BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 16, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၁)


(7 Day သတင်းဂျာနယ်။ ဇွန်လ ၁၆ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၁)

အောင်ဒင်

၂၀၁၅ ရွေးကောက်ပွဲကြီးက တဖြေးဖြေးနီးကပ်လာပါပြီ။ အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ကျင်းပပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားတာမို့ အခု ဆောင်းပါးရေးနေတဲ့ ဇွန်လကနေကြည့်မယ်ဆိုရင် လေးလလောက်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအတွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စတင်ရွေးချယ်နေကြပါပြီ။ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ချင်ကြသူများလည်း သက်ဆိုင်ရာပါတီခေါင်းဆောင်များရဲ့ အသိအမှတ်ပြုခံရအောင် ကြိုးပမ်းနေကြပါပြီ။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဟာလည်း ပြည်သူအများရဲ့ ဂရုစိုက်မှုရအောင် လွှတ်တော်ထဲမှာ အရင်နဲ့ မတူ ပိုပြီးတက်ကြွ၊ ပိုပြီး မေးခွန်းတွေမေး၊ ပိုပြီး အစိုးရကို ဝေဘန်၊ အခြေအနေမကောင်းသူများလည်း ပါတီပြောင်းဖို့ ကြိုးစားနေကြပါပြီ။

ဒီ ရွေးကောက်ပွဲကြီးကနေ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အထိ ငါးနှစ်သက်တမ်းမှာ ဆက်လက် ဦးဆောင်မည့် ပြည်ထောင်စုလွှတ်တော်အသစ်နဲ့ အစိုးရအသစ်ကို ရွေးချယ်ပေးကြမှာပါ။ လွှတ်တော်ကိုယ်စားလှယ်နေရာအများစု (၅၁ ရာခိုင်နှုံး) ရွေးချယ်ခံရတဲ့ပါတီ (သို့မဟုတ်) မဟာမိတ်ပါတီများက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌရာထူးများကို ရရှိပြီး လွှတ်တော်ကို ဦးဆောင်နိုင်မှာ ဖြစ်သလို နိုင်ငံတော်သမ္မတရာထူးကိုလည်း ရရှိပြီး အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်အသစ်နဲ့ အစိုးရအသစ်က တိုင်းပြည်ကို ဘယ်လိုဆက်လက် ဦးဆောင်ကြမယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်ခင်မှာ ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများက ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လက်ရှိအာဏာရပါတီနဲ့ လက်ရှိအစိုးရ ဆောင်ရွက်သမျှကို ဝေဘန်ကန့်ကွက်နေကြတဲ့ အတိုက်အခံနိုင်ငံရေးပါတီများက ၎င်းတို့ ပါတီသာ လွှတ်တော်အာဏာရခဲ့ရင်၊ ၎င်းတို့ပါတီကသာ အစိုးရအာဏာရခဲ့ရင် ဘယ်လို မူဝါဒတွေနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေကို နိုင်ငံသားအားလုံး တန်းတူညီမျှခံစားရအောင် ဆောင်ရွက်မယ်၊ လက်ရှိတွေ့ကြုံရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးရေး၊ နိုင်ငံတကာဆက်ဆံရေး ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာတွေကို ရှင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်။

နိုင်ငံရေးသမားတွေက "ကျနော်/ကျမဟာ ကတိတစ်ခုကို လွယ်လွယ်နဲ့ မပေးနိုင်ပါ" လို့ ပြောဆိုလေ့ ရှိကြပါတယ်။ ကတိတစ်ခုကို လွယ်လွယ်မပေးတာ ကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမည့် ရွေးကောက်ပွဲကာလမှာတော့ မဲဆန္ဒပေးကြမည့် ပြည်သူတွေကို နိုင်ငံရေးပါတီများက သူတို့ကို ရွေးချယ်ရင် တိုင်းပြည်အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပြုဖို့ အချိန်ရောက်နေပါပြီ။ တကယ်အကောင်အထည်ဖော်နိုင်မည့် မူဝါဒတွေကို ဖော်ထုတ်တင်ပြဖို့ လိုအပ်နေပါပြီ။ ဒါမှလည်း ပြည်သူလူထုက ဘယ်နိုင်ငံရေးပါတီက သူတို့တိုင်းပြည်အတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ်ဆိုတာကို နှိုင်းယှဉ်ရွေးချယ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ မဲဆန္ဒပေးနိုင်ကြမှာပါ။ အခုအချိန်အထိတော့ ပါတီလက်ကမ်းစာစောင်တွေ၊ ကြေညာချက်တွေမှာ ပါဝင်တတ်တဲ့ ယေဘူယျကြွေးကြော်သံတွေကလွဲရင် ဘယ်နိုင်ငံရေးပါတီကမှ တိကျတဲ့ နိုင်ငံတော်တည်ဆောက်ရေးမူဝါဒတွေကို ရှင်းလင်းတင်ပြတာ မတွေ့ရသေးပါ။ ဒါကြောင့် ဒီဆောင်းပါးနဲ့ နိုင်ငံရေးပါတီများကို ပြည်သူတွေကိုယ်စား မေးခွန်းတွေ ထုတ်လိုက်ပါတယ်။ ပြည်သူတွေကို ရွေးကောက်ပွဲမတိုင်ခင် ရှင်းရှင်းလင်းလင်း အဖြေပေးကြပါ။

#မြစ်ဆုံနှင့် ပါတ်သက်၍

နိုင်ငံရေးပါတီများကို မေးမြန်းဖို့ အရင်ဆုံးသတိရတာက "မြစ်ဆုံဆည်" တည်ဆောက်ရေးနဲ့ ပါတ်သက်တဲ့ မူဝါဒပါ။ နအဖစစ်အစိုးရလက်ထက်မှာ ဧရာဝတီမြစ်ကြီးရဲ့ အစ၊ မြစ်ဆုံလို့ ခေါ်ကြတဲ့ ကချင်ပြည်နယ်က အန်မိုင်ခမြစ်နဲ့ မလိခမြစ် မြစ်နှစ်စင်းဆုံရာအရပ်မှာ ဆည်ကြီးတစ်ခုတည်ဆောက်ပြီး တရုပ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ဖို့ တရုပ်အစိုးရပိုင် ကုမ္ပဏီများနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဆည်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီး ဧရာဝတီ ဖျက်ဆီးခံရမှာကို မကျေနပ်ကြတဲ့ မြန်မာပြည်သူများက အမျိုးသားရေးလှုပ်ရှားမှုကြီး တစ်ခုအနေနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
ပြည်သူလူထုရဲ့ ပြင်းပြတဲ့ နာကျင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းများကို သူ့အစိုးရသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးများထံ သဝဏ်လွှာပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းဟာ ၂၀၁၁ ခုနှစ်ကစလို့ ၂၀၁၅ ခုနှစ်အထိသာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကစလို့ ဧရာဝတီမြစ်ကြီးရဲ့ ကံကြမ္မာကို နောက်တက်လာမည့် လွှတ်တော်အသစ်၊ အစိုးရအသစ်တို့က အဆုံးအဖြတ်ပေးကြရတော့မှာပါ။ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်အာဏာရရှိရေး၊ သမ္မတအာဏာရရှိရေး ယှဉ်ပြိုင်ပြီး လူထုဆန္ဒခံယူကြမည့် နိုင်ငံရေးပါတီများက ၎င်းတို့ အာဏာရရင် ဧရာဝတီမြစ်ကြီးရဲ့ ကံကြမ္မာကို ဘယ်လို စီရင်မလဲဆိုတဲ့ မူဝါဒကို ရှင်းလင်းပြောကြားဖို့ လိုအပ်ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ကျနော်အပါအဝင် ဝါရှင်တန်ဒီစီအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ဦးရွှေမန်းနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကျနော်က ဦးရွှေမန်း သမ္မတဖြစ်လာရင် မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းနဲ့ ပါတ်သက်ပြီး ဘယ်လို စီစဉ်မလဲလို့ မေးတဲ့အခါ ဦးရွှေမန်းက "သူ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရင် ကျွမ်းကျင်သူ ပညာရှင်များနဲ့ တိုင်ပင်ပြီး ဒီစီမံကိန်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာမယ်။ အစိုးရနဲ့ တရုတ်ကုမ္ပဏီများ ချုပ်ဆိုထားတဲ့ စာချုပ်ကို လေ့လာမယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်မယ်။ နှစ်နိုင်ငံအစိုးရများချုပ်ဆိုထားတဲ့ စာချုပ်များကို လေးစားလိုက်နာဖို့လည်း တာဝန်ရှိတယ်။ အဲဒီလို ဘက်ပေါင်းစုံက လေ့လာသုံးသပ်ပြီးမှ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်တာကို ဆုံးဖြတ်မယ်" လို့ ပြန်ဖြေပါတယ်။ ဦးရွှေမန်းက လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တော့ သူ့ရဲ့ သဘောထားဟာ ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားပဲ ဖြစ်မယ် ထင်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဒီသဘောထားအပေါ်၊ ဒီမူဝါဒအပေါ် အပြည့်အဝ မကျေနပ်နိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီကယ်တင်ရေး လူထုလှုပ်ရှားမှုကြီး အရှိန်အဟုန်မြင့်မားနေချိန်၊ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့မှာ "ဧရာဝတီအတွက် ပန်ကြားချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ "အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးကို ရှေ့ရှုလျက် သက်ဆိုင်သူအားလုံးက မြစ်ဆုံစီမံချက်အား ပြန်လည်သုံးသပ်ကာ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး၏ စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မည့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေကြပါရန် တိုက်တွန်းပါသည်" လို့ ပန်ကြားခဲ့ပါတယ်။ အဲဒီ ပန်ကြားလွှာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ဘက်က ရပ်တည်ခဲ့ပေမည့် အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လွှတ်တော်ထဲ မရောက်သေးပါ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီး လက်ပန်းတောင်းတောင် ကြေးနီသတ္တုတွင်းပြဿနာအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဖြစ်လာတဲ့အခါ သူမရဲ့ သဘောထားက" နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်များကို အစိုးရသစ်များက လေးစားလိုက်နာရန်လိုသည်" ဆိုတဲ့ သဘောထားဖြစ်နေပါတယ်။ ဒါကြောင့် သူမကိုယ်တိုင် "သက်ဆိုင်သူများထဲက တစ်ယောက်" ဖြစ်လာတဲ့ အခါမှာ၊ သူမနဲ့ သူမပါတီက လွှတ်တော်အာဏာ၊ သမ္မတအာဏာတွေ ရတဲ့အခါမှာ ဧရာဝတီမြစ်ကြီးရဲ့ ကံကြမ္မာကို ဘယ်လို ဆုံးဖြတ်မလဲ။ အခုကတည်းက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်ပါပြီ။

ကျနော်တို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်က ဧရာဝတီမြစ်ကြီးကို အထိအခိုက်အရှအနာမရှိအောင် အစိုးရနဲ့ လွှတ်တော်က စောင့်ရှောက်ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးရခြင်းဟာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေ ပျက်သုန်းခြင်းဖြစ်တယ်လို့ နှလုံးသားနဲ့ နားလည်သိမြင်ကြတဲ့ ပြည်သူတွေက သူတို့ရဲ့ ရင်ဖွင့်သံကို အကျယ်လောင်ဆုံးအော်ဟစ်ခဲ့ကြပြီးပါပြီ။ ဒီအသံတွေကြောင့်လည်း သမ္မတဦးသိန်းစိန်က သူကိုယ်တိုင် နအဖစစ်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ လက်မှတ်ရေးထိုးသဘောတူခဲ့တဲ့ စီမံကိန်းကြီးကို သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းခဲ့တာပါ။ ပညာရှင်များကလည်း ဧရာဝတီမြစ်ကြီးရဲ့ အစမှာ မြစ်ဆုံဆည်တည်ဆောက်ခြင်းဟာ ကချင်လူမျိုးများ တန်ဘိုးထားတဲ့ မြစ်ဆုံကို ထာဝရပျောက်ကွယ်စေမှာ ဖြစ်တဲ့အပြင် သဘာဝအမွေအနှစ်များ၊ သစ်တောကြီးများ၊ တောင်တန်းကြီးများ၊ ရှားပါးတိရိစ္ဆာန်များ၊ ရေနေအရင်းအမြစ်များကို ဆုံးရှုံးရမှာ၊ ဧရာဝတီမြစ်ကြီးအတွင်း ရေစီးရေလာနည်းပြီး ရေကြောင်းခရီးသွားလာရေးကို အနှောက်အယှက်ဖြစ်မှာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ထိခိုက်မှာ စတဲ့ ဆိုးကျိုးတွေကိုလည်း ထောက်ပြဝေဘန်ပြီး ဖြစ်ပါတယ်။ ငလျင်ကြောကြီးနဲ့ နီးစပ်နေတာမို့ ငလျင်လှုပ်လို့ ဆည်ပြိုကျရင် ဆည်အောက်မှာရှိတဲ့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းနိုင်တာကိုလည်း ထောက်ပြခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရအသစ်၊ လွှတ်တော်အသစ်များက ပြည်သူ့အသံကို နားထောင်ဦးမယ်၊ ပညာရှင်တွေနဲ့ ဆွေးနွေးဦးမယ်ဆိုတဲ့ အကြောင်းပြချက်တွေကို ပြည်သူများက လက်ခံနိုင်မှာ မဟုတ်ပါ။

နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ စာချုပ်များကို လေးစားလိုက်နာရမယ်ဆိုတာလည်း အပြည့်အဝ မမှန်ပါ။ နှစ်နိုင်ငံ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တွေကို နှစ်နိုင်ငံ သဘောတူဖျက်သိမ်းကြတဲ့၊ ဒါမှမဟုတ် တစ်နိုင်ငံက တစ်ဖက်သတ်ဖျက်သိမ်းတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ ထမံသီဆည်တည်ဆောက်ရေးစီမံကိန်းကို မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရ နှစ်ဖက်သဘောတူညီမှုနဲ့ ဖျက်သိမ်းခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို ဦးစားပေးတဲ့ အစိုးရဆိုရင် တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးပြီး မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နှစ်ဖက်သဘောတူ ရပ်ဆိုင်းဖို့ ကြိုးစားရမှာပါ။ တရုတ်အစိုးရဘက်က နစ်နာကြေးတောင်းတယ်ဆိုရင်လည်း သင့်တင့်လျောက်ပတ်တယ်ဆိုရင် နစ်နာကြေးပေးဖို့ကို မြန်မာပြည်သူတွေက သဘောတူကြမှာပါ။ တရုတ်အစိုးရက သဘောမတူရင်လည်း မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ မြစ်ဆုံဆည်တည်ဆောက်ရေးကို တစ်ဖက်သတ်ရပ်စဲနိုင်ရမှာပါ။ စီမံကိန်းမစခင် အလေးအနက်ဆောင်ရွက်ရမည့် သဘာဝပါတ်ဝန်းကျင်အပေါ်သက်ရောက်မှုဆိုင်ရာ လေ့လာချက်တွေ၊ လူမှုစီးပွါးဘဝများအပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာချက်တွေကို အပြည့်အစုံမလုပ်ခဲ့တာလည်း အထင်အရှားမို့ တရုပ်ကုမ္ပဏီက စာချုပ်အတိုင်း မှန်မှန်ကန်ကန်အကောင်အထည်မဖော်တဲ့ သက်သေအထောက်အထားတွေလည်း ရှိနေတာပါ။  

ဒါကြောင့်မို့ ရွေးကောက်ပွဲရက် မတိုင်ခင်မှာ နိုင်ငံရေးပါတီများက သူတို့ပါတီအာဏာရရင် ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဘယ်လို မူဝါဒတွေနဲ့ ဆောင်ရွက်မယ်ဆိုတာကို ပြည်သူတွေကို ရှင်းလင်းတင်ပြနိုင်မလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။။။။။

0 comments: