BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 15, 2014

Burma's Parliament Watch Part (63)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၆၊ မေလ ၁၅ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၂၃-၃၄)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၆၃) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (က)

၂၀၁၄ ခုနှစ်၊ မေလ (၅) ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံအတွင်းက အရပ်ဘက်အဖွဲ့အစည်း (၉၇) ဖွဲ့က မျိုးစောင့်ဥပဒေကြမ်းများ ရေးဆွဲခြင်းနှင့်ပါတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အစိုးရထံ ပန်ကြားလိုက်ပါတယ်။ ဒီပန်ကြားချက်က မေလ (၂) ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က အစိုးရမှတာဝန်ခံရေးဆွဲနေတဲ့ "ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွါးနှုံး ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ" ရေးဆွဲမှု ပြီးစီးနေပြီလို့ သတင်းဋ္ဌာနများကို ထုတ်ဖော်ပြောဆိုအပြီး သုံးရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီပန်ကြားချက်မှာ "ယခု လတ်တလောအချိန်တွင် ဖြစ်ပေါ်နေသော မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံသော နိုင်ငံရေးလှုပ်ရှားမှုများနှင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လှုံ့ဆော်မှုများသည် အစွန်းရောက် အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးကာကွယ်ရေးနှင့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့နှင့် ကိုက်ညီမှု လုံးဝမရှိသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တစ်ခုအဖြစ် သုံးသပ်သည်" ဟု ဖော်ပြပါရှိပါတယ်။ ပန်ကြားလွှာရေးသားတောင်းဆိုတဲ့ အရပ်ဘက်အဖွဲ့များက အဆိုပါပန်ကြားချက်ကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့ ဘာသာရေးခေါင်းဆောင်များထံ ပေးပို့တယ်လို့လည်း သိရပါတယ်။

ဒီလိုပန်ကြားတာနဲ့ ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က "ဥပဒေကြမ်းတင်သွင်းတဲ့အထိ" တော့ စောင့်ကြည့်သင့်တယ်လို့ ဝေဘန်တာကိုလည်း ကြားသိရပါတယ်။ ကျနော့်အမြင်အရ အရပ်ဘက်အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်ဟာ မှန်ကန်ပြီး ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ စောင့်ဆိုင်းနေစရာမလိုပဲ အခုကတည်းက "မျိုးစောင့်ဥပဒေကြမ်းများ” ရေးဆွဲတာကို ကန့်ကွက်ရမှာပါ၊ တကယ်တော့ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များသာ သတ္တိရှိခဲ့ရင် အခုလို ဥပဒေကြမ်းများ ရေးဆွဲရတဲ့ အခြေအနေမျိုးကိုတောင် ရောက်လာမှာမဟုတ်ပါ။

#အစိုးရနှင့် လွှတ်တော် ဘော်လီဘောပုတ်ကြခြင်း။

သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီလ (၂၅) ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ စာတစ်စောင်ပေးပို့ခဲ့ပါတယ်၊ အဲဒီစာမှာ သမ္မတက အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးတိလောကာဘိဝံသ က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးပေးပို့တဲ့ စာကိုရည်ညွှန်းပါတယ်၊ ဆရာတော်က "မြန်မာနိုင်ငံအတွင်း၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော ပဋ္ဋိပက္ခများကို ဖြေရှင်းရာတွင် အဓိကအကြောင်းရင်းဖြစ်သော လူမှုရေးမညီမျှမှုများကို ပြေလည်စေရန် ရည်ရွယ်၍ ဥပဒေ (၄) ရပ်ကို မဖြစ်မနေ ပြဋ္ဌန်းပေးစေလိုကြောင်း" တောင်းဆိုပြီး ထောက်ခံသူ (၁၃) သိန်းကျော်ရဲ့ လက်မှတ်များလည်း ပူးတွဲပါရှိပါတယ်၊ 

ဆရာတော်နှင့် ထောက်ခံသူများက ပြဋ္ဌန်းပေးစေလိုသော ဥပဒေ (၄) ရပ်မှာ (က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ (ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ (ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ (ဃ) လူဦးရေတိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ဖြစ်ကြပါတယ်၊ 
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဆရာတော် ဦးတိလောကာဘိဝံသနဲ့ ထောက်ခံသူများက သမ္မတဦးသိန်းစိန်ထံ စာရေးပြီး တောင်းဆိုကြပေမည့် သမ္မတဦးသိန်းစိန်မှာ ဥပဒေရေးဆွဲရေးအာဏာမရှိပါ၊ ဥပဒေရေးဆွဲရေးအာဏာဟာ ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်၊ ဒါကြောင့် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသားပေးပို့ပြီး ယင်းဥပဒေများပြဋ္ဌန်းရေးနှင့်ပါတ်သက်ပြီး "လိုအပ်ပါက ဥပဒေအဖြစ် ပြဋ္ဌန်းနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပါရန်" အကြောင်းကြားတာဖြစ်ပါတယ်။

ဒီနေရာမှာ သမ္မတရဲ့ ဆောင်ရွက်ချက်နဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲဖြစ်ပါတယ်။ ဥပဒေပြုအာဏာမရှိပါ။ ဒါကြောင့်မို့ စာရေးသူဆရာတော်ထံ ၎င်းမှာ ဥပဒေပြုအာဏာမရှိတဲ့အတွက် တောင်းဆိုထားသော ဥပဒေ (၄) ရပ်ကို ပြဋ္ဌန်းပေးရန်မဖြစ်နိုင်ကြောင်း၊ အဆိုပါတောင်းဆိုချက်များကို ဥပဒေပြုအာဏာရှိတဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲထံ ဆရာတော်နှင့် တောင်းဆိုသူများမှ တိုက်ရိုက်ပေးပို့သင့်ကြောင်း သမ္မတက စာပြန်ကြားသင့်ပါတယ်။ အခုတော့ သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ အလွယ်တကူလွှဲပြောင်းပေးလိုက်ပါတယ်။ ဆရာတော်ထံမှ စာက ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ဖြစ်ပြီး သမ္မတမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးစာက ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်ဖြစ်တာမို့ ကြားမှာ အချိန် (၇) လခွဲလောက် ခြားနားနေတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မျိုးစောင့်ဥပဒေများဆိုင်ရာ စာပေးပို့ဖို့ (၇) လခွဲလောက် အချိန်ယူခဲ့ပေမည့် ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတကို အကြောင်းပြန်ဖို့ အချိန် နှစ်ရက်ပဲယူပါတယ်။ အဆိုပါ ဥပဒေများအတွက် အစိုးရမှ မူကြမ်းများရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဖို့ အကြောင်းပြန်စာကို ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ (၂၇) ရက်နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်၊

ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းရဲ့ ဆောင်ရွက်ချက်နဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်စရာရှိလာပါတယ်။ တကယ်တော့ ဦးသိန်းစိန်ရဲ့ စာထဲမှာ ထောက်ပြထားသလို ပြဋ္ဌန်းပေးစေလိုတဲ့ ဥပဒေ (၄) ရပ်စလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ဇယား (၁) ပြည်ထောင်စုဥပဒေပြု စာရင်း၊ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ဇယား (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းများမှာ မပါဝင်ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၈) မှာ အဆိုပါ ဇယား (၃) ခုစလုံးမှာ မပါဝင်တဲ့ အခြားကိစ္စရပ်များနှင့် ပါတ်သက်သည့် ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်ထံ အပ်နှင်းထားပါတယ်။ ဒါကို ပြည်ထောင်စုလွှတ်တော်က တာဝန်မယူပဲ သမ္မတထံ ဥပဒေကြမ်းရေးဆွဲဖို့ တာဝန်ပေးတာ သဘာဝကျတယ် မထင်ပါ။
သမ္မတရဲ့ စာမှာ "လိုအပ်ပါက" လို့ ဖော်ပြပါရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များအနေနဲ့ အဆိုပါဥပဒေများရေးဆွဲရန် လိုအပ်မှုရှိမရှိဆိုတာကို နိုင်ငံတော်ရဲ့ ပင်မဥပဒေဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ နှိုင်းယှဉ်လေ့လာပြီး အရင်သုံးသပ်ရမှာပါ၊ 

၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် (ပုဒ်မ ၃၅၄/ဃ)၊ နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရန် တားမြစ်ချက် (ပုဒ်မ ၃၆၄)၊ နိုင်ငံတော်အတွင်း နိုင်ငံသားများအားခွဲခြားဆက်ဆံခြင်းကို တားမြစ်ချက် (ပုဒ်မ ၃၄၈) စတဲ့ ပြဋ္ဌန်းချက်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေဆိုတာကို ပြဋ္ဌန်းရန်မလိုအပ်နိုင်ပါ။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ပါတ်သက်ပြီး တည်ဆဲဥပဒေဖြစ်တဲ့ "၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ" ရှိပြီးဖြစ်ပါတယ်။ လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုတာ ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် (စတုရန်းကီလိုမီတာ ၆ သိန်း ၇သောင်းကျော်) ကျယ်ဝန်းပြီး လူဦးရေ သန်း (၆၀) မျှသာရှိသေးတဲ့ မြန်မာနိုင်ငံအတွက် မလိုအပ်နိုင်ပါ။ မိသားစုတစ်စုမှာ ကလေးတွေအများကြီး တာဝန်မယူနိုင်မှာကို စိုးရိမ်တယ်ဆိုရင်လည်း သားဆက်ခြားတဲ့ ကိစ္စကို ပညာပေးပြုပြင်ရမှာပါ။ ဥပဒေနဲ့ တားမြစ်စရာမလိုအပ်ပါ။ တောင်းဆိုထားတဲ့ ဥပဒေ (၄) ရပ်အနက် "တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ" ကလွဲရင် ကျန် (၃) ခုဟာ ဥပဒေပြဋ္ဌန်းရန် မလိုအပ်ပါ၊ သမ္မတရဲ့ အကြောင်းကြားစာကို ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံး လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင် မလိုအပ်တဲ့ ဥပဒေများကို ရေးဆွဲရန် တာဝန်မယူကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်နိုင်မှာဖြစ်ပြီး လိုအပ်မည့် ဥပဒေတစ်မျိုးကိုသာ ဥပဒေကြမ်းရေးဆွဲဖို့ သဘောတူကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမည့် ပြည်ထောင်စုလွှတ်တော်နာယကကြီးကလည်း သူ့စည်းဝိုင်းထဲရောက်လာတဲ့ ဘော်လီဘောကို သမ္မတရဲ့ စည်းဝိုင်းဘက်စီ အမြန်ပုတ်ထုတ်လိုက်ပါတယ်။ နီးစပ်ရာ လွှတ်တော်ရေးရာကော်မီတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနဲ့ အရေးပေါ်အစည်းအဝေးကျင်းပပြီး အဆိုပါဥပဒေများကို အစိုးရမှ ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ တောင်းဆိုတဲ့စာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်မှ အစိုးရအား မျိုးစောင့်ဥပဒေကြမ်းများ ရေးဆွဲရန် တာဝန်ပေးတဲ့စာကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့တာပါ။

သမ္မတကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံ မတ်လ (၆) ရက်နေ့စွဲနဲ့ အကြောင်းပြန်ပါတယ်။ သူ့အနေနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနများကို ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွါးနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်းများကို ရေးဆွဲဖို့ ညွှန်ကြားထားပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများရေးဆွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုက်ရိုက်အကြောင်းကြားသင့်ကြောင်း ပြန်ကြားပါတယ်။ ဒါကြောင့် အခုဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပေးချက်အရ အစိုးရအဖွဲ့က မျိုးစောင့် ဥပဒေ (၂) ရပ်ကို ဥပဒေကြမ်းရေးဆွဲနေပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နောက်ထပ်မျိုးစောင့်ဥပဒေ (၂) ရပ်ကို ဥပဒေကြမ်းရေးဆွဲနေပါပြီ။ မကြာခင်မှာ ရေးဆွဲပြီးတဲ့ ဥပဒေကြမ်းများကို ပြည်သူလူထုထံ ချပြပြီး အကြံတောင်းခံမယ်လို့လည်း ကြားသိရပါတယ်။ ဒါဟာဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ၊ ပြည်သူများနဲ့ နိုင်ငံရေးသမားများအကြား ကွဲပြားမှုများ ပိုပြီးနက်ရှိုင်းလာတာကို သက်သေပြနေပါတယ်။ အဆိုပါ နက်ရှိုင်းတဲ့ ကွဲပြားမှုများက မြန်မာပြည်သူများကို ထိုင်းနိုင်ငံမှာ ရှပ်နီအုပ်စု (Red Shirt Group)၊ ရှပ်ဝါအုပ်စု (Yellow Shirt Group) ဆိုပြီး ပြည်သူတွေ အုပ်စုနှစ်စုကွဲကြသလို ပြိုကွဲစေပြီး ၂၀၁၅ ရွေးကောက်ပွဲများ နီးကပ်လာတာနဲ့အမျှ ပို၍ကြီးမားတဲ့ ပဋ္ဋိပက္ခတွေဆီကို ဦးတည်နေပါတယ်။ 

#လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အကြောင်းရင်း

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုများက တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေကြတာ လွတ်လပ်ရေးမရခင်ကတည်းကပါ၊ တောင်းဆိုချက်တွေရရှိရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရာကစပြီး ပြည်တွင်းစစ်ကြီးဖြစ်ပွါးခဲ့တာလည်း နှစ်ပေါင်း (၆၀) ကျော်ပါပြီ။ ဦးသိန်းစိန်အစိုးရက လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်ကစလို့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ၂၀၁၂ ခုနှစ်ကစတင် ဖြစ်ပွါးခဲ့ပါတယ်၊ လူပေါင်း ၃၀၀ ခန့် သေကြေပျက်စီး၊ လူပေါင်း သိန်းနဲ့ချီပြီး ဒုက္ခသည်ဖြစ်လို့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စီးပွါးရေးလုပ်ငန်းတွေ အမြောက်အများ ဖျက်ဆီးခံရတဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ နှစ်ပေါင်း (၆၀) ကျော်ကြာမြင့်ခဲ့ပြီး လူ့အသက်ပေါင်း သိန်းနဲ့ချီသေကြေပျက်စီးလို့ လူသန်းပေါင်းများစွာ ဘဝပျက်ကြရတဲ့ လူမျိုးရေးလက်နက်ကိုင်ပဋိပက္ခတွေက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်။

ဒီပဋိပက္ခတွေရဲ့  အဓိကအကြောင်းရင်းက လူမှုရေးမညီမျှမှုများဖြစ်တယ်လို့ ဆရာတော်ဦးတိလောကာဘိဝံသက ဆိုပါတယ်။ ကျနော် သဘောမတူပါ။ ကျနော့်အမြင်မှာတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွါးရခြင်းရဲ့  အဓိကအကြောင်းရင်းဟာ လူအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ လူများစုမှ လူနည်းစုအပေါ် အနိုင်ကျင့်မှုများနဲ့ ဥပဒေနဲ့အညီ တရားမျှတအုပ်ချုပ်နိုင်စွမ်းမရှိခြင်းများဖြစ်ကြပါတယ်။ ဆရာတော်နဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်လိုသူများ တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ (၃) ခုက မြန်မာနိုင်ငံသားများအကြား ခွဲခြားဆက်ဆံရေး (Discrimination) များကို ပိုမိုကြီးမားစေပြီး ညီညွတ်မှုကို ပိုမိုပြိုကွဲစေပါလိမ့်မယ်။ ဖြစ်ပေါ်နေဆဲ ပဋိပက္ခများကို ပို၍ဆိုးဝါးစေပါလိမ့်မယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရာမရောက်ပဲ နှိမ့်ချစော်ကားသလို၊ ကိုယ်ကျိုးစီးပွါးအတွက် အသုံးချသလို ဖြစ်နေပါလိမ့်မယ်။ ဒီမိုကရေစီအခွင့်အရေးအနည်းငယ်မျှကို စတင်ခံစားနေကြရပြီဖြစ်တဲ့ ပြည်သူလူထုရဲ့  ဘဝတွေကို ဘာသာရေးအကြောင်းပြ ချုပ်ကိုင်ရာ ရောက်ပါလိမ့်မယ်။

သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်နာယက ဦးရွှေမန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ကြည့်ရတာလည်း "ဒီဥပဒေတွေကို မထောက်ခံရင် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမရစေရဘူး" လို့ ကြွေးကြော်နေတဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  ခြိမ်းခြောက်မှုတွေကို အထူးဂရုစိုက်နေပုံရပါတယ်၊ တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအလားအလာက အလွန်မြင့်မားနေတာမို့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  အလိုကိုလိုက်လျောခြင်းဖြင့် ကြံ့ခိုင်ရေးပါတီ အာဏာဆက်လက်ရနိုင်ရေး မျှော်လင့်နေကြမယ် ထင်ပါတယ်။

အောင်ဒင်
မေ ၈၊ ၂၀၁၄


 


0 comments: