BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 23, 2014

Burma's Parliament Watch Part (64)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၇၊ မေလ ၂၂ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၆၄) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (ခ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ (၇) ရက်နေ့မှာ "ပြည်ထောင်စုလွှတ်တော်နာယက၏ ပန်ကြားချက်အရ" ဆိုပြီး "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း" နဲ့ "လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေကြမ်း" များ ရေးဆွဲဖို့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်ပြီး အဖွဲ့ဝင် (၁၁) ဦးပါဝင်တဲ့ "ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်" တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က အဆိုပါဥပဒေကြမ်းများကို ရေးဆွဲပြီး ဇွန်လ (၃၀) ရက်ထက်နောက်မကျပဲ သမ္မတထံတင်ပြရမယ်လို့ ညွှန်ကြားထားပါတယ်။

#ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း

မျိုးစောင့်ဥပဒေထောက်ခံသူများက "ဘာသာကူးပြောင်းမှုနှင့် ပါတ်သက်၍ ယုံမှားသံသယကင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ဖြင့် စည်းကမ်းစနစ်တကျရှိစေရန်" ရည်ရွယ်၍ ပြဋ္ဌန်းစေလိုခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၅၄) မှာ "နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှါ ပြဋ္ဌန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကိုသော်လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေပဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်" လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃၆၁) မှာ "နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာ သနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်၊" ပုဒ်မ (၃၆၂) မှာ "နိုင်ငံတော်သည် ခရစ်ယန်ဘာသာ သာသနာ၊ အစ္စလမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်" ဟုလည်း ပြဋ္ဌန်းထားပါတယ်၊

ပုဒ်မ (၃၆၄) မှာ "နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်း နှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌန်းနိုင်သည်၊' ဟု ပြဋ္ဌန်းထားပါသေးတယ်၊

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၄) မှာ "ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်၊

တကယ်တော့ ဘာသာရေးကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးပါ၊ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်၊ လက်ရှိဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ခွင့်ရှိပါတယ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲ နေထိုင်ခွင့်လည်းရှိပါတယ်၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကို အပ်နှံနိုင်သလို ဘယ်ဘာသာရေးအဖွဲ့အစည်းနဲ့မှ မပါတ်သက်ပဲ ကိုယ့်ဖာသာကိုယ် တစ်ဦးတည်း တိတ်တိတ်ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်၊ လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာမပါရ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖျားယောင်းမှု၊ ခြိမ်းခြောက်မှုတွေ မပါရပါ၊
ဘာသာတရားတစ်ခုကို ကိုးကွယ်ဖို့အတွက် ဘယ်အာဏာပိုင်ရဲ့ ခွင့်ပြုချက်မျှ မလိုအပ်သလို လက်ရှိကိုးကွယ်ရာဘာသာကို စွန့်လွှတ်ပြီး အခြားဘာသာတစ်ခုသို့ကူးပြောင်းခြင်း၊ မည်သည့်ဘာသာကိုမှ မကိုးကွယ်ရန်ဆုံးဖြတ်ခြင်းများအတွက်လည်း မည်သူ့ကိုမျှ၊ မည်သည့်အဖွဲ့အစည်းကိုမျှ အကြောင်းကြားရန်၊ ခွင့်ပြုချက်တောင်းရန် မလိုအပ်ပါ။
လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဟာ နိုင်ငံသားတိုင်းရဲ့  အခြေခံလူ့အခွင့်အရေးဖြစ်တာမို့ ဒီအခွင့်အရေးကို ကန့်သတ်ချုပ်ချယ်မည့် မည်သည့်ဥပဒေမျိုးကို မဆို၊ မည်သည့်အားထုတ်မှုမျိုးကို မဆို မြန်မာ့လူ့အဖွဲ့အစည်းက ဆန့်ကျင်ကန့်ကွက်သင့်ပါတယ်။

#လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေကြမ်း

ဒီဥပဒေကို တောင်းဆိုကြသူများက "မိမိနိုင်ငံ၏ နယ်မြေအကျယ်အဝန်းအရ အချုပ်အချာအာဏာတည်တံ့ရေး၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုံလောက်သော စောင့်ရှောက်မှုများပေးနိုင်စေရေးတို့ အတွက် ဘာသာပေါင်းစုံကိုးကွယ်သူများ လိုက်နာရန်ရည်ရွယ်၍ ပြဋ္ဌန်းစေလိုခြင်းဖြစ်သည်" လို့ ပြောကြပါတယ်။
တကယ်တော့ လူဦးရေတိုးပွါးမှုကို ထိန်းချုပ်ရုံနဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွါးရေးချွတ်ခြုံကျဆင်းမှုဟာလည်း လူဦးရေတိုးပွါးမှုနဲ့ မသက်ဆိုင်ပဲ စစ်အစိုးရအဆက်ဆက်ရဲ့  ဆိုရှယ်လစ်စီးပွါးရေးစနစ်၊ ခရိုနီစီးပွါးရေးစနစ်၊ စီမံခန့်ခွဲမှု ညံ့ဖြင်းခြင်း၊ အထက်မှ အောက်၊ အောက်မှအထက် အပြန်အလှန် လိမ်လည်နေကြခြင်း၊ အဂတိလိုက်စားမှုများ၊ ကိုယ်ကျိုးရှာအလွဲသုံးစားမှုများနဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းများကြောင့်သာ ဖြစ်ကြောင်း အများပြည်သူ နားလည်ကြပါတယ်။ အထက်ပါ အကြောင်းတရားတွေကြောင့် တိုင်းပြည်အုပ်ချုပ်သူများနဲ့ ခရိုနီစီးပွါးရေးသမားများက ကျိကျိတက်ချမ်းသာနေကြချိန်မှာ သာမာန်ပြည်သူအများစုက ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရတာပါ။ အုပ်ချုပ်သူများရဲ့  အတ္တကြီးမားမှုကြောင့် တိုင်းပြည်ဆင်းရဲပြီး နိုင်ငံသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အထောက်အပံ့တွေ လုံလောက်အောင်မပေးနိုင်တာပါ။

အဲဒီ အကြောင်းရင်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ မကြိုးစားပဲ လူဦးရေတိုးပွါးမှုကို ဥပဒေနဲ့ ထိန်းချုပ်ချင်တာဟာဖြင့် ကင်ဆာရောဂါသည်ကို ချောင်းဆိုးပျောက်ဆေးတိုက်သလို ဖြစ်နေပါလိမ့်မယ်။ ဧရိယာစတုရန်း ကီလိုမီတာပေါင်း ၆ သိန်း ၇ သောင်းကျော် ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမှာ လက်ရှိလူဦးရေ သန်း (၆၀) ခန့်ဟာ များလှတယ်၊ လူဦးရေထူထပ်တယ်လို့ မဆိုနိုင်ပါ။ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) ရဲ့ တွက်ချက်မှုများအရ မြန်မာနိုင်ငံရဲ့ လူဦးရေတိုးပွါးနှုန်းဟာ တစ်နှစ်ကိုမှ ၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မြန်မာနိုင်ငံထက် သေးငယ်တဲ့ ထိုင်းနိုင်ငံမှာ လူဦးရေ (၆၇) သန်းကျော်၊ လူဦးရေတိုးပွါးနှုန်းက ၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဆင်းရဲနွမ်းပါးသူလူဦးရေက ၁၃ ဒသမ ၂ ရာခိုင်နှုံးပဲရှိပါတယ်။ ထိုင်းနိုင်ငံထက် ပိုကြီးပြီး လူဦးရေမှာ ထိုင်းနိုင်ငံထက်ပိုနည်းတဲ့ မြန်မာနိုင်ငံမှာ လူဦးရေတိုးပွါးနှုံးက ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံနဲ့ မတိမ်းမယိမ်းရှိပေမည့် ဆင်းရဲနွမ်းပါးသူ လူဦးရေ ၂၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေတာဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းဟာ လူဦးရေတိုးပွါးနှုန်းနဲ့ မသက်ဆိုင်ကြောင်း သက်သေပြနေပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့  ၂၀၁၂ ခုနှစ် အချက်အလက်များကို အခြေပြုတဲ့အောက်ပါ လေးနိုင်ငံ နှိုင်းယှဉ်ချက်ဇယားကို ကြည့်ပါ။  

နိုင်ငံ
အကျယ်အဝန်း (ဧရိယာ စတုရန်းကီလိုမီတာ) 
လူဦးရေ
လူဦးရေတိုးပွါးနှုန်း
ဆင်းရဲနွမ်းပါးသူရာခိုင်နှုန်း
ကမ္ဘောဒီးယား

၁၈၁,၀၃၅

၁၄ ဒသမ ၇၄ သန်း

၁ ဒသမ ၅

၃၀ ဒသမ ၁ ရာခိုင်နှုံး
လော

၂၃၆,၈၀၀

၆ ဒသမ ၅၂ သန်း

၂ ဒသမ ၁

၂၇ ဒသမ ၆ ရာခိုင်နှုန်း
ထိုင်း

၅၁၃,၁၂၀

၆၇ ဒသမ ၀၄ သန်း

ဝ ဒသမ ၈

၁၃ ဒသမ ၂ ရာခိုင်နှုန်း
မြန်မာ

၆၇၆, ၅၇၈

၆၁ ဒသမ ၁၂ သန်း

၁ ဒသမ ၁

၂၅ ဒသမ ၆ ရာခိုင်နှုန်း

တကယ်တော့ လူဦးရေတိုးပွါးနှုန်းကို ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ချင်သူတွေရဲ့  အဓိကရည်ရွယ်ချက်က အစ္စလမ်ဘာသာကိုးကွယ်သူများရဲ့ လူဦးရေတိုးပွါးနှုန်းကို ထိန်းချုပ်ချင်တာ ဖြစ်ပါတယ်၊ မွတ်ဆလင်တွေကိုပဲ သီးခြားကန့်သတ်ရင် မတရား၊ မမျှတဘူးလို့ အပြောခံရမှာစိုးလို့ တစ်နိုင်ငံလုံးက ပြည်သူတွေအပေါ် ကန့်သတ်ချုပ်ချယ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို သီးခြားကန့်သတ်မယ်ဆိုရင် မတရားသလို တစ်နိုင်ငံလုံးက ပြည်သူတွေကို သိမ်းကြုံးကန့်သတ်မယ်ဆိုရင်လည်း မတရားပါ၊ မိသားစုတစ်စုမှာ သား၊ သမီး ဘယ်နှစ်ယောက်ယူမယ်ဆိုတာ လင်၊မယား တစ်စုံရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို လင်၊ မယားတစ်စုံရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ၊ မိသားစုတစ်စုရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို နိုင်ငံတော် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများက ဥပဒေနဲ့ ထိန်းချုပ်ကန့်သတ်မယ်ဆိုရင် အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ကျူးလွန်ရာရောက်ပါလိမ့်မယ်။

ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ မိသားစုစီမံကိန်း (Family Planning) ကို နားမလည်ကြလို့ သား၊ သမီးတွေ အများကြီးနဲ့ မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက်၊ အဆင်မပြေကြတာကို မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့မြင်ရတတ်ပါတယ်။ အဲဒီလို မိသားစုတွေကို အရပ်ဘက်အဖွဲ့အစည်းများ၊ ကျန်းမာရေးပညာရှင်များက ကြင်ကြင်နာနာဆက်ဆံထိတွေ့ပြီး သားဆက်ခြားရေး အသိပညာပေးရမှာပါ။ အမိန့်ပေးပြီး ကလေးမယူအောင် တားမြစ်တာမျိုး မလုပ်သင့်ပါ။ တစ်ချိန်တည်းမှာ မလိုအပ်တဲ့၊ အဆင်သင့်မဖြစ်သေးတဲ့ ကိုယ်ဝန်ဆောင်မှုမျိုးတွေ မဖြစ်အောင် လိင်ဆက်ဆံရာမှာ ကွန်ဒွန် (Condon) လို အကာအကွယ်ပစ္စည်းများကို သုံးစွဲရဲကြဖို့ကိုလည်း ပညာပေးရမှာဖြစ်ပြီး အဲဒီအကာအကွယ်ပစ္စည်းတွေ သင့်တင့်လျောက်ပါတ်တဲ့ နှုန်းထားနဲ့ အများပြည်သူ လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်အောင်လည်း စီစဉ်ပေးရမှာပါ။ ပညာရေးအဆင့်အတန်းမြင့်မားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသိပညာကြွယ်ဝမှုများနဲ့ ချဉ်းကပ်ရမည့် မိသားစုရေးရာ ကိစ္စကို နိုင်ငံတော်က ဥပဒေပြဋ္ဌန်းကန့်သတ်ဖို့ မကြိုးစားသင့်ပါ။ 

အောင်ဒင်
မေလ ၉၊ ၂၀၁၄

 


0 comments: