BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, June 18, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၂)

(7 Day Daily နေ့စဉ်သတင်းစာ၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၅)





နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၂)

အောင်ဒင်

#ကျောင်းသားသမဂ္ဂများနှင့် ပါတ်သက်၍

နိုင်ငံရေးပါတီများကို ဆက်ပြီး မေးခွန်းထုတ်ချင်တာက "ကျောင်းသား သမဂ္ဂ" များနဲ့ ပါတ်သက်လို့ပါ။ ၂၀၁၄ ခုနှစ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြရတဲ့ အကြောင်းရင်းတွေထဲမှာ "ကျောင်းသားသမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပေးကြောင်း" ကို ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိတာက ကန့်ကွက်စရာ အကြောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျောင်းသားများနဲ့ အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နှစ်ဖက်သဘောတူညီမှုအရ အစိုးရက ကျောင်းသားများရဲ့ တောင်းဆိုချက်တွေကို ဖြည့်စွက်ပြီး "အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ ပြင်ဆင်ချက်ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာမှာ လွှတ်တော်ကိုယ်စားလှယ်အချို့က "ကျောင်းသားသမဂ္ဂ" ရဲ့ အခန်းကဏ္ဍကို နှိမ့်ချဆွေးနွေးပြီး ပြင်ဆင်ချက်အချို့မှာ "ကျောင်းသားသမဂ္ဂ" ရဲ့ အခန်းကဏ္ဍကို ဖယ်ရှားဖို့ ကြိုးစားတာ တွေ့ရပါတယ်။

ကျောင်းသားများရဲ့ တောင်းဆိုချက်များနဲ့ အစိုးရက ပြင်ဆင်တင်သွင်းတဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းမှာ "တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ" နဲ့ 'ကျောင်းအုပ်ချုပ်ရေးအဖွဲ့" များမှာ ကျောင်းသားသမဂ္ဂမှ ကိုယ်စားလှယ်များပါဝင်ခွင့်နဲ့ "အမျိုးသားသင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီ" နဲ့ "အမျိုးသားပညာရည်အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ" တို့မှာ ကျောင်းသားသမဂ္ဂမှ (ဆရာများသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ) အဆိုပြုထောက်ခံတင်ပြသော ပညာရှင်များပါဝင်ခွင့်တွေကို ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ အင်မတန်မှ သဘာဝကျတဲ့၊ ကျောင်းသားဗဟိုပြု ပညာရေးစနစ်နဲ့ ကိုက်ညီတဲ့ အဆိုပြုချက်တွေပါ။
ဒါပေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က "ကျောင်းသားသမဂ္ဂကိုယ်စားလှယ်" ဆိုတဲ့ အသုံးအနှုံးဟာ ကျောင်းသားသမဂ္ဂဝင်မဟုတ်တဲ့ ကျောင်းသားများကို တန်းတူညီတူ အခွင့်အရေးမပေးရာ ရောက်လို့ အဆိုပါ ပြဋ္ဌာန်းချက်များမှ "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ စကားလုံးကို ဖြုတ်ပြီး "ကျောင်းသားထုကိုယ်စားလှယ်" ၊ "ကျောင်းသားထုက အဆိုပြုထောက်ခံတင်ပြသော ပညာရှင်များ" စတဲ့ အသုံးအနှုံးများနဲ့ အစားထိုးဖို့ ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံကြလို့ ဦးဖြိုးဇေယျာသော်ရဲ့ အဆိုအနိုင်ရသွားခဲ့ပါတယ်။ ဒါဟာဖြင့် လက်ရှိ ပြည်သူ့လွှတ်တော်က ကျောင်းသားသမဂ္ဂများရဲ့ အခန်းကဏ္ဍကို နှိမ့်ချလိုက်တာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာပါ။

ပိုပြီး စိတ်မကောင်းဖြစ်ရတာက ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်း ရုပ်ပုံကို ပါတီအလံအဖြစ် အသုံးပြုထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီလို သဘောထားမျိုး ခံယူထားတာကြောင့်ပါ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လွှတ်တော်သို့ လာရောက်လေ့လာတဲ့ သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကို “အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြောကြတယ်။ အန်တီတို့ကတော့ အမြဲပဲပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူ အခွင့်အရေးရှိရမယ်။ အဲဒါဆို သမဂ္ဂ၀င်မှ မဟုတ်ဘူး။ သမဂ္ဂ၀င်ကို အခွင့်အရေးတမျိုး၊ သမဂ္ဂ၀င် မဟုတ်တဲ့သူကို အခွင့်အရေးတမျိုး၊ အဲဒီလိုလုပ်လို့မရဘူး။ အဲဒါဆိုရင် ဒီမိုကရေစီ စံနှုန်းစံထားနဲ့လည်း မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တောင် မကိုက်ညီဘူး။ အဲ့ဒါကိုလည်း မမေ့ကြနဲ့လို့  ပြောတယ်ဆိုတာကို ၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက် (သောကြာနေ့) ထုတ် ဒေးလီးအလဲဗင်း (Daily Eleven) သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်ကတော့ "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ အသုံးအနှုံးကိုတောင် ရှောင်ပြီး "ကျောင်းသားယူနီယံ" လို့ မြန်မာစာနဲ့ အင်္ဂလိပ်စာ ရောထွေးသုံးစွဲပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ကိုလိုနီ သူ့ကျွန်ဘဝက လွတ်မြောက်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး သမိုင်းဝင်လှုပ်ရှားမှုကြီးများအားလုံးမှာ ခေတ်အဆက်ဆက် တာဝန်ကျေခဲ့တဲ့ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းတိုင်းကျောင်းတိုင်းမှာ တစ်ခုတည်းရှိတဲ့၊ တစ်ခုတည်းရှိရမည့် ကျောင်းသားထုရဲ့ လွှတ်တော်ဖြစ်ပါတယ်။ ပညာရေးလွတ်လပ်ခွင့်ရှိတဲ့ ကျောင်းများအားလုံးမှာ ကျောင်းသားများဟာ မိမိတို့တည်ထောင်ချင်တဲ့ အဖွဲအစည်းများကို လွတ်လပ်စွာတည်ထောင်ခွင့် ရှိကြပါတယ်။ ကျောင်းသားများအဖို့ အားကစားအသင်းများ၊ မြို့နယ်အလိုက် ကျောင်းသားအသင်းများ၊ စာပေ၊ အနုပညာအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းများ၊ နိုင်ငံရေးစိတ်ဝင်စားမှုအလိုက် စုစည်းတဲ့အသင်းများ၊ တိုင်းရင်းသားအသင်းအဖွဲ့များ စသည်ဖြင့် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်ခွင့်ရှိသလို ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်ပဲ လွတ်လပ်စွာ သီးခြားရပ်တည်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမည့် ကျောင်းသားသမဂ္ဂဆိုတာကတော့ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းသားထုကို ကိုယ်စားပြုတဲ့ ကျောင်းသားထုရဲ့ တစ်ခုတည်းသော ကျောင်းသားလွှတ်တော်ဖြစ်ပါတယ်။ ကျောင်းသားတိုင်း ကျောင်းသားသမဂ္ဂဝင်စရာမလိုပေမည့် ကျောင်းသားသမဂ္ဂကတော့ ကျောင်းသားတိုင်းကို ကိုယ်စားပြုပါတယ်။

ဒါကြောင့်လည်း ကျောင်းသားသမဂ္ဂကို ကျောင်းသားထုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ဖွဲ့စည်းကြတာပါ။ နိုင်ငံရေးပါတီများက လွှတ်တော်မှာ ကိုယ်စားလှယ်နေရာရဖို့ အထွေထွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အရွေးခံကြသလိုပဲ ကျောင်းတွင်းမှာ ရှိတဲ့ ကျောင်းသားအဖွဲ့အစည်းများက ကျောင်းသားထုကို ကိုယ်စားပြုနိုင်ဖို့ ကျောင်းသားလွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံကြတာပါ။ ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲများမှာလို ကျောင်းသားလွှတ်တော်ရွေးကောက်ပွဲများမှာလည်း ကျောင်းသားများဟာ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပဲ တသီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်ခွင့်လည်း ရှိပါတယ်။ ရွေးကောက်ပွဲနေ ရွေးချယ်ခံရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်များက ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှာ၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ ကိုယ်စားလှယ်ပါဝင်ရမှာ ဖြစ်ပါတယ်။ ကျောင်းအလိုက် ကျောင်းသားထုက ရွေးချယ်တင်မြှောက်တဲ့ ကျောင်းသားသမဂ္ဂများ စုပေါင်းပြီး (ဗကသ/မကသ စသည်ဖြင့်) နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေးစနစ်အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အဆင့် ပညာရေးကော်မတီများမှာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထောက်ခံအဆိုပြုတဲ့ပညာရှင်များကို ထည့်သွင်းဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ "ကျောင်းသားသမဂ္ဂ" လို့ သုံးစွဲခြင်းဟာ ကျောင်းသားသမဂ္ဂဝင်မဟုတ်တဲ့ ကျောင်းသားများအတွက် တန်းတူညီမျှမှုမရှိဘူးဆိုတဲ့ အယူအဆဟာ လုံးဝမှားယွင်းပါတယ်။ ကျောင်းသားတိုင်း ကျောင်းသားသမဂ္ဂဝင်ဖြစ်စရာ မလိုပါ။ ဒါပေမည့် ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်ချင်တယ်၊ ကျောင်းသားထုအတွက် အကျိုးရှိမည့်ကိစ္စတွေကို ဦးဆောင်ဦးရွက်ပြုချင်တယ်ဆိုရင်တော့ ကျောင်းသားသမဂ္ဂခေါင်းဆောင်မှုနေရာကို ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရမှာပါ။

သာမာန်ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်လို လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးခွင့်မရှိပါ။ ဥပဒေပြုခွင့်မရှိပါ။ ဒါကြောင့် ဦးဖြိုးဇေယျာသော်နဲ့ သာမာန်ပြည်သူတစ်ယောက်တို့မှာ တန်းတူညီမျှအခွင့်အရေးမရှိနိုင်တာကို လက်ခံရမှာပါ။ ဦးဖြိုးဇေယျာသော်လို လွှတ်တော်အစည်းအဝေးမှာ တက်ရောက်ဆွေးနွေးချင်ရင်၊ ဥပဒေပြုချင်ရင် သာမာန်ပြည်သူတစ်ယောက်အဖို့ ဦးဇေယျာသော်လိုပဲ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလအနေနဲ့လည်းကောင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာပါ။ အဲဒီလိုမလုပ်နိုင်တဲ့ သာမာန်ပြည်သူတစ်ယောက်အနေနဲ့၊ ဒါမှမဟုတ် အဲဒီလို ယှဉ်ပြိုင်အရွေးခံဖို့ ဆန္ဒမရှိတဲ့ သာမာန်ပြည်သူများအနေနဲ့၊ ၎င်းတို့နဲ့ ဦးဖြိုးဇေယျာသော်အကြား အခွင့်အရေးမညီမျှတာကို မတရားလိုက်လေခြင်းဆိုပြီး ဝမ်းနည်းကြေကွဲနေမှာ မဟုတ်ပါ။ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်း "သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ပြည့်မီရင်" ရွေးကောက်ပွဲများမှာ တန်းတူညီမျှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ပဲ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမည့် ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ ရွေးချယ်တင်မြှောက်မခံရတဲ့ သာမာန်ပြည်သူတစ်ယောက်တို့မှာ တန်းတူညီမျှအခွင့်အရေးတွေ ရှိရမယ်လို့ ပြဋ္ဌာန်းမထားပါ။ ကျောင်းသားထုကို ကိုယ်စားပြုဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်များနဲ့ အရွေးချယ်မခံရတဲ့၊ ဒါမှမဟုတ် ရွေးကောက်ပွဲမဝင်တဲ့၊ ကျောင်းသားသမဂ္ဂမဝင်တဲ့ ကျောင်းသားများ တန်းတူညီမျှပြောရေးဆိုခွင့် မရှိနိုင်ပါ။

အခုတော့လည်း လွှတ်တော်တွင်း အင်အားကြီးပါတီများဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီ နှစ်ခုတို့ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်မှုကြောင့် "အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ဟာ မကြာခင်မှာ "ကျောင်းသားသမဂ္ဂ" ရဲ့ အခန်းကဏ္ဍကို နှိမ့်ချပြီး အတည်ပြုဖြစ်တော့မှာပါ။ ဒါကြောင့်မို့ ကျနော်တို့က ၂၀၁၆ ခုနှစ်မှာ တာဝန်ယူမည့် ပြည်ထောင်စုလွှတ်တော်ကနေ "အမျိုးသားပညာရေးဥပဒေ" ကို ထပ်မံပြင်ဆင်ပြီး "ကျောင်းသားသမဂ္ဂ" ရဲ့ အခန်းကဏ္ဍကို ထိုက်ထိုက်တန်တန် ပြန်လည်မြှင့်တင်ပေးဖို့ လိုလားပါတယ်။ "ကျောင်းသားသမဂ္ဂ" များကို လေးစားတန်ဘိုးထားမည်လို့ ကတိပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်တင်မြှောက်ချင်ပါတယ်။ နိုင်ငံရေးပါတီများက "ကျောင်းသားသမဂ္ဂများ" နဲ့ ပါတ်သက်တဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း တင်ပြစေချင်ပါတယ်။။။။။

0 comments: