BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, February 13, 2011

Rose on the Moon Train


လရထားပေါ်က နှင်းဆီ

အောင်ဒင်/ ဒတ္ထ
ဩဂုတ် ၂၃၊ ၁၉၈၄


ကြည့်လိုက်ကြစမ်း
ခရမ်းပြာရောင်တွေ၊ မရမ်းဝါရောင်တွေ
လေဟာနယ် ပတ်လမ်းမှာ
ကမ္ဘာရဲ့ ဇရာပုံရိပ်
ဒြပ်တို့ တိပ်ဆိတ်စွာ အိပ်ပျော်
အိပ်မက်တို့ရဲ့ ကြွေးကြော်သံ
မနက်ဖြန်မှာပွင့်မည့်ပန်း
မာနဖြင့် လန်းဆန်းစေ့မယ်…၊

…သွားကြ
ဒါဟာ…ဘဝလှေကား
အဆင်းအတက်များဖို့မလို
ချွင်းချက်ထားဖို့ စကားတချို့ရှိရဲ့
ပြန်ခဲ့တော့ကွယ်
ညဟာ အလည်လွန်နေပြီ
နာရီလက်တံတို့ကို
ကြိမ်တို့ ကြိမ်းမောင်းသင့်ပြီကော…၊

…အို …လှနိုင်အားပါဘိ
ပကတိရဲ့ ဇစ်မြစ်
ရနံ့အစစ်ရှိတဲ့ပန်း
မြင့်မြတ်သူတို့လျှောက်တဲ့လမ်းမှာ
ခန်းနားဝင့်ထယ်နေရဲ့
နေခြည်နွဲ့နွဲ့မွှေးရှိုက်
လေပြည်သဲ့သဲ့ထွေးပိုက်
လူတချို့နဲ့တော့ မထိုက်တန်ပေဘူး…၊

…မျက်စိသူငယ်၊ နားသူငယ်
အသွေးအသားတွေ ရောင်းဝယ်နေကြ
ဘဝတချို့ရဲ့ အရင်းအနှီး
မျှော်လင့်ချက်ကြီးကြီးထားရင်
ဆန္ဒမျှော်စင်ကို လေထဲမှာဆောက်
ခြေသလုံးအိမ်တိုင်တယောက်ရဲ့ ဟာသစကား
ခင်ဗျားအဖို့တော့ ခါးသီးလိမ့်မယ်…၊

သီချင်းတွေက ညလေကိုခိုစီး
ဝမ်းနည်းစကားကို ဆွေးဆွေးမြေ့မြေ့ညည်းနေကြ
"အစဉ်အလာကို ရိုသေတတ်ရင်
အဆုံးအမကို နာခံတတ်ရင်
လျှောက်တဲ့လမ်းမှာ ရွှံ့မစင်နိုင်ဘူး" တဲ့
ဦးခေါင်းတို့ရဲ့ ငုံ့ခြင်းပုံပြင်
ရာဇဝင်အိုရဲ့ ဂီတ
သွေးကြောထဲက မာနကို ထိပါးနေသပ…၊

သိနားလည်မှုတခုအတွက်
ပြက္ခဒိန်နံရံပေါ်လမ်းလျှောက်ထွက်ခဲ့
လူတစုပိုင်တဲ့ ဆည်းဆာမှာ
အရှိန်အဝါနဲ့ အရောင်အသွေးတို့ထွန်းပ
ဘဝသီချင်းကို သကြားချိုချိုနဲ့သောက်
ခပ်နွမ်းနွမ်းကောင်းကင်ကြီးအောက်မှာ
ရွက်ခြောက်ကြွေသံက အစ
ဆူညံစူးဝါးလှပါပေါ့…၊

ခွင့်လွှတ်ကြ
ခွင့်လွှတ်ကြ
၁၈ ရာစုအသွေးအသားနဲ့လူ
ဆံပင်ဖြူဖြူကို တချောင်းချင်းရေတွက်
မျက်ဖြေလင်္ကာကို အသက်ရှည်ဆေးလိုချစ်မက်
"နောက်တနေ့မနက်မှာ မျက်နှာသစ်မယ်" တဲ့
ထမင်းသိုးတထုတ်လိုစွန့်ပစ်ခဲ့ကြ
အိပ်မက်ဟောင်းနဲ့အတူ ကနေပါစေ…၊

အချစ်ရေ
တို့အတူနေကြပါစို့
ညနေခင်းတချို့မှာ တေးသံကလေးတွေသာတုံး
အချိန်အခါတံတိုင်းရဲ့နောက်မှာ အမုန်းအိပ်ပျော်နေရဲ့
ရူးသွတ်တဲ့ပန်းများရဲ့ ရာဇဝင်
မှိုင်းမှိုင်းညို့ညို့သွေးပျက်ရင်ပြင်
တို့ကောင်းကင်ကြီးက စိတ်မချရဘူး မဟုတ်လား…။။။

(လွန်ခဲ့တဲ့ ၂၆နှစ်က ကဗျာ၊ ၂၀၁၁ ဂျန်နဝါရီလ မှာ ကံကောင်းထောက်မစွာ ပြန်ရရှိခဲ့တယ်၊)

(ပန်းချီကား၊ ထိန်လင်း ရဲ့ One World 1)

0 comments: