BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, February 15, 2015

Burma's Parliament Watch Part (84)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၅၊ ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၅၊ စာ ၂၃)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၄) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (င)

#ထူးခြားဖြစ်စဉ် (၄) ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ

နိုဝင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း (ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁၀) က အရေးကြီးအဆိုတစ်ခု တင်သွင်းပါတယ်။ သူ့အဆိုက "ခေတ်စနစ်အခြေအနေ အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်နိုင်ရေးအတွက် အခြေအနေကောင်းများ လမ်းခင်းဖန်တီးပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း" ဖြစ်ပါတယ်။ အဲဒီ (၆) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့လို့ နိုင်ငံတော်သမ္မတထံ ဆက်လက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ညွှန်ကြားချက်အရ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်တိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တိုင်းရင်းသားအစုအဖွဲ့များရဲ့ ကိုယ်စားလှယ်အဖြစ် နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ရွေးချယ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအဆိုကို သဘောတူတယ်လို့ သိရပါတယ်။

ခြောက်ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲအတွက် လွှတ်တော်ဘက်က အဆင်သင့်ဖြစ်နေပေမည့် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ အဆင်သင့်ဖြစ်ပုံမရပါ။ သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦးက ဒီအဆိုကို သမ္မတက လေ့လာသုံးသပ်နေပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်းမှာ ကျင်းပမည့် လွှတ်တော် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ တရားဝင်အကြောင်းပြန်မယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ အဲဒီလို တွေ့ဆုံဖို့ ဆန္ဒမရှိဘူးလို့ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ကို ပြောလိုက်ပါတယ်။ တစ်ခါ လွှတ်တော်ပြင်ပက တိုင်းရင်းသားနိုင်ငံရေးအင်အားစုများကလည်း တိုင်းရင်းသားကိုယ်စားလှယ်ကို တစ်ဦးတည်းလို့ သတ်မှတ်တာ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်လို့ သတ်မှတ်တာတွေဟာ မတရား၊ မမျှတဘူးလို့ ဝေဘန်ကြပြီး တိုင်းရင်းသားလူမျိုးစု (၇) စုစလုံးကို ကိုယ်စားပြုသူတွေ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ "အဆို" တစ်ခုကို နိုင်ငံတော်သမ္မတက မလွဲမသွေလိုက်နာအကောင်အထည်ဖော်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းမထားပါ။ အဆိုဟာ ဥပဒေမဟုတ်ပါ။ ဒါပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၃) အရ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ "တိုက်တွန်းချက်တစ်ရပ်" ကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ရင် ပြည်ထောင်စုလွှတ်တော်ကလည်း နိုင်ငံတော်သမ္မတကို ဥပဒေကခွင့်ပြုထားတဲ့ နည်းလမ်းပေါင်းစုံနဲ့ အနှောက်အယှက်ပေးနိုင်ပါတယ်။ အမြင့်ဆုံးအဆင့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇၁) အရ စွပ်စွဲ၊ ပြစ်တင်၊ အရေးယူပြီး ရာထူးတာဝန်က ဖယ်ရှားနိုင်ပါတယ်။

#ထူးခြားဖြစ်စဉ် (၅) လခတိုးမည့် လွှတ်တော်ကိုယ်စားလှယ်များ

၂၀၁၄ ခုနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထူးခြားတဲ့ ဆောင်ရွက်ချက်တစ်ခုကတော့ သူတို့ရရှိခံစားနေရတဲ့ လစာနဲ့ အသုံးစားရိတ်များကို တိုးမြှင့်ရေး အားသွန်ခွန်စိုက်ဆွေးနွေးကြတာပါ။
လက်ရှိဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဟာ လစာ ကျပ် (၃) သိန်းနဲ့ အစည်းအဝေးရှိတဲ့နေ့တွေအတွက် အသုံးစားရိတ် တစ်နေ့ကို ကျပ် တစ်သောင်းရရှိပါတယ်။ အဲဒီ လစာနဲ့ စရိတ်ငွေတွေဟာ မလုံလောက်ပါဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အများအပြားက ၂၀၁၄ လွှတ်တော်အစည်းအဝေးများမှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ တောင်းဆိုချက်များကို အခြေပြုပြီး ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ (၁၈) ရက်နေ့မှာ "ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ပေးပို့ထားပြီး အမျိုးသားလွှတ်တော်မှာ ၂၀၁၅ ခုနှစ်ထဲမှာမှ မဲခွဲဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဒီဥပဒေကြမ်း အတည်ဖြစ်သွားမယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေထဲကနေ ပြည်ထောင်စုလွှတ်တော်အတွက် အသုံးစားရိတ် (၃၃၀) ရာခိုင်နှုန်းမြင့်တက် သုံးစွဲရမှာ ဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ လစာဟာ သုံးဆကျော်တိုးပြီး တစ်လကို ကျပ် (၁၀) သိန်းနဲ့ စရိတ်ငွေဟာ နှစ်ဆတိုးပြီး တစ်နေ့ကို ကျပ် (၂) သောင်း တိုးမြှင့်ခံစားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများက တစ်နှစ်ကို (၆) လလောက် ကျင်းပတာမို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိမည့် စရိတ်ငွေဟာ တစ်နှစ်ကို ကျပ် (၃၆) သိန်းလောက် ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တစ်နှစ်စာ လစာနဲ့ စရိတ်ငွေပေါင်းဟာ ကျပ် (၁၅၆) သိန်းလောက် ရှိပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၆၄) ဦးအတွက် လစာ တစ်လကို ကျပ် သိန်းပေါင်း (၆,၆၄၀)၊ တစ်နှစ်ကို ကျပ်သိန်းပေါင်း (၇၉,၆၈၀) ဖြစ်ပြီး နေ့တွက်အသုံးစားရိတ်များက စုစုပေါင်း ကျပ်သိန်းပေါင်း (၂၄,၀၀၀) လောက် ရှိပါလိမ့်မယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်နှစ်ကို ကျပ်သိန်းပေါင်း (၁၀၃,၅၀၀) လောက် ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ 

လစာတွေ တိုးမြှင့်ယူဖို့ ကြိုးစားနေကြပေမည့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူ့အကျိုးစီးပွါးကို ဦးစားပေးဆောင်ရွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရေအတွက်က သိပ်မများလှပါ။ လွှတ်တော်အစည်းအဝေးများကို စောင့်ကြပ်လေ့လာနေတဲ့ "ပွင့်လင်းမြန်မာ့ရှေ့ဆောင်" အဖွဲ့ရဲ့ အစီရင်ခံစာအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၀၀) ကျော်ထဲမှာ လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းမပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀၀) ကျော်ရှိကြောင်း သိရပါတယ်။ လွှတ်တော်အစည်းအဝေးများ ကျင်းပရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်များ ရာနှုန်းပြည့်အစည်းအဝေးတက်ရောက်ကြတဲ့ နေ့က မရှိသလောက်ဖြစ်ပြီး အစည်းအဝေးကျင်းပတဲ့နေ့တိုင်းမှာ ပျက်ကွက်သူကိုယ်စားလှယ်များက အနည်းဆုံး (၂၀) ကျော်ရှိခဲ့ပါတယ်။
 

0 comments: