BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, June 12, 2013

Burma's Parliament Watch Part 22

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၀၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂၂) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (ခ)

အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ

ဒီဥပဒေကို ၁၉၈၈ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးစမှာပဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆ အနေနဲ့ စက်တင်ဘာလ ၃၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပေါ်ထွက်လာတဲ့ ကျောင်းသားသမဂ္ဂတွေ၊ သပိတ်ကော်မီတီတွေ၊ သံဃာ့အဖွဲ့အစည်းတွေ၊ လူထုအဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့၊ အရေးယူဖို့ပါ၊ ဒီဥပဒေကို အမှန်တကယ်သုံးစွဲပြီး အရေးယူ ထောင်ချတာကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးကို နအဖအစိုးရက အကြမ်းဖက်ဖြိုခွင်းအပြီးမှာပါ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဋ္ဌေးကြွယ်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေ၊ မျိုးဆက်လှိုင်းအဖွဲ့ဝင်တွေ၊ ဦးဂမ္ဘီရ၊ ဦးပြည်ကျော် (ခေါ်) ဦးပညာဝံသ၊ မဂ္ဂင်ဆရာတော် အပါအဝင် သံဃာ့တပ်ပေါင်းစုဝင် သံဃာတော်တွေ၊ ဟန်နီဦး၊ ဒီငြိမ်းလင်း၊ ကျော်ကိုကို စတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို အစိုးရရဲ့ အထူးတရားရုံးများက အပြစ်ပေးထောင်ချရာမှာ သင်းဖွဲ့ (၆) လို့ အတိုကောက်အမည်နဲ့ နံမည်ကြီးတဲ့ ဒီဥပဒေဟာ အစိုးရရဲ့ လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်၊

ဒီဥပဒေအရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဋ္ဌာန (အခုတော့ ပြည်ထဲရေးဝန်ကြီးဋ္ဌာန နဲ့ သာသနာရေးဝန်ကြီးဋ္ဌာန) မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းများနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများသာ တရားဝင်ဖွဲ့စည်းရပ်တည်ခွင့်ရှိပြီး မှတ်ပုံတင်မထားတဲ့ (သို့မဟုတ်) မှတ်ပုံတင်မရှိတဲ့ အဖွဲ့အစည်းများဟာ ဖွဲ့စည်းခွင့်၊ ရပ်တည်ခွင့်မရှိပါ၊ ပြီးတော့ အဖွဲ့အစည်းများဟာ ဒီဥပဒေ ထုတ်ပြန်တဲ့ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကနေ ရက်ပေါင်း ၃၀ (တစ်လ) အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်မရသော အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း သို့မဟုတ် ဆက်လက်ရပ်တည်လှုပ်ရှားခြင်းမပြုရပါ၊ ပြစ်ဒါဏ်များကို ပုဒ်မ (၆) နဲ့ (၇) မှာ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၆) အရ မည်သူမဆို ခွင့်ပြုချက်မရပဲ၊ ဖွဲ့စည်းခွင့်မရှိပဲ ဖွဲ့စည်းရပ်တည်လှုပ်ရှားတယ်ဆိုရင် ထောင်ဒါဏ် ၅နှစ်အထိ ကျခံရမှာဖြစ်ပြီး ပုဒ်မ (၇) အရ မည်သူမဆို ဖွဲ့စည်းခွင့်၊ ဆက်လက်ရပ်တည်ခွင့် မရှိတဲ့ အဖွဲအစည်းမှာ ပါဝင်ရင်၊ အဲဒီအဖွဲ့အစည်းကို အားပေးကူညီရင်၊ အဲဒီအဖွဲ့အစည်းရဲ့ အဆောင်အယောင်ကို အသုံးပြုတယ်ဆိုရင် ပြစ်ဒါဏ် ၃နှစ်အထိကျခံရမှာ ဖြစ်ပါတယ်၊

ဒီကနေ့မြန်မာနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပြောင်းအလဲတွေမှာ ထိရောက်စွာပါဝင်လှုပ်ရှားနေကြပါတယ်၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က ဒီအရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ပဉ္စမမဏ္ဏိုင်အဖြစ်သတ်မှတ်ပြီး တိုင်းပြည်အပြောင်းအလဲအတွက် အင်မတန်အရေးကြီးတဲ့ အင်အားစုကြီးအဖြစ် အသိအမှတ်ပြုထားတာပါ၊ ဒါပေမည့် ဒီအရပ်ဘက်လူအဖွဲ့အစည်းအများစုဟာ မှတ်ပုံတင်တွေနဲ့ တရားဝင်ဖွဲ့စည်းရပ်တည် လှုပ်ရှားနေကြရတာ မဟုတ်ပါ၊ မှတ်ပုံတင်လျှောက်ထားပေမည့် တက်ကြွမှုမရှိတဲ့ အစိုးရ ဗျူရိုကရေစီအဆင့်ဆင့်တွေက မှတ်ပုံတင်လျှောက်တဲ့ လုပ်ငန်းစဉ်တွေကို ကြံ့ကြာစေပါတယ်၊ နိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ များပြားလှတဲ့ မှတ်ပုံတင်ကြေးတွေကြောင့် မှတ်ပုံတင်မလျှောက်နိုင်တဲ့ အဖွဲ့အစည်းများလဲ ရှိကြပါတယ်၊ 

တခါ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်လှုပ်ရှားခွင့် ရှိရမှာမို့ ပြည်သူလူထုရဲ့ ကိုယ်စားပြုလူထုအဖွဲအစည်းတွေဟာ အစိုးရထံ ခွင့်ပြုချက်တောင်းခံစရာ၊ မှတ်ပုံတင်လျှောက်စရာမလိုဘူးလို့ ယုံကြည်မှုနဲ့ မှတ်ပုံတင်မလျှောက်ကြတဲ့ အဖွဲ့အစည်းတွေလဲရှိပါတယ်၊ ကျောင်းသားသမဂ္ဂများဆိုတာလဲ ကျောင်းသားထုကိုယ်စားပြုအဖွဲ့အစည်းများဖြစ်ပြီး ဒီမိုကရေစီပညာရေးစနစ်နဲ့ ကျောင်းသားအခွင့်အရေးကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်တာမို့ အစိုးရရဲ့ ခွင့်ပြုချက်နဲ့မှ ဖွဲ့စည်းလှုပ်ရှားရမည့် အဖွဲ့အစည်းမျိုးမဖြစ်သင့်ပါ၊ ဒါကြောင့်မို့ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ဆက်လက်တည်ရှိနေမှုဟာ မြန်မာနိုင်ငံရဲ့ ကျောင်းသားသမဂ္ဂများနဲ့ လူထုအခြေပြုအဖွဲ့အစည်းများကို အကြီးအကျယ်ခြိမ်းချောက်နေပြီး နောက်ပြန်လှည့်ခြင်းကို ဖြစ်ပေါ်စေမည့် သင်္ကေတတစ်ခုလည်း ဖြစ်နေပါတယ်၊

စစ်အစိုးရလက်ထက်မှာ အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ဒီလို လုထုရဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေမျိုး ဖန်တီးအသုံးချတာ အံ့ဩစရာမရှိပေမည့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဆိုတဲ့ ဒီကနေ့မြန်မာနိုင်ငံမှာ ဒီလိုဥပဒေမျိုး မရှိသင့်တော့ပါ၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ တာဝန်နှင့်အခွင့်အရေးများအခန်း၊ ပုဒ်မ ၃၅၄ (ဂ) မှာ ပြဋ္ဌန်းထားတဲ့ "အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်" နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံးဖျက်သိမ်းသင့်ပါတယ်၊

၁၉၀၈ မတရားသင်းအက်ဥပဒေ

ဒီဥပဒေက အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့ပြီး အင်္ဂလိပ်လက်အောက်က မြန်မာနိုင်ငံလွတ်မြောက်ပြီး နောက်ပိုင်းမှာလဲ အာဏာရှင်အစိုးရများကို အထောက်အကူပြုတဲ့ ဥပဒေမို့ ဒီကနေ့အထိ ဆက်လက်အသုံးပြုနေပါတယ်၊ မူလရည်ရွယ်ချက်က နယ်ချဲ့အင်္ဂလိပ်တွေကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာ့တော်လှန်ရေးသမားများကို နှိပ်ကွပ်ဖို့ဖြစ်လို့ အင်္ဂလိပ်က ဒီလိုဥပဒေမျိုးဖန်တီးပြဋ္ဌန်းတာကို အံ့ဩစရာမရှိပေမည့် လွတ်လပ်ရေးရပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံအစိုးရအဆက်ဆက်က ဒီဥပဒေကို ဆက်လက်အသုံးပြုနေတာကတော့ နိုင်ငံသားအချင်းချင်းနှိပ်ကွပ်ဖို့ ဖြစ်လို့ ဝမ်းနည်းစရာကောင်းလှပါတယ်၊ 

ဒီဥပဒေရဲ့ ပုဒ်မ (၁၇) (၁) အရ မတရားသင်းလို့သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ရင်၊ သို့မဟုတ် အဲဒီအဖွဲ့ရဲ့ အစည်းအဝေးမှာပါဝင်ဆောင်ရွက်ရင်၊ အဲဒီအဖွဲ့အတွက် ဝင်ကြေးကောက်ခံရင်၊ ဝင်ကြေးထည့်ဝင်ရင်၊ အဲဒီအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်မှုများကို ကူညီလျင် ထောင်ဒါဏ် အနည်းဆုံးနှစ်နှစ် နဲ့အများဆုံး သုံးနှစ်အထိအပြင် ငွေဒါဏ်ပါကျခံနိုင်ပါတယ်၊ ပုဒ်မ (၁၇) (၂) အရ မတရားသင်းအဖွဲ့အစည်းကို စီမံအုပ်ချုပ်သူ၊ စီမံအုပ်ချုပ်ခြင်းကို ကူညီသူ၊ အသင်းသားများ၏အစည်းအဝေးကို ကမကထပြုဆောင်ရွက်သူကို ထောင်ဒါဏ် အနည်းဆုံး ၃နှစ်၊ အများဆုံး ၅နှစ်အထိအပြင် ငွေဒါဏ်ပါချမှတ်နိုင်ပါတယ်၊ မတရားသင်းဆိုတာကို အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသူများ၊ ရုန့်ရင်းကြမ်းတမ်းမှုများနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန်အားပေးသောအဖွဲ့အစည်းများလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်၊

အစိုးရက သူ့ကို လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့အဖွဲ့အစည်းများကို ဖိနှိပ်ဖို့ ရည်ရွယ်ပြီး ဒီဥပဒေကို ဖန်တီးအသုံးပြုတာ ဖြစ်ပေမည့် အမှန်တကယ် နာကျင်ခံစားရတာက သာမာန်ပြည်သူတွေပါ၊ အစိုးရအုပ်ချုပ်ရေးအာဏာမသက်ရောက်တဲ့ နယ်စပ်ဒေသက အနက်ရောင်နယ်မြေတွေမှာ နေထိုင်ကြရတဲ့ ပြည်သူတွေအဖို့ ရွေးချယ်စရာမရှိပါ၊ သူတို့ကို အနီးကပ် အုပ်ချုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေတောင်းဆိုတာ အကုန်လုပ်ပေးရမှာပါ၊ ဒီလိုပဲ အညိုရောင်နယ်မြေလို့ခေါ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်လှည့်စီအုပ်စိုးနေကြတဲ့ ဒေသတွေမှာလဲ ပြည်သူတွေဟာ အစိုးရတပ်ဝင်လာရင် အစိုးရတပ်ကို ကြောက်ရ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဝင်လာရင်လဲ သူတို့ခိုင်းတာလုပ်ပေးရနဲ့ နီးရာဓားကိုကြောက်ပြီး အသက်ရှင်သန်နေကြရတာပါ၊ မိမိတို့ရဲ့ မိသားစုထဲက၊ ဆွေမျိုးစုထဲကနေ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများထဲ ပါဝင်လှုပ်ရှားနေကြတာလဲ အဲဒီနယ်မြေတွေက မိသားစုတိုင်းမှာ ရှိမှာပါ၊ ဒီမတရားသင်းဥပဒေကြောင့် သာမာန်ပြည်သူတွေ မတရားသဖြင့် ပြစ်ဒါဏ်ပေး၊ ထောင်ချခံရတာ မြန်မာနိုင်ငံရဲ့ အနှစ် ၆၀ ကျော်ပြည်တွင်းစစ်သက်တမ်းအတွင်း ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်၊ ဒီကနေ့ကာလမှာလဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပါတ်သက်လို့ဆိုပြီး ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိနေပါသေးတယ်၊ စစ်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ်မှာလဲ ကချင်လွတ်မြောက်ရေးအဖွဲ့ကို ကူညီလို့ဆိုပြီး ဖမ်းဆီးထောင်ချခံရသူတွေရှိနေပါတယ်၊

အစိုးရက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပေမည့် အချို့အဖွဲ့များက ဒီမတရားသင်းဥပဒေ ဆက်လက်တည်ရှိနေသေးတာမို့ ပြည်တွင်းမှာလာရောက်ဆွေးနွေးဖို့ တွန့်ဆုတ်နေကြပါတယ်၊ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီး ပြည်တွင်းမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့လည်း မတရားသင်းအဖြစ်က မလွတ်မြောက်သေးတာကြောင့် အစိုးရနဲ့ ဆက်လက်ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများရဲ့ သဘောထားတွေရယူဖို့ စည်းရုံးဆွေးနွေးရာမှာလဲ ပြည်သူလူထုက မတရားသင်းဥပဒေနဲ့ အရေးယူခံရမှာ ကြောက်နေပြီး သိပ်ပြီး ထိထိရောက်ရောက်ပါဝင်မဆွေးနွေးနိုင်ကြပါ၊ 

တိုင်းရင်းသားလူထုအဖွဲ့အစည်းအချို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွပါဝင်နေကြပေမည့် သူတို့ရဲ့ ကံကြမ္မာဟာလဲ မရေရာလှပါ၊ မတော်တဆ ဆွေးနွေးပွဲတွေမအောင်မြင်ပဲ အပစ်အခတ်ရပ်စဲရေးပျက်သွားရင် သူတို့မှာလဲ မတရားသင်းဥပဒေနဲ့ အရေးယူခံရမည့်အလားအလာရှိနေပါတယ်၊
ဒီဥပဒေ ဆက်လက်တည်ရှိနေသ၍ အစိုးရရဲ့ ပြည်တွင်းစစ်ကြီးကို ထာဝရရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် တိုင်းရင်းသားများဘက်က အပြည့်အဝယုံကြည်မှာ မဟုတ်ပါ၊ 

ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာလို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာလို့အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အဆင့်လိုက် အဆင့်လိုက် လျှော့ချပေးနေပေမည့် ပိတ်ဆို့အရေးယူမှုတွေကို ပြဋ္ဌန်းတဲ့ ဥပဒေကိုတော့ အပြီးတိုင်မရုတ်သိမ်းပဲ ဆက်လက်သက်တမ်းတိုးနေသလိုပါပဲ၊ ဒါမှ တစ်ချိန်မှာ အခြေအနေတွေ တိုးတက်မလာပဲ နောက်ပြန်ဆုတ်မည်ဆိုရင် တည်ရှိနေဆဲဖြစ်သောဥပဒေအရ အမေရိကန်အစိုးရက မြန်မာအစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်နိုင်မှာပါ၊ မြန်မာအစိုးရကလဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပေမည့် တစ်ဘက်မှာလဲ မတရားသင်းအက်ဥပဒေကို အသင့်ကိုင်တွယ်ထားပြီး အခြေအနေမတိုးတက်ရင် ဒီဥပဒေကို အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုရော၊ သူတို့နဲ့ ပါတ်သက်သူများကိုပါ အရေးယူမယ်လို့ ထင်မြင်စရာအကြောင်းရှိနိုင်ပါတယ်၊
 
ဒါကြောင့်မို့ အပြစ်မည့်ပြည်သူများရဲ့အကျိုးစီးပွါးအတွက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ စစ်မှန်သောစေတနာကို သက်သေပြတဲ့အနေနဲ့ ဒီ ၁၉၀၈ခုနှစ် မတရားသင်းအက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အပြီးတိုင် ဖျက်သိမ်းသင့်ပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ

အောင်ဒင်
မေ ၃၊ ၂၀၁၃
 


0 comments: