BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Friday, February 6, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၇)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၉၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၅၊ စာ ၂၃)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၇)

အောင်ဒင်

#ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ မဖြစ်ပွါးအောင် စုပေါင်းကာကွယ်ရေး (အဆက်)

မိုးမခ အင်တာနက်မဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဆရာမ စပယ်ဖြူရဲ့ "ဋ္ဌာနေသို့ တစ်ခေါက်တစ်ခါ" ဆိုတဲ့ ဒီဇင်ဘာလ (၂) ရက်နေ့စွဲနဲ့ ဆောင်းပါးလေးကို ဖတ်ရတော့ အင်မတန် ကြေကွဲမိပါတယ်။ ဆရာမက သူအလည်အပတ်ပြန်ရောက်ခဲ့တဲ့ သူ့ရဲ့ ဇာတိရွာကလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ကျေးရွာလေးရဲ့ လက်ရှိအခြေအနေအကြောင်းရေးထားတာပါ။ အဲဒီရွာကလေးမှာ ဗမာလူမျိုးအများဆုံးနေထိုင်ပြီး ကရင်တိုင်းရင်းသားမိသားစု (၅၀) လောက်နဲ့ မွတ်စလင်မိသားစု (၂၀) လောက်ရှိတယ်လို့ ဆိုပါတယ်။ တစ်ချိန်က စုစုဝေးဝေး ညီညီညွတ်ညွတ်ရှိခဲ့တဲ့ ရွာကလေးဟာ ဆရာမ တစ်ခေါက်တစ်ခါပြန်ရောက်ချိန်မှာ ပြောင်းလဲနေပါပြီ၊ 

ရွာမှာ ကျောင်းထိုင်ဘုန်းတော်ကြီးခေါင်းဆောင်တဲ့ (၉၆၉) အဖွဲ့က ဖွဲ့စည်းတည်ရှိနေပြီး ရွာသူရွာသားတွေကို ရွာရဲ့ မွတ်စလင်လူနည်းစုနဲ့ မပတ်သက်မဆက်ဆံရလို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ ဆရာမရေးတဲ့အတိုင်း ဖော်ပြရရင် "မွတ်စလင် လယ်သမားတယောက်ရဲ့ လယ်ထဲကို ဗုဒ္ဓဘာသာဝင် ကောက်စိုက်သမတွေ ကောက်စိုက် ဆင်းတာကို (၉၆၉) အဖွဲ့က သွားပြီးပြသနာလုပ်လို့ ကောက်စိုက်သမတွေ အားလုံးလယ်ထဲက ပြန်တက်လာကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က သူတပါးအကျိုးစီးပွား ပျက်စီးကြောင်းကို ဖြစ်စေတာမို့ မလုပ်သင့်ဘူးဆိုတာကို ဘွဲ့ရအချို့ပါဝင်တဲ့ (၉၆၉) အဖွဲ့ဝင်တွေ မစဉ်းစား မဆင်ခြင်နိုင်တာကို အံ့သြစွာ တွေ့ရပါတယ်။ သူတို့အဖွဲ့ကို အားမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း မကျေနပ်ကြဘူးလို့ ဆိုပါတယ်။ ဘေးရွာက ဘုန်းကြီးများနဲ့ ရွာသားများကို (၉၆၉) အဖွဲ့ ဖွဲ့ဖို့စည်းရုံးကြတာ မအောင်မြင်ပါ။ ရွာက လူနည်းစုဖြစ်တဲ့ ကရင်တွေ (၉၆၉) အဖွဲ့ထဲ မ၀င်လို့ ဗုဒ္ဓဘာသာဝင် မစစ်ဘူးလို့ ဝေဖန်ပုတ်ခပ် ပါတယ်။ ရွာမှာ သာရေးနာရေးတွေရှိရင် အရင်ကလို အသံချဲ့စက်ဖွင့် ပါတယ်။ မင်္ဂလာဆောင်ဆိုရင် မင်္ဂလာသီချင်းနဲ့ အချစ်အလွမ်း သီချင်းတွေ ဖွင့်ကြပါတယ်။ နာရေးဆိုရင်တော့ တရားခွေတွေ ဖွင့်ပါတယ်။ ရွာသားတွေကြိုက်တဲ့ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ရဲ့ တရားတွေဖွင့်တယ်။ ခုနောက်ပိုင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရေး တရာခွေတွေလည်း ဖွင့်ကြပါတယ်။ လူ့အခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ် ဆိုလား။ တရွာလုံးကြားနိုင်တဲ့ အသံချဲ့စက်ကတဆင့် ကျွန်မ ကြားခဲ့သော ဘုန်းကြီးတပါးရဲ့ ဟောပြောမှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် တစုံတရာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။"

ကျနော်တို့ တိုင်းပြည်မှာ ဆရာမ စပယ်ဖြူရဲ့ ဇာတိရပ်ရွာ၊ မိုးကြိုးပစ်ရွာကလေးက ကျောင်းထိုင်ဘုန်းတော်ကြီးလို ဘာသာရေးခေါင်းဆောင်တွေ ဘယ်လောက်တောင်များနေပြီလဲ။ မိုးကြိုးပစ်ရွာလို ဘာသာရေးအစွန်းရောက်များ လွှမ်းမိုးနေတဲ့ ရွာတွေ ဘယ်လောက်တောင်များနေပြီလဲ။ ဘာသာရေးခေါင်းဆောင်တစ်ယောက်ရဲ့ အခြားဘာသာတရားမုန်းတီးရေးလှုံ့ဆော်မှုတွေကို မြန်မာနိုင်ငံက အာဏာပိုင်အဖွဲ့အစည်းများနဲ့ သံဃာ့ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲများက ဘာကြောင့်အရေးမယူတာလဲ။

#ပြည်တွင်းငြိမ်းချမ်းရေး

နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲနိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်အစိုးရက ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ လက်ရှိလုပ်ငန်းစဉ်များအရ ပထမအဆင့်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဘက်တွေ့ဆုံပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးပွဲများဖြစ်ပါတယ်။  အဲဒီနှစ်ဘက်ဆွေးနွေးပွဲအောင်မြင်မှ၊ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စစ်ဖြစ်နေတဲ့ တပ်ဖွဲ့များအားလုံး လက်မှတ်ရေးထိုးပြီးမှ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးဆိုင်ရာ မူဘောင်ချမှတ်ခြင်းဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ဒုတိယအဆင့်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် နိုင်ငံရေးပါတီများလည်း ပါဝင်ခွင့်ရမယ်ဆိုပါတယ်။ အဲဒီနောက် တတိယအဆင့်မှာ သက်ဆိုင်သူအားလုံး၊ ပါဝင်သင့်သူအားလုံးပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပရေးပဲဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ စီးပွါးရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲအစည်းများ၊ တတ်သိပညာရှင်များလည်း ပါဝင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ 
စတုတ္ထနဲ့ နောက်ဆုံးအဆင့်ကတော့ နိုင်ငံရေးဆွေးနွေးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်များနဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြစ်ပါတယ်။

ကြားသိနေရတဲ့ သတင်းစကားများအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သဘောတူဖို့အတွက် နှစ်ဘက်စလုံးမှာ တင်းမာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားများဘက်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ (၆) ချက်ထဲက နောက်ဆုံး (၂) ချက်ဖြစ်တဲ့ "နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်" နဲ့ "တို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်" တို့ကို လက်မခံနိုင်ပါ။ ဒါလည်း သဘာဝကျပါတယ်။ လက်ရှိအစိုးရကို မကျေနပ်လို့ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတောင် မဖြစ်သေးခင် တည်ဆဲဥပဒေများကို လက်ခံရမယ်လို့ တောင်းဆိုတာဟာ သဘာဝမကျပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်ဆိုတာဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်တွေဖျက်၊ လက်နက်စွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်လို့ ပြောတာမျိုးဖြစ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲများကတဆင့် အားလုံးလက်ခံနိုင်မည့် အဖြေမရသေးခင် အခုလို တောင်းဆိုတာ လွန်လွန်းတယ်လို့ ဆိုရမှာပါ။

အစိုးရနဲ့ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားများတောင်းဆိုတဲ့ "ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး" ကိစ္စတွေကို အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ထည့်သွင်းရေးဆွဲရေးဆိုတာကို လက်မခံနိုင်ပါ။ တကယ်တော့ အစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံကြောင်း ပြောပြီးသားဖြစ်ပါတယ်။ တိုင်းရင်းသားများဘက်က သူတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံအတိအကျကို အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ထည့်သွင်းရေးဆွဲစေချင်ပါတယ်။ ဒါကို ကျနော်က သဘာဝကျတယ် မထင်ပါ။ ဖက်ဒရည်ပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းရမယ်ဆိုတာကို သမ္မတဦးသိန်းစိန်တစ်ဦးတည်းက မဆုံးဖြတ်နိုင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ဆုံးဖြတ်ခွင့်မရှိပါ။ လက်နက်ကိုင်တွေရော၊ လက်နက်မကိုင်သူရော တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကသာ ဆုံးဖြတ်ရမှာပါ။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလည်း အလားတူပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲကြီးမှာပဲ ဆွေးနွေးဆုံးဖြတ်ရမှာပါ။ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဲဒီနှစ်ချက်ကို ထည့်သွင်းဖို့ တောင်းဆိုတာဟာ တိုင်းရင်းသားများဘက်က လွန်လွန်းတယ်လို့ ပြောရမှာပါ။

တပ်မတော်က ကေအိုင်အေဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဝန်းကျင်က စစ်ရေးပြကွင်းကို အမြောက်ကြီးနဲ့ သတိပေးပစ်ခတ်လို့ တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦး သေဆုံးပြီး (၂၀) ကျော် ဒဏ်ရာရတာ၊ ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၂) ဖွဲ့ကို စုပေါင်းပြီး ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းတာ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေစုပေါင်းပြီး ကော်သူးလေတပ်မတော်ဖွဲ့စည်းတာတွေက အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးကို ပိုပြီးအလှမ်းဝေးစေနိုင်ပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဘက်စလုံးကို အညီအမျှဖိအားမပေးရင် ငြိမ်းချမ်းရေးဟာ ဟိုးအဝေးမှာပဲ ရှိနေပါလိမ့်မယ်။

ဒီနေရာမှာ သတိပြုဖို့က အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဘယ်ဘက်ကိုမှ မလိုက်ပဲ မျှမျှတတရပ်တည်တဲ့ အဖွဲ့အစည်းများ ဖြစ်ဖို့လိုပါတယ်။ ဘယ်ဘက်မှမလိုက်တဲ့ ကြားနေအဖွဲ့အစည်းများဖြစ်မှ၊ အစိုးရနဲ့လည်း မပါတ်သက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့လည်း မပါတ်သက်တဲ့ လူထုကိုယ်စားပြုအဖွဲ့အစည်းစစ်စစ်များဖြစ်မှ နှစ်ဘက်စလုံးကို ပြတ်ပြတ်သားသား၊ မျှမျှတတ ပြည်သူလူထုကိုယ်စား ဖိအားပေးနိုင်မှာဖြစ်ပြီး နှစ်ဘက်စလုံးကလည်း အဲဒီအဖွဲ့အစည်းများရဲ့ အသံကို အသိအမှတ်ပြု လေးစားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းအချို့ဟာ လူထုအဖွဲ့အစည်းအသွင်ရပ်တည်နေကြပေမည့် အစိုးရလုပ်သမျှ မကောင်းမြင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ထောက်ခံရပ်တည်နေကြတာ တွေ့ရပါတယ်။ အချို့အဖွဲ့အစည်းများဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ဋ္ဌာနချုပ်တွေကို ခေါက်တုန့်ခေါက်ပြန်သွားလာနေကြ၊ အခမ်းအနားတွေ တက်နေကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ မြေပေါ်လက်အောက်ခံအဖွဲ့အစည်းများပုံသဏ္ဍန်ဖြစ်နေတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ နှစ်ဘက်စလုံးမှာ တာဝန်ရှိပါတယ်။ ဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ အစိုးရနဲ့ တပ်မတော်ဘက်မှာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှာရော တာဝန်ရှိပါတယ်။ ဒါကို နှစ်ဘက်စလုံးကို မျှမျှတတအပြစ်မတင်ပဲ၊ မဝေဖန်ပဲ တစ်ဘက်ထဲကိုသာ စွပ်စွဲပြစ်တင်နေမည်ဆိုရင် အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍနဲ့ ဩဇာကို ပိုပြီးအားနည်းစေပါလိမ့်မယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ လက်နက်ကိုင်တဲ့ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပဲ လက်နက်မဲ့ပြည်သူများကိုသာ ကိုယ်စားပြုရမှာပါ။

#အရပ်ဘက်လူထုအဖွဲ့အစည်းများ အားကောင်းခိုင်မာစေချင်ပါသည်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးဖြစ်စဉ်များ နှောင့်နှေးနေတယ်ဆိုရင် အစိုးရ၊ လွှတ်တော်နဲ့ အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများမှာ တာဝန်အရှိဆုံးဖြစ်ပေမည့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှာလည်း အတိုင်းအတာတစ်ခုအထိ တာဝန်ရှိပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများမှာ လူထုအခြေပြုအင်အားနဲ့ အာဏာပိုင်အဖွဲ့အစည်းများကို အပြောင်းအလဲများ အရှိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားနိုင်အောင် ဖိအားပေးနိုင်တဲ့ ဩဇာရှိပါတယ်။ အပြောင်းအလဲများကို နောက်ကြောင်းပြန်လှည့်စေနိုင်တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးဟန့်တားနိုင်တဲ့ အင်အားရှိပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို တိုးချဲ့နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ လှုပ်ရှားမှုတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့အတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ အင်စတီကျူးရှင်းများအဖြစ် ခိုင်မာအားကောင်းဖို့ လိုအပ်ပါတယ်။ ဘက်လိုက်ခြင်းမရှိတဲ့ လူထုကိုယ်စားပြုအဖွဲ့အစည်းစစ်စစ်များဖြစ်ဖို့လိုပါတယ်။ အာဏာနိုင်ငံရေးသမားတွေရဲ့ လေးစားမှုရအောင် ညီညွတ်ကြဖို့လိုပါတယ်။ ဒီမိုကရေစီကို ချဲ့ထွင်နိုင်တဲ့ နည်းလမ်းအားလုံးကို ရှာဖွေပြီး အကျိုးရှိရှိအသုံးချနိုင်ဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းများ အားကောင်းကြံ့ခိုင်ကြပါစေ။

လေးစားစွာ

အောင်ဒင်
ဒီဇင်ဘာ ၃၊ ၂၀၁၄

0 comments: