BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, May 21, 2014

Peace and Civil Society Part (3)





(မဇ္ဈိမ နေ့စဉ်သတင်းစာ၊ မေလ ၂၁၊ ၂၀၁၄၊ ဗုဒ္ဓဟူးနေ့၊ စာမျက်နှာ ၁၇)




ပြည်တွင်းငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ (၃)

အောင်ဒင်

#အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ (အဆက်)

တိုင်းရင်းသားများက "အပိုဒ် ၁၁။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း" ခေါင်းစဉ်နဲ့ အပိုဒ်ခွဲ (၃) ခု အဆိုပြုတာကို အစိုးရက လက်မခံပါ။ ၎င်းဆိုပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(က) ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့ကို လေးစားလိုက်နာသည့် အလေ့အကျင့်များ မိမိတို့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဒေသများ၌ အားပေးမြှင့်တင်ဆောင်ရွက်ရန် သဘောတူသည်။
(ခ) ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် အသက် (၁၈) နှစ်မပြည့်သေးသော ကလေးသူငယ်များကို တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းခြင်းမပြုရန် ကတိပြုသည်။ ထို့အပြင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောတူသည်။
(ဂ) ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ရန်နှင့် ၎င်းတို့၏ အခွင့်အရေးများ မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ကမ္ဘာ့ကုလသမဂ္ဂ ပဋ္ဋိညာဉ်စာချုပ်ပါ သဘောတူညီချက်များကို လေးစားလိုက်နာပြီး ဆောင်ရွက်သွားကြရန် သဘောတူသည်။

ကျနော့်အမြင်မှာတော့ ဒီအချက်များကို အစိုးရဘက်က လက်ခံသင့်တယ်လို့ မြင်ပါတယ်၊ ပြည်တွင်းစစ်မှာ ကလေးသူငယ်များနဲ့ အမျိုးသမီးများဟာ အားအနည်းဆုံးနဲ့ ထိခိုက်ခံရဆုံးသားကောင်တွေ ဖြစ်ကြပါတယ်။ အမျိုးသမီးများနဲ့ ကလေးသူငယ်များကို အကာအကွယ်ပေးမည့် အထက်ပါသဘောတူညီချက်တွေ ပါဝင်ခြင်းဖြင့် ဒီအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပိုပြီးခန့်ငြားပါလိမ့်မယ်။

#အခန်း (၄) အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း

အပိုဒ် (၁၂) မှာ နှစ်ဖက်စစ်တပ်များ အပြန်အလှန်လိုက်နာကြရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲရန် သဘောတူညီချက်မှာ တိုင်းရင်းသားများက စာချုပ်လက်မှတ်ရေးထိုးချိန်မှာ ရေးဆွဲပြဋ္ဌန်းလိုပြီး အစိုးရဘက်က စာချုပ်လက်မှတ်ထိုးသည့်နေ့မှ တစ်လအတွင်းရေးဆွဲ ပြဋ္ဌန်းလိုပါတယ်။ ဒီသဘောထားကွဲလွဲမှုကို ညှိနှိုင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်အမြင်မှာတော့ ဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ မလွဲမသွေပါဝင်ရမည့် အစိတ်အပိုင်းများ ဖြစ်ပါတယ်။

အပိုဒ် (၁၃) မှာ နှစ်ဘက်စလုံးက "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ကို "ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနဲ့ အများယုံကြည်လေးစားသော တိုင်းရင်းသားများ" ဖြင့် ဖွဲ့စည်းတာဝန်ပေးရန် သဘောတူကြပါတယ်၊ ဒါပေမည့် အဆိုပါ ပူးတွဲကော်မီတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များနဲ့ ဘယ်သူက တာဝန်ခံဖွဲ့စည်းပြီး ဘယ်သူကဦးဆောင်မယ်ဆိုတဲ့အပေါ်မှာ သဘောထားကွဲကြပါတယ်။

တိုင်းရင်းသားများဘက်က "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" နှင့် "လိုအပ်သည့် ကော်မီတီဆင့်ဆင့်" ကို "ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲဦးဆောင်ကော်မီတီ" ကနေ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၃၀) အတွင်းမှာ တာဝန်ယူဖွဲ့စည်းပေးဖို့နဲ့ "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များကိုလည်း "ပူးတွဲဦးဆောင်ကော်မီတီ" ရဲ့ ကြီးကြပ်မှုနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးပြီး ရက်ပေါင်း (၃၀) အတွင်း ရေးဆွဲဖို့ အဆိုပြုတာကို အစိုးရဘက်က လက်မခံပါ။

အစိုးရဘက်က "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ရဲ့  တာဝန်နဲ့လုပ်ပိုင်ခွင့်များကို အပစ်ရပ်စာချုပ်ထဲမှာ တစ်ခါတည်း ရေးဆွဲပြဋ္ဌန်းဖို့ အဆိုပြုပါတယ်။

အစိုးရအဆိုပြုတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များအရ "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" အနေနဲ့ (က) အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဖွဲ့စည်းပုံအသေးစိတ်ကို ညှိနှိုင်းရေးဆွဲအကောင်အထည်ဖော်ရန်ဖြစ်ပါတယ်။ (ခ) ပြီးတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် နှစ်ဖက်သဘောတူညီချက်ဖြင့် ဖွင့်ထားသော ဆက်ဆံရေးရုံးများကို ကြီးကြပ်ရန် ဖြစ်ပါတယ်။ (ဂ) အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စောင့်ကြည့်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်နှင့် " ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီ" သို့ တင်ပြရန်ဖြစ်ပါတယ်။ (ဃ) အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် ဤသဘောတူစာချုပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဖြစ်ပေါ်လာသည့် အငြင်းပွါးမှုများကို ဖြေရှင်းပေးရန်ဖြစ်ပါတယ်။ (င) လူလုပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွါတိမ်းရှောင်သူများနှင့် ပဋိပက္ခဒဏ်ခံစားရသူများအား လူသားချင်းစာနာသည့် အထောက်အပံ့များပေးအပ်မှုကို " ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ နှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် စောင့်ကြည့်စစ်ဆေးရန် ဖြစ်ပါတယ်။ (စ) အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများအားလုံး၏ အကောင်အထည်ဖော်ဆောင်မှု၊ တိုးတက်ဖြစ်ထွန်းမှုများနှင့် ပါတ်သက်၍ ပြည်တွင်း၊ ပြည်ပသို့ အသိပေးထိုက်သည်များကို သင့်လျော်သည့်အချိန်တိုင်းတွင် သတင်းမီဒီယာများမှ တဆင့် ထုတ်ပြန်သွားရန်ဖြစ်ပါတယ်။ ဒီအဆိုပြုချက်များကို တိုင်းရင်းသားများဘက်က လက်မခံပါ။

ဒါ့အပြင် အစိုးရဘက်က "(၁၅)။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ ၏ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ကို အဖြစ်နိုင်ဆုံး ကြိုးစား၍ ရယူသွားမည်။ ဆုံးဖြတ်ချက် မချနိုင်သည်များရှိပါက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မီတီသို့ တင်ပြရန် သဘောတူညီသည်။ (၁၆)။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီမှ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များ (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများမှအပ) တောင်းခံလာပါက ဤသဘောတူညီချက်တွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးရန် သဘောတူညီသည်။" ဆိုတဲ့ အချက်များကို စာချုပ်ထဲမှာ ထည့်သွင်းရန် အဆိုပြုတာကိုလည်း တိုင်းရင်းသားများဘက်က လက်မခံပါ။

ဒီနေရာမှာ "ကော်မီတီ" တွေ များလွန်းလို့ စာဖတ်သူများ စိတ် ရှုပ်ထွေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။

အစိုးရက ဖွဲ့စည်းထားပြီးသား ကော်မီတီ နှစ်ခုရှိပါတယ်။ "ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မီတီ" ကို သမ္မတဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ်နဲ့ ဦးဆောင်ပါတယ်။ "ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ" ကို ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ စိုင်းမောက်ခမ်း၊ ဒုဥက္ကဋ္ဌများအဖြစ် ဝန်ကြီးဦးအောင်မင်းနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဦးဆောင်ပါတယ်၊ ကော်မီတီနှစ်ခုစလုံးက အစိုးရဖွဲ့စည်းထားတဲ့ ကော်မီတီများဖြစ်လို့ "အစိုးရဗဟိုကော်မီတီ" နဲ့ "အစိုးရလုပ်ငန်းကော်မီတီ" လို့ ပြောရင် ပိုပြီးရှင်းမယ် ထင်ပါတယ်။

"အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ဆိုတာ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ထည့်သွင်းဖွဲ့စည်းဖို့ နှစ်ဖက်သဘောတူထားတဲ့ ကော်မီတီပါ။ အဲဒီကော်မီတီကို အစိုးရလုပ်ငန်းကော်မီတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းရန်ကိုလည်း နှစ်ဖက် သဘောတူထားကြပါတယ်။ ဒီတော့ ဒီကော်မီတီကို "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" လို့ ခေါ်ကြပါစို့။
အစိုးရဘက်က ဖြစ်စေချင်တာက "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ရဲ့ လုပ်ငန်းတာဝန်များကို အထက်မှာဖော်ပြထားတဲ့အတိုင်း အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ထည့်သွင်းရေးဆွဲဖို့နဲ့ အဲဒီ "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ဟာ "အစိုးရလုပ်ငန်းကော်မီတီ" နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ "အစိုးရဗဟိုကော်မီတီ" ရဲ့ အဆုံးအဖြတ်ကို နာခံဖို့ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားများဘက်က သဘောမတူတာပါ။

တိုင်းရင်းသားများဘက်က "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ကို ဖွဲ့စည်းပေးဖို့၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပြဋ္ဌန်းပေးဖို့နဲ့ လိုအပ်သလို လမ်းညွှန်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ ပူးတွဲပါဝင်တဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲဦးဆောင်ကော်မီတီ" (တနည်းအားဖြင့် ပူးတွဲဦးဆောင်ကော်မီတီ) ကို ဖွဲ့စည်းဖို့ ဒီအပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ထည့်သွင်းချင်ပါတယ်။ တိုင်းရင်းသားများက "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ကို "ပူးတွဲဦးဆောင်ကော်မီတီ" ရဲ့ လက်အောက်မှာ ရှိစေချင်ပါတယ်။ ဒါကို အစိုးရက လက်မခံပါ။ 

ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးဆိုတာ စစ်ဖြစ်နေတဲ့ ဘက်နှစ်ဘက်နဲ့ ကြားနေအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှုရနိုင်တာပါ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များချမှတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေး အားလုံးဟာ နှစ်ဘက်စလုံးပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ ပူးတွဲလှုပ်ရှားမှုများဖြစ်ပြီး ၎င်းပူးတွဲဆောင်ရွက်မှုများကို ပူးတွဲဦးဆောင်ကော်မီတီက ပူးတွဲဦးဆောင်မှ အောင်မြင်မှုရမှာပါ။

#အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ အာမခံချက်များ

ဒီအခန်းမှာလည်း သဘောမတူမှုတွေ အတော်များများရှိကြပါတယ်။ "နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းပြမြေပုံအဆင့်အများစုကို နှစ်ဘက်သဘောတူကြပေမည့် စကားလုံးအသုံးအနှုံးများကို အငြင်းပွါးကြပြန်ပါတယ်၊ အောက်မှာကြည့်ပါ၊ မျဉ်းစောင်း (/) ရဲ့ ရှေ့ဖက်က တိုင်းရင်းသားများ သုံးချင်တဲ့ စကားလုံးဖြစ်ပြီး မျဉ်းစောင်းရဲ့ နောက်ဖက်က အစိုးရသုံးချင်တဲ့ စကားလုံးဖြစ်ပါတယ်။

“၂၁။ ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်/လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများသည် နိုင်ငံရေးလမ်းပြမြေပုံနှင့် စပ်လျင်း၍ အောက်ပါအချက်များကို သဘောတူသည်။

(က) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး/ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  ဆိုင်ရာစာချုပ် လက်မှတ်ထိုးခြင်း။
(ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်/လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများက "နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်" (The Framework for Political Dialogue) ကို ရေးဆွဲသဘောတူညီမှု ရယူခြင်း။
(ဂ) ထိုမူဘောင်ကို အခြေခံ၍ အမျိုးသား (အဆင့်) နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း။
(င) ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတို့ကိုအခြေခံသောပြည်ထောင်စု/အမျိုးသားငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း။
(စ) တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူစာချုပ်/အမျိုးသားငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခြင်း။
(ဆ) ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း။”

စကားလုံးအသုံးအနှုံးကွဲပြားတာကလွဲလို့ နှစ်ဘက်သဘောတူကြတဲ့ အထက်ဖော်ပြပါ လမ်းပြမြေပုံအဆင့်တွေမှာ အဆင့် (ခ) မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များပဲ ဆွေးနွေးသတ်မှတ်ကြမယ်ဆိုတာကို ကျနော် ကန့်ကွက်ပါတယ်။ ဒီအဆင့်မှာ လက်နက်ကိုင်စစ်တပ်တွေတင်မကတော့ပဲ လက်နက်ကိုင်မထားတဲ့ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ စတင်ပါဝင်ခွင့် ရသင့်ပါပြီ။ တိုင်းပြည်ရဲ့  အနာဂတ်ကို ပုံသွင်းမည့် နိုင်ငံရေးကိစ္စတွေကို ဘယ်လိုမူဘောင်တွေနဲ့ ဆွေးနွေးကြမယ်ဆိုတာကို နိုင်ငံရေးအင်အားစုများနဲ့ အရပ်ဘက်အဖွဲ့အစည်းများပါ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တန်းတူ ပါဝင်ဆွေးနွေးဆုံးဖြတ်ကြရမှာပါ။

အောက်ပါအဆိုပြုချက်ကို အစိုးရဘက်က တင်သွင်းပြီး တိုင်းရင်းသားများက လက်မခံပါ။
(ဃ) လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

ဒီအဆိုပြုချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်စွန့်ပြီး သို့မဟုတ် တပ်ဖွဲ့များကို တပ်မတော်ရဲ့  အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးပြီး နိုင်ငံရေးပါတီများတည်ထောင်ကြဖို့တောင်းဆိုရာ ရောက်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲများကနေ အားလုံးသဘောတူညီတဲ့ ရလဒ်မထွက်ပေါ်သေးခင်မှာ (သို့မဟုတ်) စိတ်ချခိုင်မာတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု မရသေးခင်မှာ အစိုးရဘက်က အခုလို တောင်းဆိုတာတော့ လွန်လွန်းတယ်လို့ ယူဆပါတယ်။

အောက်ပါအဆိုပြုချက်ကို တိုင်းရင်းသားများဘက်က ထည့်သွင်းချင်ပြီး အစိုးရဘက်က လက်မခံပါ။
(ဇ) "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)" ပါ သဘောတူညီမှုများကို အကောင်အထည်ဖော်ခြင်း။

0 comments: