BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 22, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ (၃)

(7-Day daily နေ့စဉ်သတင်းစာ၊ မေလ ၂၂ ရက်၊ ၂၀၁၅)
http://7daydaily.com/story/37703




လူကြိုက်နည်းမည့် မှတ်ချက်များ (၃)

အောင်ဒင်

(၂/၁) မညီမမျှ ဒိုင်ယာလော့များ
 
လက်ရှိအခြေအနေမှာ မြန်မာအစိုးရခေါင်းဆောင်များ ကိုယ်တိုင်က "တွေ့ဆုံဆွေးနွေးအဖြေရှာရေး ယဉ်ကျေးမှုတစ်ရပ်" ကို အုတ်မြစ်ချနေပါတယ် ဆိုပြီး ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဒါပေမည့် အဲဒီ ဒိုင်ယာလော့တွေက ဘက်နှစ်ဘက် တန်းတူညီမျှ ဆွေးနွေးကြတဲ့ ဒိုင်ယာလော့မဟုတ်ပါ။ အာဏာရပါတီကို ကိုယ်စားပြုတဲ့ ဘက်တစ်ဘက်က အခြားတစ်ဘက်မှ သင်းကွဲအုပ်စုများကို သီးခြားစီ ခွဲခြားတွေ့ဆုံတဲ့ ဒိုင်ယာလော့များ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ နိုင်ငံရေးပါတီများနဲ့ တွေ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်။ သတင်းမီဒီယာများနဲ့ တွေ့ပါတယ်။ တိုင်းရင်းသားဝန်ကြီးများနဲ့ တွေ့ပါတယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များနဲ့ တွေ့ပါတယ်။ နိုင်ငံတဝှမ်း ခရီးလှည့်ပြီး ဒေသခံပြည်သူများနဲ့ တွေ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးများကလည်း အလားတူ တွေ့ဆုံမှုတွေ လုပ်နေကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး နှစ်ယောက်ကလည်း နိုင်ငံတဝှမ်းက မဲဆန္ဒရှင်များနဲ့ တွေ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်။ သတင်းမီဒီယာများနဲ့ တွေ့ပါတယ်။ အလုပ်သမား၊ လယ်သမားများနဲ့တွေ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မြန်မာနိုင်ငံ သတင်းကောင်စီနဲ့ တွေ့ပါတယ်။ အခုနောက်ဆုံး သမ္မတ၊ တပ်ချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာအေးမောင်တို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲ ဧပြီလထဲမှာ ပထမအကြိမ် ပြီးဆုံးခဲ့ပြီး နောက်လည်း ဆက်လက်တွေ့ဆုံကြဦးမယ်လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်မှာ ကျနော်တို့ တောင်းဆိုခဲ့ကြတာက သုံးပွင့်ဆိုင်ဒိုင်ယာလော့ပါ။ ဒါပေမည့် ဒီနေ့ ဘယ်သူကမှ သုံးပွင့်ဆိုင်ဒိုင်ယာလော့ကို မပြောတော့ပါ။ မြန်မာအစိုးရနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုအကြား နှစ်ပွင့်ဆိုင်ဒိုင်ယာလော့တွေ ဖြစ်ပေါ်နေသလို မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအကြား နှစ်ပွင့်ဆိုင်ဒိုင်ယာလော့တွေ ဖြစ်ပေါ်နေပါတယ်။ သီးခြားစီပါ။

ကျနော်တို့ မျှော်လင့်ခဲ့တာက ဘက်နှစ်ဘက်အကြား တန်းတူညီမျှ ဒိုင်ယာလော့ပါ။ ကျနော်တို့ တွေ့နေရတာက ပြည်တွင်းဒီမိုကရေစီအင်အားစုကြီးက ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်တွင်းရောက် ပါတီများ၊ လွှတ်တော်ပြင်ပပါတီများ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အလုပ်သမား သမဂ္ဂများ၊ လယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေးရှေ့နေများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ စသည်ဖြင့် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး အုပ်စုတိုင်းက မြန်မာအစိုးရနဲ့ ဒိုင်ယာလော့ကို သီးခြားစီ ဆောင်ရွက်နေကြတာပါ။ ဝမ်းနည်းစရာကောင်းပါတယ်။ တစ်ချိန်တုံးက ဒီအင်အားစုများအားလုံးဟာ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုကို ခံယူပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူတူ နေပူပူ၊ မိုးရွာရွာ အတူတကွ ရပ်တည်ခဲ့ကြတာပါ။ ဒါပေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်က ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို စွန့်လွှတ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး လွှတ်တော်ထဲ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ပါ့မယ်" လို့ ကျမ်းသစ္စာကျိန်ဆိုပြီး ဝင်ရောက်သွားတဲ့ အချိန်ကစလို့ ပြည်တွင်းဒီမိုကရေစီအင်အားစုကြီးဟာ သီးခြားအုပ်စုအလိုက် ကျွမ်းကျင်ရာ၊ လှုပ်ရှားခွင့်ရရာ အခြေအနေများကို အခြေပြုပြီး ရပ်တည်မှုပုံသဏ္ဍန်အမျိုးမျိုး ကွဲပြားသွားခဲ့ပါတယ်။ အရင်ကလို အလံတစ်ခုတည်းရဲ့ အောက်မှာ အတူတကွ စုပေါင်းရပ်တည်ကြတာ မဟုတ်တော့ပါ။ သက်ဆိုင်ရာအုပ်စုအလိုက် အစိုးရနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခွင့် ရနေပေမည့် စုပေါင်းထားတဲ့ အင်အားစုကြီးတစ်ခုလိုတော့ တစ်ဘက်အုပ်စုကို ခိုင်ခိုင်မာမာ အရေးဆိုနိုင်မှာ၊ ရလာဒ်ထွက်အောင် တောင်းဆိုနိုင်မှာ မဟုတ်ပါ။

(၂/၂) တန်းတူညီမျှဒိုင်ယာလော့
 
ဒါကို သက်သေပြတာက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ဒိုင်ယာလော့ပါ။ မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကိုလည်း ပြည်တွင်းဒီမိုကရေစီအင်အားစုများကို ဆက်ဆံသလို တစ်ဖွဲ့ချင်းစီ သီးခြားဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက သီးခြားစီတွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ပြီး တပ်ပေါင်းစုနဲ့ တွေ့ဆုံရေးမူအပေါ် အခိုင်အမာ ကိုင်စွဲထားပါတယ်။ အစိုးရတောင်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၊ တပ်တွေဖျက်၊ ပါတီထောင်၊ ရွေးကောက်ပွဲက တဆင့် လွှတ်တော်တွင်းဝင်ရေးကို ငြင်းပယ်ပြီး အပစ်အခတ်ရပ်စဲရေးမှ တဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးမူကို အခိုင်အမာ ကိုင်စွဲပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အမှန်တကယ်ပြီးမြောက်အောင်မြင်မှပဲ သူတို့တွေ လွှတ်တော်ထဲ ဝင်ရောက်လာပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ညီညွတ်ခိုင်မာတဲ့ ရပ်တည်မှုကို အစိုးရက လိုက်လျောရပါတယ်။ အခုအချိန်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ဆွေးနွေးပွဲတွေဟာ ဘက်နှစ်ဘက်၊ တန်းတူညီမျှဆွေးနွေးကြတဲ့ ဒိုင်ယာလော့တွေဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို အခြေခံအောင်၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးတွေရအောင်၊ ဒီမိုကရေစီစနစ်အမှန်တကယ် ခိုင်မာတည်တန့်အောင် ပြင်ဆင်ပြောင်းလဲနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ လွှတ်တော်တွင်း ဝင်ရောက်ပြီး ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားတာက သိပ်ပြီး အောင်မြင်လိမ့်မယ် မထင်ပါ။

ဒါဆို ပြည်တွင်းဒီမိုကရေစီအင်အားစုများက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများလို အစိုးရနဲ့ တစ်စုတစ်စည်းထဲ၊ တန်းတူညီမျှ ဘာကြောင့် မဆွေးနွေးနိုင်ကြတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ပြည်တွင်းဒီမိုကရေစီအင်အားစုများ ကိုယ့်ဖာသာ ပြန်လည်သုံးသပ်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံရေး မူဝါဒကြောင့်တော့ မဟုတ်ပါ။ 

(၂/၃) ဒိုင်ယာလော့နှင့် ရလာဒ်
 
ဒိုင်ယာလော့ဆိုတာ ဖြစ်ဖို့ ခက်ခဲသလို ဖြစ်ပြန်တော့လည်း အောင်မြင်မှု (သို့မဟုတ်) အများလက်ခံနိုင်တဲ့ ရလာဒ်ထွက်ဖို့ဆိုတာ မလွယ်ကူလှပါ။ နှစ်ဘက်စလုံးမှာ ဘယ်လိုအချက်ကိုမှ အလျှော့မပေးတမ်း တင်းခံထားမည့် မူဝါဒတွေ ကိုင်ဆွဲထားရင်၊ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ဆုတ်ကိုင်ထားရင် ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အဖြေမထွက်နိုင်ပါ။ ဒိုင်ယာလော့ဆိုတာ တစ်ကြိမ်တည်းနဲ့ အပြီးသတ်ရမည့် အဖြစ်အပျက် (Event) တစ်ခုမဟုတ်ပါ။ အကြိမ်များစွာ တတ်နိုင်သလောက် စိတ်ရှည်လက်ရှည်ညှိနှိုင်းဆွေးနွေးပြီး အပြန်အလှန်အပေးအယူ၊ အလျှော့အတင်းလုပ်ရတဲ့ လုပ်ငန်းစဉ် (Process) ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများရဲ့ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲများကို ကြည့်ပါ။ ၂၀၁၂ ခုနှစ်ကစလို့ ဆွေးနွေးခဲ့ကြတာ သုံးနှစ်ကျော်ကြာပြီး ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကြမှပဲ စာချုပ်မူကြမ်းကို နှစ်ဘက် လုပ်ငန်းအဖွဲ့များ သဘောတူနိုင်တဲ့ အဆင့်ကို ရောက်ပါတယ်။ နှစ်ဘက်ထိပ်သီးခေါင်းဆောင်များ တရားဝင် လက်မှတ်ရေးထိုးတဲ့ အဆင့် ကျန်ပါသေးတယ်။ အဲဒီလို သုံးနှစ်ကျော်၊ အကြိမ်များစွာ ဆွေးနွေးခဲ့ရာမှာ အစိုးရဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများဘက်ကပါ တင်းမာတဲ့ တောင်းဆိုချက်တွေ ကိုင်ဆွဲခဲ့ကြပါတယ်။

အစိုးရဘက်ကဆိုရင် တပ်မတော်ရဲ့ မူဝါဒဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်။ တည်ဆဲဥပဒေများကို လိုက်နာရမယ်။ တပ်တွေဖျက်၊ လက်နက်စွန့်ပြီး တရားဝင်ရပ်တည်ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကလည်း အစိုးရအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ သဘောတူရမယ်။ လက်ရှိတပ်မတော်ကို ဖျက်သိမ်းပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အညီအမျှပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရမယ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုချက်တွေကို နှစ်ဘက်စလုံးက အပြန်အလှန်လက်မခံနိုင်ကြတာမို့ စာချုပ်မူကြမ်းကို သဘောမတူနိုင်ကြတာပါ။ အခုတော့ အထက်ပါတောင်းဆိုချက်တွေကို နှစ်ဘက်စလုံးက "အပစ်အခတ်ရပ်စဲရေးစာချုပ်" မှာ ထည့်သွင်းခြင်းမပြုပဲ နောင်မှာ ဆက်လက်ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကျမှသာ ထည့်သွင်းဆွေးနွေးဖို့ သဘောတူလိုက်ကြလို့ "စာချုပ်မူကြမ်း" ကို နှစ်ဘက် သဘောတူညီနိုင်ကြတာပါ။

(၃) ခြောက်ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲနှင့် ပါတ်သက်၍…။
 
လက်ရှိအခြေအနေမှာ မြန်မာပြည်သူများက ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ကျနော့်အမြင်မှာတော့ ခြောက်ပွင့်ဆိုင်ဆိုပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တဲ့ လွှတ်တော် (ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအေးမောင်) ဘက်နဲ့ ဖွဲ့စည်းပုံပြင်ရေးမှာ အရေးကြီးတဲ့ အဆုံးအဖြတ်ကို ပေးနိုင်တဲ့ အစိုးရ (ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ဘက်၊ စတဲ့ ဘက်နှစ်ဘက်ရဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ တကယ်လို့များ ဖွဲ့စည်းပုံကို လွှတ်တော်လုပ်ပိုင်ခွင့်နဲ့ ပြင်ဆင်နိုင်မယ်ဆိုရင် ဒီလိုဆွေးနွေးပွဲမျိုး ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ 

ဒါကို နှစ်ဘက်စလုံးက သဘောပေါက်ပြီးသားပါ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဘက်နှစ်ဘက်မှာ အစိုးရဘက်က အခွင့်အရေးအရ အသာစီးရပြီးသား ဖြစ်ပါတယ်။ နောက်တစ်ခု အစိုးရဘက်က အသာစီးရနေတာက အချိန်ကာလပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ဘက်က အမြန်ဆုံးဆောင်ရွက်ချင်နေတာပါ။ ပြည်ထောင်စုလွှတ်တော်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်း" က အဆင်သင့်ရှိနေပါပြီ။ သမ္မတနဲ့ တပ်ချုပ်ရဲ့ သဘောထားကို မသိရသေးလို့ ဥပဒေကြမ်းမတင်နိုင်သေးတာပါ။ လွှတ်တော်ကို ကိုယ်စားပြုသူ (၄) ဦးစလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်မှ တပ်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍက ဖယ်ရှားနိုင်မှာပါ။ ပုဒ်မ (၅၉/စ) ကို ပြင်နိုင်မှ သမ္မတအဖြစ် အရွေးချယ်ခံခွင့်ရှိမှာပါ။ နောက် အစိုးရရဲ့ တတိယအားသာချက်ကတော့ လွှတ်တော်ကို ကိုယ်စားပြုသူ (၄) ဦးရဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဆင်လိုတဲ့ ရည်မှန်းချက်တွေတောင် အားလုံး ထပ်တူညီမျှမဖြစ်နိုင်တာပါ။ ဒေါက်တာအေးမောင်ရဲ့ တိုင်းရင်းသားများကိုယ်စားပြုမှုမှာတောင် မကျေနပ်သံတွေ ကြားနေရပါတယ်။

နောက်ထပ်အားသာချက်ကတော့ အစိုးရအနေနဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို လိုအပ်သလို အချိန်ဆွဲနိုင်ခြင်းဖြစ်ပါတယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က တခဲနက်ဆုံးဖြတ်ပြီးတဲ့အချိန်ကနေ လေးလလောက်ကြာပြီးမှ ပထမအကြိမ် အစည်းအဝေးကျင်းပတာဖြစ်ပြီး ပထမအကြိမ်အစည်းအဝေးနဲ့ နောက်ကျင်းပဖို့ သဘောတူတဲ့ ဒုတိယအကြိမ်အစည်းအဝေးအကြား အချိန်တစ်လလောက်ကွာခြားပါတယ်။ လွှတ်တော်က အမြန်လိုသလောက် အစိုးရဘက်က အမြန်မလိုတာ အထင်အရှားပါ။
ဒီလို အခြေအနေ လေးမျိုးအသာစီးရနေတဲ့ အစိုးရဘက်က ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့ လက်ခံပေမည့် လွှတ်တော်ဘက်က တောင်းဆိုချက်တွေကို အစည်းအဝေး တစ်ကြိမ်တည်း၊ ဒါမှမဟုတ် အကြိမ်အနည်းငယ်မျှနဲ့ အလွယ်တကူ သဘောတူလက်ခံလိမ့်မယ် မထင်ပါ။ ပြတ်ပြတ်သားသား ငြင်းပယ်မှာလည်း မဟုတ်ပါ။ 

ဒီလိုနဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွေဟာ နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံဖို့ကိုသာ သဘောတူညီမှုရပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကျော်လွန်ပြီးတဲ့နောက်မှာတောင် (ပါဝင်သူအချို့ အပြောင်းအလဲဖြစ်ပြီး) နောက်ထပ်အကြိမ်များစွာ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ အစိုးရဘက်က လွှတ်တော်ရဲ့ တောင်းဆိုချက်တွေကို လက်ခံလာအောင် လွှတ်တော်ဘက်က အစိုးရကို ဖိအားပေးနိုင်တဲ့ အားသာချက်လည်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တယ်" ဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း အစိုးရဘက်က အလေးအနက်ထားပုံမရပါ။

ဒီခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အောင်မြင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ဖို့က လွှတ်တော်ဘက်က ပုဒ်မ (၄၃၆) ကို မထိပဲ တပ်မတော်ကိုယ်စားလှယ်များ လက်ခံနိုင်လောက်တဲ့ ပုဒ်မများကိုသာ ပြင်ဆင်ရေး ဦးစားပေးဆွေးနွေးမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

0 comments: