BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, May 19, 2014

Peace and Civil Sosiety Part (1)

(မဇ္ဈိမ နေ့စဉ်သတင်းစာ၊ မေလ ၁၉၊ ၂၀၁၄၊ တနင်္လာနေ့၊ စာမျက်နှာ ၁၇)



ပြည်တွင်းငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ (၁)

အောင်ဒင်

#၈၈ငြိမ်းပွင့်နဲ့ ငြိမ်းချမ်းရေး

၂၀၁၄ ခုနှစ်၊ မေလ (၂) ရက်နေ့မှာ မြန်မာနိုင်ငံရဲ့  အထင်ရှားဆုံးအရပ်ဘက်အဖွဲ့အစည်းလို့ ဆိုရမည့် "၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)" (၈၈ ငြိမ်းပွင့်) က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး စာတစ်စောင်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာကို ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မီတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်နဲ့ "ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ" (ယူအန်အက်ဖ်စီ) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ထံလိပ်စာတပ်ပေးပို့ပြီး စာထဲမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွါးနေခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြားမည်ကို စိုးရိမ်ကြောင်းဖော်ပြထားတယ်လို့ သိရပါတယ်။


ဒီစာကို ပေးပို့ပြီးတဲ့နောက် ပထမဆုံး အသိအမှတ်ပြု အကြောင်းပြန်တာက အစိုးရဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး အလုပ်ကော်မီတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၈၈ ငြိမ်းပွင့်ခေါင်းဆောင်များကို မေလ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာနကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စ အကောင်အထည်ဖော်မှုများကို ရှင်းပြပါတယ်။ နှစ်နာရီကျော်ကြာတဲ့ ဒီဆွေးနွေးပွဲမှာ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်နဲ့ မနန်းစော စတဲ့ ၈၈ငြိမ်းပွင့်ခေါင်းဆောင် (၅) ဦးတက်ရောက်ပြီး ဝန်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးဆိုင်ရာ ဆောင်ရွက်မှုတွေအကြောင်း ရှင်းပြတာကို စိတ်ဝင်တစားနားထောင်ကြသလို သူတို့ရဲ့ စိတ်ပူပန်မှုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲရဲ့  အောင်မြင်မှုတစ်ခုကတော့ ၈၈ငြိမ်းပွင့်လို အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့  ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ပါဝင်ကူညီဆောင်ရွက်လိုမှုကို မြန်မာအစိုးရက နားလည်အသိအမှတ်ပြုပြီး၊ ကြိုဆိုလက်ခံပြီး အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနဲ့ ၈၈ငြိမ်းပွင့် တို့အကြား ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး တစ်လတစ်ကြိမ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူကြတာ ဖြစ်ပါတယ်။ ၈၈ငြိမ်းပွင့်ရဲ့ စာအပေါ် "ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ" ကလည်း မေလ (၈) ရက်နေ့စွဲနဲ့ စာတစ်စောင်အကြောင်းပြန်တယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြရာမှာ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဖို့လိုအပ်တယ်ဆိုတာကို အားလုံးက လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ခရီးစဉ်ရဲ့  အစပိုင်းဖြစ်တဲ့ နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ အဆင့်အထိကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြပြီး အပစ်အခတ်ရပ်စဲရေးသဘောတူပြီး နောက်ပိုင်းကျမှ အပစ်အခတ်ရပ်စဲရေးကို ဒေသအလိုက် စောင့်ကြပ်ကွပ်ကဲရာမှာ အရပ်ဘက်အဖွဲ့အစည်းများ စတင်ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာမှာ အရပ်ဘက်အဖွဲ့အစည်းများရော၊ နိုင်ငံရေးအင်အားစုများအားလုံး ပါဝင်ဆွေးနွေးကြမယ်လို့ ယေဘူယျ နားလည်လက်ခံထားကြတာပါ။ ဒါပေမည့် မြင်တွေ့နေရတဲ့ အခြေအနေက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို မျှော်လင့်သလို မကြာခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဆိုတာမလွယ်လှပါ။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များရဲ့ ဆွေးနွေးပွဲတွေဟာ ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်ကြသလို အမှန်တကယ် မချောမွေ့ကြပဲ နှစ်ဘက်စလုံးမှာ အလျှော့မပေးချင်တဲ့ တောင်းဆိုမှုတွေနဲ့ပါ။ ဒီဘက်နှစ်ဘက် ဆွေးနွေးနေကြတာကိုပဲ ဒီအတိုင်း စောင့်ကြည့်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ပို၍အလှမ်းဝေးပြီး နိုင်ငံရေးဆွေးနွေးပွဲများအဆင့်သို့ နောက်လပေါင်းများစွာ ရောက်လာနိုင်မှာမဟုတ်ပါ။ ဒါကြောင့် ၈၈ငြိမ်းပွင့် ခေါင်းဆောင်များက အခုလို တာဝန်သိသိ ပါဝင်ဆွေးနွေးတာကို ကြိုဆိုပါတယ်။ ၈၈ငြိမ်းပွင့် နဲ့အတူ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ  ပြည်တွင်းငြိမ်းချမ်းရေးရဲ့ ပထမအဆင့်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဘက်စလုံးကို ချဉ်းကပ်စည်းရုံးဖို့ ၊ လိုအပ်သလို ဖိအားပေးဖို့ အချိန်ရောက်နေပါပြီ။ 

#မရေရာ၊ မသေချာသော ဆွေးနွေးပွဲများ၊

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးနေတာ ကြာပါပြီ၊

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီး ဦးအောင်မင်းကခေါင်းဆောင်ပြီး လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကတော့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံက ဖွဲ့စည်းပေးခဲ့တဲ့ "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က တာဝန်ခံဆွေးနွေးနေပါတယ်။ အင်အားကြီးအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (ဝသဖ) နဲ့ မိုင်းလားအုပ်စုက သီးခြားဆွေးနွေးပါတယ်။ အခုထိတော့ စာချုပ်လက်မှတ်ရေးထိုးနိုင်မည့် အရိပ်အယောင်မတွေ့သေးပါ၊ ဆွေးနွေးပွဲတွေအပြီး ပူးတွဲ သတင်းထုတ်ပြန်ချက်တွေမှာတော့ တိုးတက်မှုတွေရှိသယောင် ပြောဆိုကြပေမည့် လက်တွေ့မှာတော့ မတူညီမှုတွေက အများကြီးရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ မတ်လက ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုကို အခန်း (၇) ခန်းဖြင့်ပြုစုရေးသားရန် သဘောတူညီမှု ရခဲ့ပြီး ဧပြီလဆန်းမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ စာချုပ်မူကြမ်းတစ်ခုကို ရေးဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမည့် အဲဒီစာချုပ်မူကြမ်းထဲမှာ နှစ်ဘက်စလုံးက လက်မခံနိုင်တဲ့ အချက်တွေ အတော်များများပါဝင်နေလို့ နောက်ထပ် အကြိမ်များစွာ ဆွေးနွေးနေရဦးမယ် ထင်ပါတယ်။ တစ်ဘက်မှာလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကလည်း ညှိနှိုင်းမှုတွေကို ပိုပြီး နှေးကွေးစေပါလိမ့်မယ်။ ဒါကြောင့်လည်း အရပ်ဘက်အဖွဲ့အစည်းများ ကြားဝင်ညှိနှိုင်းဖို့ သင့်နေတာပါ။

၂၀၁၄ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့စွဲနဲ့ အစိုးရရဲ့  မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန (MPC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ NCCT တို့မှ ပူးတွဲပြုစုတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ကို လေ့လာကြည့်ပါတယ်။ အခန်း (၇) ခန်းပါပြီး စာမျက်နှာ (၂၃) မျက်နှာရှိတဲ့ စာချုပ်မူကြမ်းမှာ အနီရောင်တွေ၊ အပြာရောင်တွေ ပြည့်နေပါတယ်။ အနီရောင်ချယ်ထားတာတွေက တိုင်းရင်းသားများဘက်က အဆိုပြုပြီး အစိုးရဘက်က လက်မခံတဲ့ အချက်တွေပါ၊ အပြာရောင်ချယ်ထားတာတွေက အစိုးရဘက်က တင်ပြပြီး တိုင်းရင်းသားများဘက်က လက်မခံနိုင်တဲ့ အချက်တွေပါ၊ အချို့သဘောမညီမှုတွေက စကားလုံးအသုံးအနှုံးအပေါ် အငြင်းပွါးကြတာပါ၊ သေသေချာချာ ဖတ်ကြည့်တဲ့ အခါမှာ စကားလုံးအသုံးအနှုံးများနဲ့ ပါတ်သက်ပြီး တစ်ဘက်ဘက်က သဘောထားကြီးကြီးနဲ့ အလျှော့ပေးရင်၊ ဒါမှမဟုတ် နှစ်ဘက်စလုံးလက်ခံနိုင်တဲ့ စကားလုံးအသစ်ကို ရှာဖွေသုံးစွဲရင် ဖြေရှင်းနိုင်မှာပါ၊ ကျန်တဲ့ အချက်တွေကို ကြည့်တော့လည်း တစ်ဘက်ဘက်က လက်ခံသင့်တဲ့ အဆိုပြုချက်တွေ တွေ့ရသလို လုံးဝလက်ခံနိုင်မှာမဟုတ်တဲ့ အချက်တွေလည်း တွေ့ရပါတယ်။ နှစ်ဘက်စလုံးက သဘောထားမကြီးကြရင်၊ အပြန်အလှန်အလျှော့မပေးကြရင်၊ နိုင်ငံရေးပြသနာတွေကို လက်နက်ကိုင်တိုက်ပွဲများအစား နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ကို ရဲရဲရင့်ရင့် မထူထောင်နိုင်ကြဘူး ဆိုရင် ဒီဆွေးနွေးပွဲတွေကနေ တိုးတက်မှုရှိနိုင်မှာ မဟုတ်ပါ။ ဒီလိုနဲ့ "ပြည်တွင်းစစ်မရပ်စဲသ၍ တပ်မတော်၏ အခန်းကဏ္ဍကို မြန်မာ့နိုင်ငံရေးနယ်ပယ်မှ လျှော့ချ၍မရ၊ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ချယ်လှယ်နေသမျှ စစ်မှန်သော ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုများ အာမခံချက်မရှိနိုင်၊ တန်းတူညီမျှမှုများမရှိသ၌ ပြည်တွင်းစစ်ရပ်စဲနိုင်မည်မဟုတ်" ဆိုပြီး ရေသံသရာလည်သလို လည်နေတဲ့ ပြည်တွင်းစစ်သံသရာကနေ ကျနော်တို့နိုင်ငံ လွတ်မြောက်နိုင်မှာ မဟုတ်ပါ။ စာချုပ်မူကြမ်းနဲ့ ပါတ်သက်ပြီး ကျနော့်ရဲ့  လေ့လာသုံးသပ်ချက်များကို အောက်မှာ ဆွေးနွေးတင်ပြပါ့မယ်။

#စကားလုံးအသုံးအနှုံး အငြင်းပွါးမှုများ

စာချုပ်မူကြမ်း တစ်ခုလုံးမှာ စကားလုံးအတော်များများကို အငြင်းပွါးကြတာတွေ့ရပါတယ်။ အဲဒီစကားလုံးတွေကလည်း စာချုပ်တစ်ခုလုံး စာမျက်နှာတိုင်း၊ အခန်းတိုင်းမှာ ပါဝင်တာမို့ အရေးကြီးစကားလုံးတွေ ဖြစ်ပါတယ်။

(၁) အစိုးရဘက်က "လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ" လို့ သုံးချင်ပါတယ်။ တိုင်းရင်းသားများဘက်က "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ" လို့ သုံးချင်ပါတယ်။
(၂) အစိုးရဘက်က "ဒီမိုကရေစီနိုင်ငံတော်" လို့ သုံးချင်ပြီး တိုင်းရင်းသားများက "ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်" လို့ သုံးချင်ပါတယ်။
(၃) အစိုးရဘက်က "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး" လို့သုံးချင်ပြီး တိုင်းရင်းသားများဘက်က "အပစ်အခတ်ရပ်စဲရေး" လို့သုံးချင်ပါတယ်။
(၄) အစိုးရဘက်က "ပင်လုံစိတ်ဓာတ်" လို့ သုံးပြီး တိုင်းရင်းသားများက "ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်" လို့ သုံးချင်ပါတယ်။
(၅) အစိုးရဘက်က "နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး" လို့ အဆိုပြုပြီး တိုင်းရင်းသားများက "ပြည်ပရန်ကာကွယ်ရေး" လို့ သုံးချင်ပါတယ်။
(၆) အစိုးရဘက်က "အမျိုးသားငြိမ်းချမ်းရေးပြည်ထောင်စုညီလာခံ" လို့အဆိုပြုပြီး တိုင်းရင်းသားများက "ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတို့ကို အခြေခံသော ပြည်ထောင်စုညီလာခံ" လို့ အဆိုပြုပါတယ်။
(၇) အစိုးရက "အမျိုးသားငြိမ်းချမ်းရေးစာချုပ်" လို့ဆိုတာကို တိုင်းရင်းသားများက "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူစာချုပ်" လို့ ဆိုချင်ပါတယ်။

ကျနော့်အမြင်အရပြောရရင် တိုင်းရင်းသားများဘက်က တောင်းဆိုတဲ့ "ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်"၊ "ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတို့ကို အခြေခံသော ပြည်ထောင်စုညီလာခံ" ၊ "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူစာချုပ်" စတဲ့ အသုံးအနှုံးတွေက သိပ်မြင့်မားလွန်းနေတယ်လို့ ယူဆပါတယ်။ အခု လက်ရှိဆွေးနွေးနေကြတာ "အပစ်အခတ်ရပ်စဲရေး" အတွက်ပါ၊ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်အရ "အပစ်အခတ်ရပ်စဲရေးစာချုပ်" မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပရန် အာမခံချက်ကို ထည့်သွင်းရေးဆွဲဖို့ အစိုးရဘက်က သဘောတူထားပါတယ်။ ဒါပေမည့် နိုင်ငံရေးဆွေးနွေးပွဲများအဆင့်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတင်မကတော့ပဲ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးနဲ့ ကျောင်းသား၊ လူငယ်အဖွဲ့အစည်းများ စတဲ့ လက်နက်မကိုင်တဲ့ သာမာန်ပြည်သူများပါ တန်းတူညီမျှ ပါဝင်ဆွေးနွေးခွင့်ရရမှာ ဖြစ်ပါတယ်။ 

အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကို အာမခံပေးရမှာ ဖြစ်ပေမည့် အဲဒီ နိုင်ငံရေးဆွေးနွေးပွဲများကို ဘယ်လိုအခြေခံမူတွေနဲ့ ဆွေးနွေးကြမယ်၊ ဘယ်လိုစာချုပ်ချုပ်ဆိုမယ်ဆိုတာတွေကို ဒီ အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ထည့်ရေးသားဖို့၊ တာဝန်ခံဖို့ မလိုအပ်ပါ၊ နောက်တစ်ဆင့်မှာ ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များချမှတ်ရေး ဆွေးနွေးပွဲများမှာသာ ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
ဒီစကားလုံးတွေအားလုံးက အခန်းတိုင်း၊ စာမျက်နှာတိုင်းမှာ ထပ်ခါထပ်ခါ ပါဝင်နေတာမို့ ဒီစကားလုံးအသုံးအနှုံးတွေနဲ့ ပါတ်သက်ပြီး နှစ်ဘက်သဘောတူညီနိုင်ကြရင် အတော်ခရီးပေါက်နေပြီလို့ ဆိုရမှာပါ။ ဒီစကားလုံးအသုံးအနှုံးတွေအပေါ်မှာ နှစ်ဘက်စလုံးက အလေးအနက်ထားကြတာပါ။ တကယ်တော့ ဒီစကားလုံးအသုံးအနှုံးတွေ ပါဝင်တဲ့ စာချုပ်ပါ အချက်များဟာ အလွန်မတန် အဓိပ္ပာယ်ပြည့်ဝပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် အထောက်အကူပြုစေနိုင်တာပါ။ 

ဒီစကားလုံးတွေအပေါ်မှာ သူ့ဘက်၊ ကိုယ့်ဘက် အလျှော့မပေးကြလို့ စာချုပ်ကို လက်မှတ်မထိုးနိုင်တဲ့ အခြေအနေရောက်သွားရင်လည်း နှစ်ဘက်စလုံးက အပြန်အလှန် လက်ညှိုးထိုး အပြစ်တင်ကြမှာပါ။ ဒါကြောင့် ကျနော်က နှစ်ဘက်စလုံးကို ဝေဘန်မည့်၊ ဖိအားပေးမည့်၊ သဘောထားကြီးဖို့ မေတ္တာရပ်ခံမည့်၊ မအောင်မြင်ရင်လည်း နှစ်ဘက်စလုံးကို အပြစ်တင်မည့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ ပါဝင်မှုကို တောင်းဆိုတာပါ။ 
 


0 comments: