပြသထားတဲ့ ပန်းချီကားတွေကို လာရောက်စစ်ဆေးပြီး သူတို့မကြိုက်တဲ့ ကားကို ဖြုတ်ခိုင်းတတ်ပါတယ်၊ ဆင်ဆာလုပ်တာပါ၊ သူတို့ခွင့်ပြုမှ ပြပွဲပြခွင့်ရှိပါတယ်၊ ကျနော်က ဒီပြပွဲအတွက် ဘယ်သူ့ထံမှာမှ ခွင့်ပြုချက်မတောင်းခဲ့ပါ၊ ဒီတော့  အဘဦးသက်ညွန့်ကို ပန်းချီပန်းပုကောင်စီကနေ “ဘာကြောင့် ဒီပြပွဲလုပ်ဖို့ ခွင့်ပြုချက်မတောင်းရသလဲ” ဆိုပြီး ဖုန်းဆက်မေးပါတယ်၊ အဘကတော့ “ဒါ ပန်းချီပြခန်းမှာလုပ်တဲ့ ပြပွဲမဟုတ်ဘူး၊ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာလုပ်တဲ့ ပန်းချီကားရောင်းပွဲ၊ ဒါကြောင့် ခွင့်ပြုချက်တောင်းစရာမလိုဘူး” လို့ ပြန်ဖြေလိုက်ပါတယ်၊ အိမ်ရှင်ဦးဝင်းနိုင်ကိုလဲ မြို့နယ်အာဏာပိုင်နဲ့ ထောက်လှမ်းရေးက "ခင်ဗျားအိမ်မှာ မင်းကိုနိုင်ရဲ့ အဖေနဲ့ အောင်ဒင့်ကို ဘာကြောင့်လက်ခံထားတာလဲ" လို့ လှမ်းမေးပါသေးတယ်၊ ဦးဝင်းနိုင်ကလဲ "ကျုပ်အိမ်မှာ ကျုပ်ဘယ်သူ့ကို လက်ခံလက်ခံ ခင်ဗျားတို့နဲ့ ဘာဆိုင်သလဲ' လို့ ဘုပြန်တောလိုက်ပါတယ်၊

ပြပွဲနောက်ဆုံးနေ့က ကားတစ်စီးငှါးလို့ ပန်းချီကားတွေကို သိမ်းဆည်းပြီး အိမ်ပြန်အရောက်မှာ ကျနော့်မျက်နှာမကောင်းလို့ အမေဒေါ်လှကြည် (၂) က "သား၊ နေမကောင်းဘူးလား" လို့မေးပါတယ်၊ ကျနော်က "အမေရယ်၊ ကျနော်က ဒီထက်မက ရောင်းရလိမ့်မယ်လို့ မျှော်လင့်ထားတာပါ၊ အခုတော့ ကျနော် အဘနဲ့အမေကို မျက်နှာပူလို့ပါ" လို့ဖြေလိုက်တော့ အမေက ရီပါတယ်၊ "ဘာလို့ စိတ်မကောင်းဖြစ်ရတာလဲ သားရယ်၊ အခုရတဲ့ ငွေတောင် ဒီပြပွဲကို သားမစီစဉ်ပေးရင် အမေတို့ရမှာမှ မဟုတ်တာ၊  အမေတို့က သားကို အရမ်းကျေးဇူးတင်နေရတာပါ" လို့လဲ ပြောပါသေးတယ်၊ ပြီးတော့ ကျနော့်ကို ပိုက်ဆံထုတ်ထဲက ကျပ်နှစ်သောင်းထုတ်ပေးပါတယ်၊ "သား စင်္ကာပူသွားဖို့ ကိစ္စ ပိုက်ဆံလိုလိမ့်မယ်၊ ယူသွားပြီး နောက် သားအဆင်ပြေမှ ပြန်ပေး" လို့ပြောပါတယ်၊ ကျနော်လဲ အင်မတန် အံ့ဩကြည်နူးရပါတယ်၊ တကယ်လဲ စင်္ကာပူသွားဖို့အတွက် ပိုက်ဆံလိုနေတာပါ၊ မငြင်းဆန်ပဲ ယူလိုက်ရပါတယ်၊ တော်ပါသေးတယ်၊ စင်္ကာပူရောက်ပြီး နှစ်လအကြာမှာ အမေ့ပိုက်ဆံကို ကျနော်ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်၊

ဒေါ်လှကြည် (၃)
ဒေါ်လှကြည် (၃)ကတော့ ကျနော့်မိခင်ကြီးပါ၊ ကျနော့်အဖေဦးကျော်ရှိန်၊ ကိုသူရအဖေ အဘနန်း နဲ့ မင်းကိုနိုင် အဖေ အဘဦးသက်ညွန့်တို့ အဖေကြီးသုံးယောက်က အသက်မတိမ်းမယိမ်းရှိကြပေမည့် ဒေါ်လှကြည်သုံးယောက်မှာတော့ ကျနော်အမေ ဒေါ်လှကြည် (၃) က အငယ်ဆုံးဖြစ်ပါတယ်၊ ဖေဖေက အသက်ကြီးမှ အိမ်ထောင်ကျတာဖြစ်ပြီး မေမေက ဖေဖေ့ထက် အသက် ၂၀လောက်ငယ်လို့ပါ၊ ဒါပေမည့် အမေသုံးယောက်ထဲမှာ ဒေါ်လှကြည် (၃) ဟာ လောကဓံတရားကို အဆိုးဝါးဆုံးခံစားခဲ့ရသူတစ်ယောက်ဖြစ်မယ် ထင်ပါတယ်၊  

မေမေက ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အပိုင် ကျုံမငေးဆိုတဲ့ မြို့ကလေးဇာတိပါ၊ သူ ကလေးဘဝမှာပဲ သူ့အမေ ဆုံးပါးခဲ့ပါတယ်၊ အဲဒီတုံးက မြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခိုက်နေတဲ့ သူပုန်တပ်ဖွဲ့တစ်ဖွဲ့က မေမေ့အမေ (ကျနော့်အဖွားနဲ့) သားသမီးနှစ်ယောက် (မေမေနဲ့ မေမေ့မောင်လေး) ကို ပြန်ပေးဆွဲခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ သူတို့အင်မတန်မုန်းတဲ့ ကျနော့်အဘိုး၊ စစ်ရဲတပ်ရင်းအမှတ် ၂၂ ရဲ့ တပ်ရင်းမှူး ဗိုလ်ကြီးသန်းတင်ကို မုန်းတီးလွန်းလို့ ဂလဲ့စားချေဖို့ပါ၊ မေမေက အဲဒီအချိန်က အသက် ၄နှစ်အရွယ်ဖြစ်ပြီး မေမေ့မောင်လေးက လသားကလေးပဲ ရှိပါသေးတယ်၊ ပထမဆုံး မေမေ့အမေကို သူပုန်တွေက သတ်ပစ်လိုက်ပါတယ်၊ ဒုတိယနေ့မှာ မေမေ့မောင်ကလေးကို သတ်လိုက်ပြန်ပါတယ်၊ နှစ်ယောက်စလုံးကို မေမေ့ရှေ့မှာပဲ သတ်တာပါ၊ သတ်ပုံသတ်နည်းကလဲ အင်မတန် ကြမ်းကြုတ်ရက်စက်လွန်းလို့ ဒီစာစုမှာ မဖော်ပြချင်ပါ၊ နောက်တစ်ရက် မေမေ့ကို သတ်တော့မည့်အလှည့်မရောက်ခင်မှာ သူပုန်တပ်ထဲက စာနာတတ်တဲ့အဘိုးကြီးတစ်ယောက်က အမေ့ကို ကယ်တင်ပြီး လှေကလေးတစ်စီးနဲ့ ထွက်ပြေးခဲ့ကြပါတယ်၊ ချောင်းကြိုချောင်းကြားမှာ ငါးရက်လောက် ခိုးချောင်ခိုးဝှက်လှော်ခတ်ပြီးမှပဲ အဘိုးရှိရာ တပ်စခန်းကိုရောက်ပြီး ဒေါ်လှကြည် (၃) တစ်ယောက်အသက်ဘေးက လွတ်မြောက်ရပါတယ်၊ ဒါပေမည့် သူ့အမေနဲ့ သူ့မောင်လေး သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတာကို သူ့ဦးဏှောက်ထဲက၊ သူ့နှလုံးသားထဲက ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတော့ပါ၊

ကျနော့်အဘိုးက နောက်အိမ်ထောင်ပြုတဲ့အတွက်ကြောင့် မေမေဟာ သူ့အဘိုး၊အဘွားများနဲ့ ကြီးဒေါ်များရဲ့လက်ထဲမှာ ကျုံမငေးမြို့မှာ ကြီးပြင်းရှင်သန်ခဲ့ရတာပါ၊ ဖေဖေနဲ့လက်ထပ်ပြီးမှပဲ ရန်ကုန်ကို ရောက်ပါတယ်၊အဘိုးလဲ နောက်အိမ်ထောင်နဲ့ သားတစ်ယောက်မွေးဖွားပြီး သိပ်မကြာခင် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ တိုက်ပွဲကျခဲ့ပါတယ်၊ 

မေမေဟာ ခင်ပွန်းသည်နဲ့ သားသမီးတွေကို ချစ်စိတ်ကြီးတဲ့ သာမာန်အမျိုးသမီးကြီးတစ်ယောက်ပါ၊ ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံတွေကို ကောင်းကောင်းနားလည်ပါတယ်၊ ငယ်ငယ်ကလေးထဲက မိဘကို ဆုံးရှုံးခဲ့ရလို့ မိသားစုဘဝကို အလွန်မြတ်နိုးပါတယ်၊ နိုင်ငံရေးဆိုတာကို နားမလည်ပေမည့် မတရားမှုမှန်သမျှကို ဆန့်ကျင်ပါတယ်၊ ခင်ပွန်းသည်နဲ့ သားသမီးများရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လှုပ်ရှားမှုတွေကို အားပေးထောက်ခံပါတယ်၊ ကျနော်အဖမ်းခံရလို့ အင်းစိန်ထောင်ထဲရောက်ချိန်မှာ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကနေ မေမေပို့လိုက်တဲ့ သတင်းစကားက "အကြီးကောင်ကြီး၊ လက်မှတ်ထိုးပြီး ထွက်မလာနဲ့နော်"  တဲ့၊

အမေများနဲ့ သားများ
ဒီအမေတွေကြောင့် ဒီသားတွေ လူလားမြောက်ခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ဒီသားတွေ လူ့လောကအကျိုးတစ်စုံတစ်ရာစွမ်းဆောင်နိုင်ခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျနော်တို့တွေ တော်လှန်ရေးဆိုတဲ့ အန္တရယ်ကြီးမားတဲ့လမ်းကို လျှောက်လှမ်းရဲခဲ့ကြတာပါ၊ ဒီအမေကြီးတွေရဲ့ ယုံကြည်မှုနဲ့ ကျနော်တို့တွေ အကျဉ်းထောင်ထဲမှာ မယိမ်းမယိုင် ကြံ့ခိုင်ခဲ့ကြတာပါ၊ ဒေါ်လှကြည်သုံးယောက်လို မိခင်တွေ ကျနော်တို့မြန်မာနိုင်ငံမှာ အများကြီးရှိနေတာက ကျနော်တို့အားလုံးအတွက် မင်္ဂလာတစ်ပါးပါပဲ၊

အခုတော့ အမေကြီးသုံးယောက်မှာ ဒေါ်လှကြည် (၁) က ၂၀၀၉ခုနှစ် ကိုသူရ အကျဉ်းထောင်ထဲရှိနေစဉ်မှာပဲ ဆုံးပါးသွားခဲ့ပါပြီ၊ ဒေါ်လှကြည် (၂) နဲ့ ဒေါ်လှကြည် (၃) တို့ပဲ ကျန်ပါတော့တယ်၊ သားတွေအားလုံးအကျဉ်းထောင်က လွတ်ခဲ့ကြပြီဖြစ်ပေမည့် ဒေါ်လှကြည် (၁) ရဲ့သား ကိုဝဏ္ဏနဲ့ ဒေါ်လှကြည် (၃) ရဲ့သား ရွှေဘုန်းလူ (ခေါ်) တာရာမင်းဝေတို့ ဆုံးပါးသွားကြပါပြီ၊ ကျန်တဲ့ သားသုံးယောက်ဖြစ်တဲ့ ကိုသူရ၊ မင်းကိုနိုင် နဲ့ကျနော်တို့မှာ ကျနော်က အားလုံးနဲ့ မိုင်ပေါင်းထောင်ပေါင်းများစွာဝေးကွာတဲ့ အမေရိကန်ပြည်ထောင်စုမှာပါ၊ ကျန်နေသေးတဲ့ အမေကြီးနှစ်ယောက်ကို အဝေးကနေ ကန်တော့ရင်း သူတို့ကို လူကိုယ်တိုင်ပြန်ဆုံဦးခိုက်နိုင်မည့်အချိန်ကိုပဲ မျှော်လင့်နေမိပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဧပြီ ၇၊ ၂၀၁၃

0 comments: