BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 9, 2014

Something Good for Burma, Part (6) and (7)



(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၈၊ ဧပြီလ ၂၂ ရက်၊ ၂၀၁၄)
(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၉၊ ဧပြီလ ၂၉ ရက်၊ ၂၀၁၄)


မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၆) နှင့် (အပိုင်း ၇)
အမျိုးသားစီးပွါးရေးမူဝါဒ

အောင်ဒင်

အမေရိကန်ပြည်ထောင်စုမှာ စီးပွါးရေးမူဝါဒလို့ ပြောရင် ဈေးကွက်စီးပွါးရေး၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် အစိုးရ၏ပါဝင်ပါတ်သက်မှု၊ အနည်းဆုံးလုပ်ခသတ်မှတ်ချက်၊ အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဌ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေး၊ အခွန်ကောက်ခံမှု၊ နိုင်ငံတကာလွတ်လပ်စွာကုန်သွယ်ရေး စာချုပ်များ၊ သုတေသနလုပ်ငန်းများ၊ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်အရေးကိစ္စများ စုပေါင်းပါဝင်ပါတယ်၊

#ရီပါတ်ဘလီလင်ပါတီ၏ စီးပွါးရေးမူဝါဒ

ရီပါတ်ဘလီကင်ပါတီက တိုင်းပြည်ရဲ့ စီးပွါးရေးတိုးတက်မှုနဲ့ တီထွင်ဖန်တီးမှုများကို လွတ်လပ်သော ပုဂ္ဂလိကစီးပွါးရေးအဖွဲ့အစည်းများကသာ ဖန်တီးပေးနိုင်တယ်၊ အစိုးရက မည်သူမဆို ကိုယ်ပိုင်အရည်အသွေးများကို လွတ်လပ်စွာအသုံးချနိုင်ခွင့်ရှိတဲ့ စီးပွါးရေးပါတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ကူညီစီစဉ်ပေးဖို့သာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်၊ လွတ်လပ်တဲ့ ဈေးကွက်များနဲ့ ပုဂ္ဂလိကတစ်ဦးချင်းစီရဲ့  အောင်မြင်မှုများဟာ စီးပွါးရေးတိုးတက်မှုများကို ဖြစ်စေတဲ့ အဓိကအင်အားများဖြစ်တယ်လို့ ယုံကြည်ပါတယ်၊ ဒီဘက်ခေတ်မှာ ရီပါတ်ဘလီကင်ပါတီရဲ့  စီးပွါးရေးသီအိုရီကို "Supply Side Theory" လို့ ခေါ်ပါတယ်၊ သမ္မတ ရော်နယ်ရေဂင်လက်ထက်ကစလို့ ဒီစီးပွါးရေးအတွေးအခေါ် လွှမ်းမိုးကျင့်သုံးခဲ့တာမို့ ရီပါတ်ဘလီကင်ပါတီရဲ့ စီးပွါးရေးမူဝါဒကို "ရေဂင်စီးပွါးရေးမူဝါဒ" (Reaganomics) လို့လည်း ခေါ်ကြပါတယ်၊

ရီပါတ်ဘလီကင်ပါတီက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများကို လွတ်လွတ်လပ်လပ်ရှင်သန်မောင်းနှင်ခွင့်ပေးရန် ဆန္ဒရှိပြီး အစိုးရက စည်းမျဉ်း၊ စည်းကမ်းများချမှတ်ပြီး ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများကို ဝင်ရောက်ကန့်သတ်ချုပ်ကိုင်တာကို ကန့်ကွက်ပါတယ်၊ အစိုးရက ဦးဆောင်ပြီး အလုပ်သမားများအတွက် အနည်းဆုံးလုပ်အားခ သတ်မှတ်တာကိုလည်း လက်မခံပါ၊ အလုပ်သမားများရဲ့ လုပ်ခကို ဈေးကွက်က ဆုံးဖြတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ အလုပ်သမားသမဂ္ဂများဟာ ပုဂ္ဂလိကလုပ်ငန်းများကို အားနည်းစေတာမို့ အလုပ်သမားသမဂ္ဂများဖွဲ့စည်းမှုကို ဆန့်ကျင်ပြီး အလုပ်သမားများအနေနဲ့ အလုပ်သမားသမဂ္ဂများမှာ သူတို့စိတ်ဆန္ဒမရှိရင် မပါဝင်ခွင့်ရှိရမယ်လို့ ယုံကြည်ပါတယ်၊ တိုင်းပြည်ရဲ့ စီးပွါးရေးစနစ်ကို အထောက်အကူပြုနေတဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့  ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားများ ပိုမိုငှါးရမ်းနိုင်စွမ်းကို အားပေးဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဝင်ငွေခွန် လျှော့ကောက်ခံရမယ်လို့ ယုံကြည်ပါတယ်၊ ပြည်တွင်းလုပ်ငန်းရှင်များနဲ့ အလုပ်သမားများရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာလွတ်လပ်သောကုန်သွယ်မှုစာချုပ်များ (International Free Trade Agreement) ကို သဘောမတူတတ်ကြပါ၊  

#ဒီမိုကရက်တစ်ပါတီ၏ စီးပွါးရေးမူဝါဒ

ဒီမိုကရက်တစ်ပါတီက တိုင်းပြည်ရဲ့ စီးပွါးရေးကို ပုဂ္ဂလိကလုပ်ငန်းရှင်များချည်းပဲ ဦးဆောင်ဦးရွက်ပြုဖို့ မဖြစ်သင့်ဘူး၊ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအနေနဲ့ စီးပွါးရေးရာဆုံးဖြတ်ချက်များချမှတ်ရာမှာ အစိုးရက ပြဋ္ဌန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းများနဲ့ ကိုက်ညီဖို့လိုသလို အလုပ်သမဂ္ဂများရဲ့ အကျိုးစီးပွါးကိုလည်း အကောင်းဆုံးကိုယ်စားပြုရမယ်လို့ ယုံကြည်ပါတယ်၊ ဒီမိုကရက်တစ်ပါတီရဲ့  စီးပွါးရေးမူဝါဒကို အကျဉ်းချုံးပြောရရင် "အစိုးရစွက်ဖက်တဲ့ ဈေးကွက်စီးပွါးရေးစနစ်" (Mixed Economy) ပဲ ဖြစ်ပါတယ်၊ သမ္မတ ကလင်တန်လက်ထက်ကစလို့ ကျင့်သုံးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့  စီးပွါးရေးမူဝါဒကို "တတိယနည်းလမ်း" (Third Way) လို့လည်း ခေါ်ကြပါတယ်၊ အစိုးရဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနဲ့ လူမှုရေးမညီမျှမှုများ (Social Injustice) ကို တိုက်ဖျက်ရေးအတွက် ဝင်ငွေအနည်းအများအလိုက် ဝင်ငွေခွန်ကို အဆင့်ဆင့်တိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) မျိုးလို နည်းမျိုးကိုသုံးပြီး တိုင်းပြည်ရဲ့  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများမှာ ထိရောက်တဲ့အခန်းကဏ္ဌကနေ ပါဝင်ပါတ်သက်ရမယ်လို့ ယုံကြည်ပါတယ်၊

ဒီမိုကရက်တစ်ပါတီက စီးပွါးရေးကော်ပိုရေးရှင်းကြီးတွေမှာ အမှုဆောင်အရာရှိချုပ်များ (Chief Executive Officer/CEO) နဲ့ အဆင့်မြင့်အရာရှိများကို အဆမတန်မြင့်မားတဲ့ လစာနဲ့ ဆုကြေးငွေတွေပေးတာကို ကန့်ကွက်ပါတယ်၊ အစုရှယ်ယာဝင်များ၊ စားသုံးသူများရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အစိုးရက တာဝန်ယူရမယ်လို့ ယုံကြည်ပါတယ်၊ လုပ်ငန်းခွင်တိုင်းမှာ အလုပ်သမားများရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရှိရမှာဖြစ်ပြီး အလုပ်သမားသမဂ္ဂများဟာ ကုမ္ပဏီအကြီးအကဲများနဲ့ အလုပ်သမားများရဲ့ လစာနဲ့ အခွင့်အရေးများ၊ နစ်နာမှုများအတွက် ညှိနှိုင်းဆွေးနွေးနိုင်ရမယ်လို့ ယုံကြည်ပါတယ်၊ အလုပ်သမားများအတွက် အနည်းဆုံးလစာကို အစိုးရက သတ်မှတ်ပေးရမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီများက ဒီသတ်မှတ်ချက်ကို လိုက်နာရမယ်လို့ ယုံကြည်ပါတယ်၊ လုပ်ငန်းခွင်အတွင်းမှာ အသက်အရွယ်၊အသားအရောင်၊ လူမျိုး၊ လိင်ခွဲခြားပြီး မတူညီတဲ့ လစာပေးတာကို ဒီမိုကရက်တစ်ပါတီက လက်မခံပါ၊ ပြည်ပပို့ကုန်များကို အခွန်အကောက်အတားအဆီးမရှိပဲ လွတ်လပ်စွာ ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာလွတ်လပ်သောကုန်သွယ်မှုစာချုပ်များကို ထောက်ခံပါတယ်၊

#မြန်မာနိုင်ငံ၏ လက်ရှိစီးပွါးရေးမူဝါဒကို သုံးသပ်ခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅) မှာ "နိုင်ငံတော်၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေးစနစ် ဖြစ်သည်" ဟု ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃၆)၊ ပုဒ်မခွဲ (က) မှာ "အမျိုးသားစီပွါးရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွါးရေးအင်အားစုအားလုံးကို စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်" ဟု ပြဋ္ဌန်းထားပြန်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးစနစ်ဟာ "ပုဂ္ဂလိကလုပ်ငန်းဦးစားပေး လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးစနစ်" မဟုတ်ပဲ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတွေကို နိုင်ငံပိုင်၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်ပိုင်စီးပွါးရေးလုပ်ငန်းများနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးထားတဲ့ "အစိုးရချုပ်ကိုင်သော ဈေးကွက်စီးပွါးရေးစနစ်" ဖြစ်နေပါတယ်၊

ဈေးကွက်တော့ရှိပါရဲ့၊ ဒါပေမည့် ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်တဲ့အခန်းကဏ္ဌက နည်းပါးလှပြီး နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းများရဲ့  အခန်းကဏ္ဌက ပိုပြီးကြီးမားလှပါတယ်၊ ဥပမာအားဖြင့် သတင်းစာထုတ်ဝေရေးလုပ်ငန်းကို ကြည့်ပါ၊ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပေးတယ်ဆိုပေမည့် အစိုးရပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ တိုင်းဒေသကြီးအစိုးရအချို့နဲ့ စစ်တပ်ကလည်း သတင်းစာတွေထုတ်ဝေနေပါတယ်၊ နိုင်ငံပိုင်သတင်းစာများက နိုင်ငံတော်ဘဏ္ဏာထဲက လုံလောက်တဲ့ ငွေကြေးအရင်းအနှီးရရှိပါတယ်၊ နိုင်ငံပိုင် ပုံနှိပ်စက်များ၊ ကိုယ်ခွဲပုံနှိပ်စက်များနဲ့ နိုင်ငံတစ်ဝှမ်းမှာ တစ်ပြိုင်တည်းပုံနှိပ်နိုင်ပါတယ်၊ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး တစ်နိုင်ငံလုံးကို အမြန်ဆုံးဖြန့်ချီနိုင်ပါတယ်၊ အစိုးရဋ္ဌာနအားလုံးက အစိုးရသတင်းစာတွေကို မဝယ်မဖြစ်ဝယ်ရပါတယ်၊ အစိုးရဋ္ဌာနများက လုပ်ငန်းကြော်ငြာများကို ပြိုင်ဘက်မရှိ ရရှိပါတယ်၊ စောင်ရေ သိန်းနဲ့ချီပြီး ရိုက်နှိပ်ထုတ်ဝေနိုင်တာမို့ နာရေး၊ သာရေးကြော်ငြာအများဆုံး လက်ခံရရှိပါတယ်၊ ဒီတော့ ဘယ်ပုဂ္ဂလိကသတင်းစာကမှ နိုင်ငံပိုင်သတင်းစာများကို ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်းလုံးဝမရှိပါ၊ ဒါဟာဖြင့် လွတ်လပ်မျှတစွာယှဉ်ပြိုင်ခြင်းမဟုတ်ပါ၊ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့  အခန်းကဏ္ဏက ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွတ်လပ်စွာ၊ မျှတစွာယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးရှိအောင် ဖန်တီးစောင့်ကြပ်ပေးဖို့သာဖြစ်ပြီး အစိုးရကိုယ်တိုင်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပါ၊

၂၀၁၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာတဲ့ "၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဏာငွေအရအသုံးဆိုင်ရာဥပဒေ" ရဲ့  ဇယား (၈) နဲ့ ဇယား (၁၀) မှာကြည့်မယ်ဆိုရင်" ပြန်ကြားရေး၊ သမဝါယမ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၊ လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ စက်မှု၊ သတ္တုတွင်း၊ ဘဏ္ဏာရေး၊ ဆောက်လုပ်ရေး၊ ရထားပို့ဆောင်ရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပို့ဆောင်ရေး" စတဲ့ ပြည်ထောင်စုဝန်ကြီးဋ္ဌာနပေါင်း (၁၄) ခုလက်အောက်ခံ နိုင်ငံပိုင်စီးပွါးရေးအဖွဲ့အစည်းများအတွက် စုစုပေါင်း ကျပ်သန်းထောင်ပေါင်း (ဘီလျံ) (၈၈၃၅ ဒသမ ၃၄၃) သုံးစွဲဖို့ လျာထားတာတွေ့ရပါတယ်၊ ဒါဟာဖြင့် ၂၀၁၄-၁၅ ဘဏ္ဏာရေးနှစ်အတွက် ပြည်ထောင်စုသုံးငွေစုစုပေါင်းရဲ့ (၄၇) ရာခိုင်နှုံးဖြစ်ပါတယ်၊ တိုင်းပြည်ဘဏ္ဏာထဲက ဒီလောက် ငွေကြေးအမြောက်အများကို ရင်းနှီးသုံးစွဲထားရတဲ့ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းတွေဟာ လွတ်လပ်သော ဈေးကွက်စီးပွါးရေးစနစ်အတွက် အနှောက်အယှက်ဖြစ်ရုံသာ မကပဲ၊ အမြတ်အစွန်းထွက်အောင် မဆောင်ရွက်နိုင်လို့ တိုင်းပြည်ဘဏ္ဏာကို အလဟသဆုံးရှုံးနစ်နာစေတဲ့၊ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများကြီးစိုးရာ အခြေခံဋ္ဌာနကြီးများလည်း ဖြစ်နေပြန်ပါတယ်၊

နိုင်ငံပိုင်စီးပွါးရေးအဖွဲ့အစည်းများအပြင် တိုင်းပြည်ရဲ့စီးပွါးရေးနဲ့ ဈေးကွက်ကို ကြီးကြီးမားမား ချုပ်ကိုင်လွှမ်းမိုးထားတာက စစ်တပ်ပိုင်စီးပွါးရေးအဖွဲ့အစည်းများနဲ့ ခရိုနီ (Crony) လို့ခေါ်ကြတဲ့ ခေတ်ပျက်သူဋ္ဌေးကြီးများဖြစ်ကြပါတယ်၊ တပ်မတော်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက် (ဦးပိုင်) နဲ့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) နှစ်ခုက တိုင်းပြည်ရဲ့ စီးပွါးရေးကဏ္ဏအားလုံးလိုလိုမှာ ခိုင်ခိုင်မာမာနေရာယူထားပါတယ်၊ နဝတ၊ နအဖ စစ်ခေါင်းဆောင်များရဲ့  သူဋ္ဌေးမွေးမြူရေး အစီအစဉ်က မွေးထုတ်ပေးခဲ့တဲ့ အခွင့်ထူးခံစီးပွါးရေးသမားကြီးများကလည်း တိုင်းပြည်ရဲ့ စီးပွါးရေးကို ကျယ်ကျယ်ပြန့်ပြန့်လွှမ်းမိုးထားဆဲပါ၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နဲ့ ခရိုနီပိုင် စီးပွါးရေးလုပ်ငန်းများက တိုင်းပြည်ရဲ့ စီးပွါးရေးနဲ့ ဈေးကွက်အများစုကို လွှမ်းမိုးချုပ်ကိုင်ထားကြတော့ သာမာန်အမျိုးသားဓနရှင်များအတွက် လွတ်လွတ်လပ်လပ်မျှမျှတတယှဉ်ပြိုင်နိုင်တဲ့ စီးပွါးရေးပါတ်ဝန်းကျင် လုံးဝမရှိသလောက်ပါ၊ နိုင်ငံတကာစီးပွါးရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလို့ ပြည်ပက ဝင်ရောက်လာတဲ့ ရင်းနှီးမြှုတ်နှံသူများအဖို့လည်း အရင်းအနှီးအလုံအလောက်ရှိ၊ ခိုင်မာတဲ့ စီးပွါးရေးအဆောက်အအုံတွေရှိ၊ အစိုးရနဲ့ အဆက်အသွယ်ကောင်းမွန်မှုပြီး အကြီးမားဆုံး မြေပိုင်ရှင်ကြီးများဖြစ်ကြတဲ့ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နဲ့ ခရိုနီပိုင် စီးပွါးရေးလုပ်ငန်းများနဲ့ပဲ တွဲဖက်လုပ်ကိုင်ရမှာပါ၊ ဒါ့အပြင် အစိုးရရဲ့  အခွန်အကောက်စနစ်ကလည်း ခရိုနီလုပ်ငန်းရှင်ကြီးများကို အင်မတန်သက်သာစေတဲ့ စနစ်ဖြစ်ပါတယ်၊ 

အခွန်ငွေတွေ လျှော့ကောက်တာတောင်မှ ခရိုနီကုမ္ပဏီအတော်များများဟာ ထိုက်သင့်တဲ့အခွန်ငွေပေးဆောင်ဖို့ ပျက်ကွက်နေတာတွေ့ရပြန်ပါတယ်၊
အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုထားပေမည့် ဒီသမဂ္ဂတွေမှာ အလုပ်ရှင်နဲ့ တန်းတူရည်တူညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးမရှိတဲ့အပြင် မတရား၊ မမျှတတဲ့အလုပ်ရှင်များအပေါ် အစိုးရရဲ့ အရေးယူမှုကလည်း မရှိသလောက်ပါ၊ နိုင်ငံတော်သမ္မတရဲ့ စီးပွါးရေးအကြံပေး ဒေါက်တာဦးမြင့်ကတောင် "အစိုးရရဲ့ စီးပွါးပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းတယ်၊ နှစ် ၅၀ လောက်ကတည်းက ပျက်လာတာကို ရေတိုမှာပြုပြင်ဖို့ဆိုတာ ဘယ်လွယ်မလဲ၊ စနစ်တကျလုပ်ကိုင်ဖို့အများကြီးလိုတယ်၊ ပြီးတော့ အကောင်အထည်ဖော်တဲ့ ပုံစံတွေကလဲ ဖိုးကပ်စ် (Focus)  (အဓိကဦးတည်ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါက ပြသနာဖြစ်နေတယ်" လို့ ပြောတယ်ဆိုပြီး မဇ္ဇျိမ သတင်းဋ္ဌာနက သတင်းရေးသားတာ ဖတ်လိုက်ရပါတယ်၊

#မြန်မာနိုင်ငံအတွက် သင့်တော်သော စီးပွါးရေးမူဝါဒ

(၁) လွတ်လပ်မျှတတဲ့ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့ တာဝန်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပဲ လွတ်လပ်မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်အောင် ကောင်းမွန်တဲ့ စီးပွါးရေးပါတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ အားလုံး (သို့မဟုတ်) အများစုကို ပုဂ္ဂလိကပိုင်ပြု (Privatization) သင့်ပါတယ်၊ ပုဂ္ဂလိကပိုင်ပြုရာမှာလည်း နအဖစစ်အစိုးရက ၂၀၁၀ ခုနှစ်အတွင်းက လုပ်ခဲ့သလို ခရိုနီသူဋ္ဌေးကြီးများရဲ့ လက်ထဲကို နိုင်ငံပိုင်အဆောက်အအုံနဲ့ လုပ်ငန်းတွေ ဈေးပေါပေါနဲ့ အကြွေးရောင်းပေးခဲ့သလို လုပ်လို့တော့မရပါ၊ ဆရာဦးမြင့်အကြံပြုသလို ပုဂ္ဂလိကပြုခြင်းကို စနစ်တကျဖြစ်စေဖို့ ပြည်ထောင်စုလွှတ်တော်က "နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုရေးဆိုင်ရာ ဥပဒေ" ပြဋ္ဌန်းဖို့ လိုအပ်ပါတယ်၊ ပုဂ္ဂလိကပြုရေးလုပ်ငန်းစဉ်တစ်ခုလုံးဟာ နိုင်ငံသားတိုင်းလွတ်လပ်စွာ ပါဝင်ခွင့်ရှိတဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုအပ်ပါတယ်၊

(၂) အစိုးရဟာ ဈေးကွက်စီးပွါးရေးစနစ်မှာ လွတ်လပ်စွာယှဉ်ပြိုင်မှုများကို ကြီးကြပ်ထိန်းသိမ်းရမည့် ဒိုင်လူကြီးဖြစ်ပါတယ်၊ ဒါကြောင့်မို့ စီးပွါးရေးလုပ်ငန်းများ မျှမျှတတယှဉ်ပြိုင်စေဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ရမှာဖြစ်ပေမည့် အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေ အလွန်အကျွံမများအောင်၊ အစိုးရနဲ့ ပုဂ္ဂလိကဆက်ဆံရေးမှာ ကြိုးနီစနစ်ဆိုတဲ့ အဟန့်အတားတွေမရှိဖို့လည်း လိုအပ်ပါတယ်၊ "လက်ကောက်နဲ့ လက်ထိပ်" ဥပမာလိုပါပဲ၊ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဈေးကွက်စီးပွါးရေးစနစ်ကို အားကောင်းသန်မာစေမည့်၊ လွတ်လပ်မျှတစေမည့် အဆင်တံဆာတွေပဲ ဖြစ်သင့်ပါတယ်၊ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ကို ထိန်းချုပ်မည့် အဟန့်အတားတွေမဖြစ်စေသင့်ပါ၊

(၃) လွတ်လပ်စွာစီးပွါးယှဉ်ပြိုင်ခွင့်ကို ကြီးကြပ်မည့် ဒိုင်လူကြီးကိုယ်တိုင်က မျှတဖို့လိုပါတယ်၊ ဒါကြောင့် အစိုးရက ထုတ်ပြန်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက မျှတရမှာဖြစ်သလို ဒီစည်းမျဉ်းစည်းကမ်းတွေကို ကိုင်တွယ်ပြီး စီးပွါးရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲမည့် အစိုးရဝန်ထမ်းတွေကိုယ်တိုင်က အဂတိလိုက်စားမှုကင်းဖို့လိုအပ်ပါတယ်၊

(၄) မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်နဲ့ ခရိုနီအရင်းရှင်စနစ်များ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့နိုင်ငံမို့ အလုပ်သမားနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို ဂရုမစိုက်တတ်ခဲ့ပါ၊ ဒါကြောင့်မို့ ဈေးကွက်စီးပွါးရေးစနစ်အတွင်းမှာ အလုပ်သမားများနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဥပဒေတွေပြဋ္ဌန်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်၊ အလုပ်သမားသမဂ္ဂများ၊ လွတ်လပ်သောကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေးအဖွဲ့များ တရားဝင်ဖွဲ့စည်းခွင့်ရှိရပါမယ်၊ အလုပ်သမားသမဂ္ဂများဟာ အလုပ်ရှင်-အလုပ်သမား ပဋ္ဋိပက္ခတွေမှာ အလုပ်သမားဘက်က ကိုယ်စားပြုနိုင်ခွင့်ရှိရပါမယ်၊ စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့  လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်တွေချရာမှာ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ခွင့်ရှိရပါမယ်၊

(၅) အနည်းဆုံးလုပ်ခ သတ်မှတ်ရေး၊ လုပ်ငန်းခွင်တွင်း အန္တရာယ်ကင်းစင်ရေး၊ အလုပ်သမားများအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ တိကျသော ပုံမှန်အလုပ်ချိန်၊အလုပ်ပိတ်ရက်နှင့် ခွင့်ရက်များ မှန်မှန်ကန်ကန်ရရှိရေး၊ ဒါဏ်ရာအနာတရဖြစ်မှုအတွက် နစ်နာကြေး၊ အလုပ်ထုတ်ခံရမှုအတွက် လျော်ကြေး၊ အလုပ်အာမခံချက်ရှိရေး များနဲ့ပါတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် ပါဝင်ပါတ်သက်ဖို့လိုအပ်ပါတယ်၊

(၆) အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးထောက်ပံ့ဖို့လိုအပ်ပါတယ်၊ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ဈေးကွက်ရှာဖွေရေး၊ ဈေးကွက်ပြိုင်ဆိုင်ရေးလုပ်ငန်းတွေကိုလည်း အားပေးထောက်ပံ့သင့်ပါတယ်၊

(၇) အစိုးရအနေနဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများ (SME/ Small and Medium Enterprise) ကို အားပေးကူညီဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့် အမျိုးသားဓနရှင်များ၊ စွန့်ဦးတီထွင်သူများရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို အားပေးဖို့ နိုင်ငံပိုင်ဘဏ်များကနေ အတိုးနည်း နှစ်ရှည်ချေးငွေများ ချေးသင့်ပါတယ်၊

(၈) ၂၀၁၄-၂၀၁၅ ဘဏ္ဏာနှစ်၊ အမျိုးသားစီမံကိန်းအရ တိုင်းပြည်ရဲ့  အသားတင်ထုတ်လုပ်မှုမှာ လယ်ယာကဏ္ဏရဲ့  ပါဝင်မှုက (၂၁ ဒသမ ၉) ရာခိုင်နှုံးရှိပါတယ်၊ တိုင်းပြည်လူဦးရေရဲ့  (၆၃) ရာခိုင်နှုံးက လယ်ယာကဏ္ဏမှာ မှီခိုလုပ်ကိုင်နေကြရပါတယ်၊ ဒါကြောင့်မို့ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဏရဲ့ တိုးတက်မှုဟာ အထူးအရေးကြီးပါတယ်၊ လယ်ယာကဏ္ဏမှာ လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ခွင့်ရှိဖို့၊ နှစ်သက်ရာသီးနှံကို လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်စိုက်ပျိုးခွင့်ရှိဖို့၊ လယ်ယာထွက်ကုန်တွေကို လွတ်လပ်တဲ့ ဈေးကွက်မှာ လွတ်လပ်စွာယှဉ်ပြိုင်ရောင်းချခွင့်ရှိဖို့၊ လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အရင်းအနှီး၊ မျိုးစေ့၊ မြေဩဇာတွေကို လွယ်လွယ်ကူကူရနိုင်ဖို့ အစိုးရက မူဝါဒချမှတ် ကူညီသင့်ပါတယ်၊

(၉) စီးပွါးရေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရဲ့  သဘာဝပါတ်ဝန်းကျင် မပျက်စီး၊ မဆုံးရှုံးရဖို့ အင်မတန်အရေးကြီးပါတယ်၊ ဒါကြောင့်အစိုးရက သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်သင့်ပါတယ်၊

(၁၀) "လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်" ဆိုတာ ရုတ်တရက်ကြည့်ရင် ကောင်းသလိုပါ၊ နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံများအကြားမှာ အခွန်အတုတ်တွေနဲ့ ကန့်သတ်မထားပဲ ကုန်ပစ္စည်းတွေကို အပြန်အလှန်တင်ပို့ရောင်းချခွင့်ပြုတာပါ၊ ဒါပေမည့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒီလိုသဘောတူညီချက်မျိုးက ပြည်တွင်းစီးပွါးရေးလုပ်ငန်းရှင်များအတွက် အန္တရာယ်ရှိပါတယ်၊ တစ်ခြားနိုင်ငံရဲ့ ဈေးကွက်ထဲကို မြန်မာနိုင်ငံက တင်ပို့နိုင်တဲ့ ကုန်ပစ္စည်းပမာဏက သိပ်မများလှသေးပေမည့် ကိုယ့်နိုင်ငံရဲ့ ဈေးကွက်ထဲကိုတော့ ပြည်ပနိုင်ငံက လုပ်ငန်းရှင်များက အလုံးအရင်းနဲ့ ပစ္စည်းတွေ တင်သွင်းနိုင်ကြမှာပါ၊ ဒါကြောင့်မို့ ဒီသဘောတူညီမှုမျိုးကို အသေအချာစဉ်းစားသုံးသပ်သင့်ပါတယ်၊

(၁၁) ဈေးကွက်ထဲမှာ အစိုးရက ကိုယ်တိုင်ဝင်ရောက်မယှဉ်ပြိုင်ပဲနဲ့ ပုဂ္ဂလိကလုပ်ငန်းများကနေ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ စီးပွါးရေးသမားများထံကနေ ဝင်ငွေခွန်များကို များရင်များသလို တိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) နဲ့ ထိထိရောက်ရောက် ကောက်ခံဖို့လိုအပ်ပါတယ်၊ ဒီအခွန်တွေဟာ တိုင်းပြည်ဘဏ္ဏာရဲ့  အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်လာရပါမယ်၊ အခွန်ရှောင်တဲ့၊ အခွန်ဆောင်ဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင်များကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်၊

(၁၂) စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာရေးတို့ဟာ တိုက်ရိုက်ပါတ်သက်နေပါတယ်၊ ပညာရေးအဆင့်အတန်းမြင့်မားမှ၊ အဖိုးအခအလွန်မကြီးမားပဲ အားလုံးအဆင်ပြေပြတက်ရောက်နိုင်တဲ့ ပညာရေးစနစ်ဖြစ်မှ တိုင်းပြည်အတွက် အရည်အသွေးမြင့် ပညာတတ်အလုပ်သမားအင်အားစုကြီးကို မွေးထုတ်ပေးနိုင်မှာပါ၊ အရည်အသွေးမြင့် အလုပ်သမားတွေပါဝင်တည်ဆောက်တဲ့ စီးပွါးရေးအဆောက်အအုံဟာ တိုးတက်ဖွံ့ဖြိုးဖို့ ပိုပြီးအခွင့်အလမ်းရှိပါတယ်၊ ဒါကြောင့်မို့ နိုင်ငံဘဏ္ဏာကို ပညာရေးကဏ္ဏမှာ ထိထိရောက်ရောက် ရင်းနှီးမြှုတ်နှံဖို့ လိုအပ်ပါတယ်၊

အောင်ဒင်
ဧပြီလ ၉၊ ၂၀၁၄


 

0 comments: