BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, February 13, 2011

Dinner


ညစာ

အောင်ဒင်/ ဒတ္ထ
စက်တင်ဘာ ၆၊ ၁၉၈၄


အိပ်တန်းပြန်ငှက် တောင်ပံခတ်
ညကို နေ့ကတာဝန်အပ်ပြီ
ကမ္ဘာ့နာရီကို စောင့်ရှောက်ဖို့…၊

… ညနေခင်းရေ
နေဝါရောင်လက်တံရှည်နဲ့
သီချင်းဆိုတဲ့ လေပြေညှင်း
အရိပ်မည်းအိုင်ကြီးထဲမဆင်းသက်ခင်
ပန်းရင်ပြင်ကို ဘောင်မခတ်
ခေတ္တလွတ်လပ်နေပါစေ…၊

…အသက်ရှူကြ
လမ်းရှောက်ကြ
လတ်ဆတ်တဲ့လေကို သောက်ကြ
သင်္ခါရကို၊ ပမာမခန့်
မိမိအားအင်၊ သန့်စင်ပါစေ...၊

… ညစာစားပြီးပြီလား
ညစာစားတော့မှာလား
ဘုရားသခင်ရဲ့ တရားဓမ္မ
'ရှိတာလေးနဲ့ ရောင့်ရဲကြ
ရနိုင်သမျှ တင်းတိမ်ကြ"…တဲ့
ကျေနပ်ပါစ… မိတ်ဆွေ…၊

… စားသောက်ပြီးတဲ့နောက်
ပြည့်စုံခြင်းခြေထောက်နဲ့
ကောင်းကင်အောက်မှာ လမ်းရှောက်ပါ
ပျောက်ကွယ်ခါနီး
နေ့ခရီးကို နှုတ်ဆက်ပါ
အသက်ရှည်ရာ အနာမဲ့ကြောင်း
ဘုရားသခင်ထံဆုတောင်းပါ
ရာသီဥတုချိုချိုနဲ့ အချစ်သီချင်းဆိုတဲ့ မိုးတိမ်
အရုပ်အိမ်မှာ သင်ပျော်ပါစ…၊

အို၊ ကြည့်စမ်းပ
မာနမျဉ်းဖြောင့်တကြောင်း
လူတစုရဲ့ ခေါင်းပေါ်မှာ
နာရီကို မကြည့်
ရာသီအိုမရှိ
ဘဝကို သိနားလည်စွာပွေ့ဖက်
လောကရဲ့အရှက်နဲ့
ခက်ခဲသောတရားကိုတွေး
ကဗျာရေးဖွဲ့တဲ့အခါ
…အလင်္ကာတချို့
…အကြင်နာတချို့
…မျှော်လင့်ခြင်းတချို့
…ကြေကွဲခြင်းတချို့
ဒါ… သူတို့အဖို့ ညစာပေါ့…။ ။

(လွန်ခဲ့တဲ့ ၂၆နှစ်က ကဗျာ၊ ၂၀၁၁ ဂျန်နဝါရီလ မှာ ကံကောင်းထောက်မစွာ ပြန်ရရှိခဲ့တယ်၊)

(ပန်းချီကား၊ ထိန်လင်း ရဲ့ Green Journey North၊ mixed media on paper 26 x 36 cm 2006)

0 comments: