BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Thursday, May 21, 2015

မညီမမျှ…မိုး



မညီမမျှ…မိုး
အောင်ဒင်

ဟိုး ကောင်းကင်ထက်က
တိမ်တိုက် မဲမဲကြီးတွေဟာ
မိုးပျံပင်လယ်ကြီးတွေကို
မနိုင်မနင်း ထမ်းရွက်ထားကြ…။

ရုတ်တရက်
လျှပ်စီးလက်၊ မိုးတွေခြိမ်း
ကောင်းကင်ကို အမှောင်ထုကသိမ်းဝှက်
တိမ်တွေ တစ်စစီ အက်ကွဲပြီး
ပင်လယ်ကြီး မြေထဲခုန်ချ
တစ်မြို့လုံးလည်း သိမ့်သိမ့်တုန်ရ
တစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုရ…။

ဘယ်သူက ဖန်တီးလိုက်သလဲ
မြေကြီးနဲ့ ကောင်းကင်ကို
အဖြူရောင်မိုးစက်များဖြင့် ချိတ်ဆက်
အေးစက်စက် လေ ဖြန်းအပက်မှာ
ပန်းတွေလည်း အဆုတ်လိုက်၊ အပွင့်လိုက်ကြွေကျ
သစ်ပင်တွေလည်း ယိမ်းထိုးလှုပ်ခါ အိနြေ္ဒမရ
အိမ်ခေါင်မိုးတွေလည်း မလုံခြုံကြ
ကမ္ဘာတစ်ခြမ်းက ဘဝတွေ ဗျာများနေရပုံများ…။

ကမ္ဘာရဲ့ အခြားတစ်ဘက်မှာတော့
တိမ်တစ်မျှင်တစ်စ လုံးဝမရှိ
ရက်စက်စွာဝင်းပနေတဲ့ ကောင်းကင်ကြီးအောက်မှာ
ရပ်တည်ရာ မြေကြီးနဲ့အပြိုင် ခြောက်သွေ့အက်ကွဲနေတဲ့ လူတွေ
ကန်တော့ပွဲပြင်လို့ နတ်ကိုပသ
နှစ်ဖွဲ့ခွဲလို့ ကြိုးလွန်ဆွဲကြ
မရွာနိုင်တဲ့ မိုးကို တမ်းတနေရပုံများ…။ ။ ။

(မေလ ၂၁၊ ၂၀၁၅)

0 comments: