BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, May 11, 2014

What's Gone Wrong with Democracy (Part 1)

(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၊ မေလ ၂၀၁၄)



[The Economist ဆိုတာ ကမ္ဘာမှာ အင်မတန်ဩဇာကြီးမားတဲ့ သတင်းစာကြီးဖြစ်ပါတယ်၊ တစ်ပါတ်တစ်ခါထုတ်ဝေပေမည့် ဂျာနယ်လို့ မခေါ်ပဲ သတင်းစာလို့ ခေါ်ပါတယ်၊ သတင်းစာဆိုတာတောင်မှ သတင်းတွေကို ရေးသားဖော်ပြရုံမကပဲ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး ကိစ္စတွေအားလုံးမှာ အစိုးရများရဲ့ ဆောင်ရွက်မှုတွေကို ဝေဘန်ထောက်ပြပြီး ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ သူတို့ယူဆတဲ့ မူဝါဒတွေကို အကြံပေးတိုက်တွန်းရေးသားတာမို့ Advocacy Newspaper လို့ ခေါ်ပါတယ်၊ ၂၀၁၄ ခုနှစ်၊မတ်လ (၁) ရက်နေ့ထုတ် သတင်းစာမှာ "ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ" (What’s Gone Wrong with Democracy) ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ရှိ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေးရာအခြေအနေတွေကို ဝေဘန်သုံးသပ်ထားတဲ့ စာတမ်း (Essay) တစ်ပုဒ်ဖော်ပြပါတယ်၊ The Economist ရဲ့   ထုံးစံအတိုင်း စာတမ်းရေးသူက သတင်းစာကိုယ်တိုင်ပါ၊ ဒီစာတမ်းဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေ ဖတ်သင့်၊ လေ့လာသင့်တဲ့ စာတမ်းဖြစ်လို့ ဘာသာပြန်ပြီး တင်ပြလိုက်ပါတယ်၊ ဒီစာတမ်းပါအယူအဆ၊ တွေးခေါ်မှုတွေဟာ The Economist ရဲ့ အယူအဆ၊ အတွေးအခေါ်များသာဖြစ်ပြီး ဘာသာပြန်သူနဲ့ မသက်ဆိုင်ပါ၊……အောင်ဒင်]

ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!
The Economist (March 1, 2014)

(ဘာသာပြန်သူ၊ အောင်ဒင်)

အပိုင်း (၁)

ဒီမိုကရေစီဆိုတာ ၂၀ ရာစုနှစ်များမှာ အောင်မြင်မှုအရှိဆုံး နိုင်ငံရေးအတွေးအခေါ်ဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်များ အခုအချိန်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ၊ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်အောင်မြင်နိုင်ဖို့ ဘာတွေဆောင်ရွက်ရမလဲ?

ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ ဆန္ဒပြသူများမှာ သူတို့တိုင်းပြည်အတွက် မျှော်လင့်ချက်တွေအများကြီး ရှိပါတယ်၊ သူတို့ကိုင်ဆွဲထားတဲ့ ကြေညာစာတမ်းတွေမှာ ဥရောပသမဂ္ဂ (European Union) နဲ့ရင်းနှီးနီးကပ်စွာ ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအရေးမှာ  ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရပ်တန့်ရေးနဲ့ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျ (Viktor Yanukovych) ရဲ့ အကျင့်ပျက်ချစားမှုတွေကို သန့်ရှင်းတဲ့ အစိုးရအသစ်နဲ့ အစားထိုးရေး၊ စတဲ့ တောင်းဆိုချက်တွေ ရေးသားထားပါတယ်၊ ဒါပေမည့် သူတို့ရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကျင့်ပျက်တဲ့၊ အာဏာအလွဲသုံးစား ရမ်းကားတဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ရဲအောင် ပြည်သူလူထုကို လှုံ့ဆော်ပေးတဲ့ အရာပါ၊ သူတို့အားလုံးဟာ စည်းမျဉ်းတွေကို အခြေပြုတဲ့ ဒီမိုကရေစီစနစ် (A Rules-Based Democracy) ကို တောင်းဆိုနေကြတာပါ၊

သူတို့ရဲ့ ဆန္ဒကို လွယ်လွယ်ကူကူနားလည်နိုင်ပါတယ်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဟာ ပျမ်းမျှခြင်းအားဖြင့် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံများထက် ပိုပြီး ချမ်းသာကြတယ်၊ စစ်ပွဲတွေမှာ အလွယ်တကူ ပါဝင်ခြင်းမရှိဘူး၊ ပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ရာမှာ ပိုပြီးထိရောက်တဲ့ မှတ်တမ်းတွေရှိတယ်၊ ပိုပြီး အခြေခံကျကျပြောရရင် ဒီမိုကရေစီက လူတွေကို သူတို့စိတ်ထဲမှာ ရှိတာကို လွတ်လွတ်လပ်လပ်ပြောခွင့်ပြုတယ်၊ သူတို့ကိုယ်တိုင်နဲ့ သူတို့ရင်သွေးတွေရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဖန်တီးတည်ဆောက်ခွင့်ပြုတယ်၊ ကမ္ဘာကြီးရဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံက မတူညီတဲ့ လူမျိုးတွေ အများကြီးဟာ ဒီမိုကရေစီစနစ်အတွက် သူတို့ရဲ့ ဘဝတွေ၊ အသက်တွေကို ရင်းနှီးဖို့၊ စတေးဖို့ အဆင်သင့်ရှိနေကြတာဟာ ဒီမိုကရေစီစနစ်က ပြည်သူတွေကို ဘယ်လောက်တောင် အင်အားကြီးကြီးနဲ့ ဆွဲဆောင်ထားနိုင်တယ်ဆိုတာကို အထင်ရှားဆုံး သက်သေပြတာပါပဲ၊

ဒါပေမည့်လည်း ဒီနေ့ကာလတွေမှာ ယူကရိန်းနိုင်ငံ (Ukraine) ရဲ့ မြို့တော် ကီးယက် (Kiev) မှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေးဆန္ဒပြပွဲတွေက လှုံ့ဆော်ပေးလိုက်လို့ ခံစားရတဲ့ အောင်မြင်မှု၊ ကျေနပ်မှုတွေဟာ မြို့တော်ကြီးတွေ တစ်ခုပြီးတစ်ခုမှာ ထပ်ခါထပ်ခါဖြစ်ပေါ်နေတဲ့ ဆင်တူယိုးမှား ပြဿနာများကြောင့် ခံစားရတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ရောယှက်နေပါတယ်၊ ပြည်သူလူထုကြီးက မြို့တော်ရဲ့ အလယ်ခေါင်က ပန်းခြံကြီးတစ်ခုမှာ လာရောက်စုဝေးကြ၊ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်ကြ၊ ဖမ်းဆီးကြ၊ နောက်တော့လည်း လူထုရဲ့ အညံ့မခံစိတ်ဓာတ်နဲ့ ညီညွတ်ခိုင်မာမှု၊ ကမ္ဘာ့သတင်းစာများရဲ့ မျက်နှာဖုံးက သတင်းဖော်ပြမှုတွေကို ရင်မဆိုင်ရဲတော့ အာဏာရှင်တွေ လက်လျှော့ကြ၊ အာဏာရှင်အစိုးရတစ်ရပ်ပြိုလဲသွားတာကို ကမ္ဘာ့နိုင်ငံများက လက်ခုတ်တီးအားပေးပြီး ဒီမိုကရေစီနိုင်ငံသစ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် အကူအညီတွေပေးကြ၊ ဒါပေမည့်လည်း အာဏာရှင်စနစ်ကို ဖြိုလှဲရတာက စစ်မှန်ပြည့်ဝပြီး ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ဖွဲ့စည်းရေးထက် အဆပေါင်းများစွာ ပိုပြီးလွယ်ကူနေတာကို မျှော်လင့်မထားပဲ လက်တွေ့သိကြရ၊ ဒီလိုနဲ့ အစိုးရသစ်တွေ ဖရိုဖရဲဖြစ်၊ စီးပွါးရေးအခြေအနေ ယိုယွင်း၊ အဲဒီနောက် တိုင်းပြည်ရဲ့အခြေအနေဟာ အရင်ဖြုတ်ချခဲ့တဲ့ အာဏာရှင်အစိုးရလက်ထက်က အခြေအနေနဲ့ ပိုပြီးမထူးခြားတာကို တွေ့ကြရ၊ အဲဒီလို အဖြစ်အပျက်တွေဟာ အာရပ်နွေဦး (Arab Spring) မွေးဖွားခဲ့တဲ့ နိုင်ငံအများစုနဲ့ အခု ယူကရိန်းနိုင်ငံမှာ လိမ်မော်ရောင်တော်လှန်ရေး (Orange Revolution) ဆိုပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတာပါ၊ ၂၀၀၄ ခုနှစ်မှာ အာဏာရှင် မစ္စတာ ယာနူကိုဗစ်ခ်ျကို လိမ်မော်ရောင်တော်လှန်ရေးလို့ ခေါ်ကြတဲ့ လမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူများက ရာထူးက ဖယ်ရှားနိုင်ခဲ့ကြတာပါ၊ ဒါပေမည့် ယာနူကိုဗစ်ခ်ျကို ဖြုတ်ချပြီး အာဏာရလာတဲ့ ဒီမိုကရေစီခေါင်းဆောင်ဟာ အရည်အချင်းမပြည့်ဝတဲ့ စိတ်ပျက်စရာနိုင်ငံရေးသမားတစ်ယောက်ဖြစ်တာမို့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကတဆင့် ရုရှားနိုင်ငံက ထောက်ပံ့တွေ ငွေကြေးများရဲ့ အကူအညီနဲ့ ယာနူကိုဗစ်ခ်ျ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရတာကို မတားဆီးနိုင်ခဲ့ပါ၊

ဒီမိုကရေစီဟာ ကြမ်းတမ်းခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရပါတယ်၊ အာဏာရှင်တွေ ရာထူးက စွန့်ခွါသွားရတဲ့အချိန်မှာ ဒီမိုကရက်တွေက များသောအားဖြင့် ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီအစိုးရကို အောင်မြင်စွာ မဖန်တီးနိုင်ခဲ့ကြပါ၊ ရင့်ကျက်ပြီး၊ အခြေကျပြီးသား ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရင်း ကြုံတွေ့နေရတဲ့ ချို့ရွင်းချက်တွေဟာ စိတ်ပူစရာကောင်းလောက်အောင် မြင်သာထင်သာရှိလာပါတယ်၊ ဒီမိုကရေစီနိုင်ငံရေးအပေါ် အယုံအကြည်မရှိကြတော့သူတွေ ကျယ်ကျယ်ပြန့်ပြန့်များပြားလာပါပြီ၊ ကျနော်တို့အားလုံး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ ဒီမိုကရေစီစနစ်ဟာ ကမ္ဘာကြီးကို ခိုင်ခိုင်မာမာလွှမ်းမိုးလိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာပါ၊

၂၀ ရာစုနှစ်ရဲ့ ဒုတိယ ရာစုဝက်ကာလတွေမှာ ဒီမိုကရေစီဟာ အင်မတန်ရှင်သန်ဖို့ ခက်ခဲတဲ့ နိုင်ငံတွေမှာ ကောင်းမွန်စွာ အမြစ်တွယ်နိုင်ခဲ့ပါတယ်၊ ဥပမာအားဖြင့် နာဇီဝါဒကြောင့် တစ်မျိုးသားလုံး နွမ်းကြေစိတ်ပျက်ခဲ့ကြရတဲ့ ဂျာမဏီနိုင်ငံမှာ၊ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးပြည်သူတွေ အများဆုံးနေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံမှာ၊ ပြီးတော့ ၁၉၉၀ ခုနှစ်မှာ အသားအရောင်ခွဲခြားမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံမှာ၊ ကိုလိုနီစနစ်ပျက်သုဉ်းခြင်းက အာရှနဲ့ အာဖရိကတိုက်က နိုင်ငံအများအပြားကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေခဲ့တယ်၊ အာဏာရှင်အစိုးရတွေက ဒီမိုကရေစီအစိုးရလက်ကို အာဏာလွှဲပြောင်းပေးခဲ့ရလို့ ၁၉၇၄ ခုနှစ်မှာ ဂရိနိုင်ငံ၊ ၁၉၇၅ ခုနှစ်မှာ စပိန်နိုင်ငံ၊ ၁၉၈၃ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံ၊ ၁၉၈၅ ခုနှစ်မှာ ဘရာဇီးလ်နိုင်ငံ၊ ၁၉၈၉ ခုနှစ်မှာ ချီလီနိုင်ငံတွေ ဒီမိုကရေစီဖြစ်ခဲ့ပါတယ်၊ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲမှုက ဗဟိုဥရောပတိုက်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့ နိုင်ငံအချို့မွေးဖွားစေခဲ့တယ်၊ အမေရိကန် မူဝါဒအကြံပေးအဖွဲ့ (Think-Tank) တစ်ခုဖြစ်တဲ့ လွတ်လပ်ရေးအိမ် (Freedom House) အဖွဲ့က ၂၀၀၀ ခုနှစ်မှာ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံများရဲ့ ၆၃ ရာခိုင်နှုံး၊ နိုင်ငံပေါင်း (၁၂၀) ဟာ ဒီမိုကရေစီနိုင်ငံများ ဖြစ်တယ်လို့ ဆိုပါတယ်၊

အဲဒီ ၂၀၀၀ ခုနှစ်မှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေဟာ ပိုလန်နိုင်ငံ ဝါဆောမြို့မှာကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီဖိုရမ် (World Forum on Democracy) မှာ စုဝေးကြပြီး "ပြည်သူတို့ရဲ့ ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံဖြစ်တယ်" (The will of the people is the basis of the authority of government.) လို့ အတူတကွ ကြွေးကြော်ခဲ့ပါတယ်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ "အာဏာရှင်များနဲ့ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးများ၏ မအောင်မြင်သော အတွေ့အကြုံများကို ကြည့်ခြင်းဖြင့် နောက်ဆုံးမှာ ဒီမိုကရေစီဟာ အောင်ပွဲရပြီလို့ ထင်ရတယ်" (Having seen off failed experiments with authoritarian and totalitarian forms of government, it seems that now, at long last, democracy is triumphant.) ဆိုပြီး မှတ်တမ်းတင်ခဲ့ပါတယ်၊

ဒီလောက် အောင်မြင်မှုတွေတွေ့နေရတော့ ယုံကြည်မှုတွေလွန်ကဲကြမယ်ဆိုတာ နားလည်လို့ ရပါတယ်၊ ဒါပေမည့် နောက်ကို နည်းနည်းဆုတ်ပြီး ကြည့်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အောင်ပွဲဆိုတာ သိပ်ပြီး သေချာလှတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒီမိုကရေစီဆိုတာကို ပထမဆုံး အစပြုခဲ့တဲ့ အေသင်ကျဆုံးခဲ့ပြီးတဲ့နောက် (Fall of Athens) စံပြနိုင်ငံရေးစနစ်ဆိုတာ အနောက်နိုင်ငံများမှာ သိပံ္ပပညာ၊ အတွေးအခေါ်တွေ ပြန်လည်ရှင်သန်ထွန်းကားလာတဲ့ကာလအထိ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ အသက်ဝင်မှုမရှိခဲ့တာပါ၊ ၁၈ ရာစုမှာ အမေရိကန်တော်လှန်ရေးတစ်ခုတည်းကသာ အောင်မြင်ခိုင်ခန့်တဲ့ ဒီမိုကရေစီကို ဖန်တီးပေးနိုင်ပါတယ်၊ ၁၉ ရာစုတစ်လျှောက်လုံးမှာ သက်ဦးဆံပိုင်ပဒေသရာဇ်တွေဟာ သူတို့ရဲ့ အာဏာအဓွန့်ရှည်ရေးအတွက် ဒီမိုကရေစီဘက်တော်သားတွေကို တိုက်ခိုက်ခဲ့ကြတာပါ၊ ၂၀ ရာစုရဲ့ ပထမရာစုဝက်တွင်းမှာ ဂျာမဏီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ အစပျိုးစဖြစ်နေတဲ့ ဒီမိုကရေစီ ပြိုလဲခဲ့ပါတယ်၊ ၁၉၄၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီနိုင်ငံ (၁၁) နိုင်ငံပဲ ကျန်ပါတော့တယ်၊ အမေရိကန်သမ္မတကြီး ဖရန်ကလင် ရုစဗဲ့ (Franklin Roosevelt) က အဲဒီတုံးက ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်၊ "ကြီးမြတ်တဲ့ ဒီမိုကရေစီအလင်းရောင်ကို လူရမ်းကားတွေရဲ့ အမှောင်ချမှုကနေ ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး" (It might not be possible to shield the great flame of democracy from the blackout of barbarism.) တဲ့၊

၂၀ ရာစုနှစ်ရဲ့ နောက်ဆုံးပိုင်းကာလတွေမှာ မြင်တွေ့ခဲ့ရတဲ့ တိုးတက်မှုတွေဟာ ၂၁ ရာစုနှစ်ထဲမှာ ရပ်တန့်နေပါတယ်၊ ဒီကနေ့  လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုံးလောက်ရှိတာမို့ အရင့်အရင်ကထက် ပိုပြီးများပြားတာတောင်မှ ဒီမိုကရေစီရဲ့ ရှေ့ဆက်ထွန်းကားမှုဟာ ရပ်တန့်နေပြီး နောက်ကြောင်းပြန်ရွေ့လျားနေတယ်လို့တောင် ထင်ရပါတယ်၊ လွတ်လပ်ရေးအိမ် (Freedom House) က ၂၀၁၃ ခုနှစ်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လွတ်လပ်ခွင့်တွေ ဆက်တိုက် လျော့နည်းလာတဲ့ (၈) နှစ်မြောက် နှစ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ လွတ်လပ်ခွင့်တွေမြင့်မားခဲ့တာဟာ ၂၁ ရာစုနှစ်ရဲ့ အစပိုင်းမှာပဲ အမြင့်ဆုံးကို ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်၊ ၁၉၈၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များအတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက် ဆုံးရှုံးမှုအနည်းငယ်သာ တွေ့ကြုံခဲ့ရပေမည့် ၂၀၀၀ ခုနှစ်ကစပြီး ဒီမိုကရေစီခရီးဟာ ကြမ်းတမ်းခဲ့ပြန်ပါတယ်၊ ဒီမိုကရေစီစနစ်ရဲ့ ပြဿနာများဟာလည်း ကိန်းဂဏန်းများက ဖော်ပြနိုင်တာထက် ပိုပြီးနက်ရှိုင်းလှပါတယ်၊ သေးငယ်တဲ့ အစပြုခါစ ဒီမိုကရေစီနိုင်ငံအများစုဟာ အာဏာရှင်စနစ်ဆီကို ပြန်လည်တိမ်းချော်သွားခဲ့ကြတယ်၊ အဲဒီနိုင်ငံတွေမှာ အပြင်ပန်းမှာတော့ ရွေးကောက်ပွဲတွေမှန်မှန်ကျင်းပပေးနေလို့ ဒီမိုကရေစီနိုင်ငံလို့ ထင်ရပေမည့် ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်အလုပ်ဖြစ်နိုင်အောင် ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲနဲ့ တန်းတူညီမျှအရေးကြီးလှတဲ့ လူသားတိုင်းအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးတွေ (Rights) ၊ ခိုင်မာတဲ့ နိုင်ငံတော်အဖွဲ့အစည်း (Institutions) တွေ မရှိကြပါ၊

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် (သို့မဟုတ်) ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တော် တွေမှာ ပြည်သူလူထုမထောက်ခံတဲ့ အာဏာရှင်အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ အောင်မြင်မှုတွေက အခိုက်အတန့်မှာ ဒီမိုကရေစီအပေါ် ယုံကြည်မှုတွေကို ပိုပြီးအားကောင်းစေခဲ့ပေမည့် အဲဒီတက်ကြွမှုတွေက ခဏတာအတွက်ပဲ ဖြစ်ခဲ့ပါတယ်၊ အနောက်ကမ္ဘာရဲ့ အပြင်ဘက်မှာ ဒီမိုကရေစီနိုင်ငံတွေဟာ အမြဲတမ်းပဲ ပြိုလဲမှုဆီကို ဦးတည်နေပါတယ်၊ အနောက်ကမ္ဘာက နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ကြည့်လိုက်တော့လည်း နိုင်ငံတွင်းမှာဆိုရင် အင်မတန်များပြားလှတဲ့ ကြွေးမြီများ၊ အစိုးရယန္တရား ထိထိရောက်ရောက် မလည်ပါတ်နိုင်ခြင်းများနဲ့ မကြာခဏဆိုသလို ဆက်စပ်ပါတ်သက်နေရပြီး နိုင်ငံပြင်ပမှာဆိုရင်လည်း (ကိုယ့်နိုင်ငံမှာတောင် မခိုင်မာတော့တဲ့ ဒီမိုကရေစီကို) မရောက်နိုင်တဲ့နေရာတွေဆီ အတင်းအဓမ္မ ဖြန့်ကျက်နေသလို အခြေအနေမျိုးပါ၊ ဒီမိုကရေစီကို ဝေဘန်သူတွေ အမြဲတမ်းရှိခဲ့ပါတယ်၊ ဒါပေမည့် အခုလိုအချိန်မျိုးမှာ အရင်တုံးက ရှိခဲ့တဲ့ ဒီမိုကရေစီပေါ် သံသယဟောင်းတွေဟာ အခု အသစ်မြင်တွေ့လာတဲ့ အနောက်နိုင်ငံများမှာ အခိုင်အမာတည်ရှိနေတယ်ဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေ၊ မခိုင်မမြဲ ချိနဲ့လှတဲ့ အနောက်နိုင်ငံများရဲ့ အခြားနိုင်ငံများအပေါ် ဒီမိုကရေစီရေးရာ ဩဇာသက်ရောက်မှုတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုခိုင်မာလာသလို ရှိပါတယ်၊ ဘာကြောင့်များ ဒီမိုကရေစီစနစ်ဟာ သူ့ရဲ့ ရှေ့ ကိုပြေးနေတဲ့ အရှိန်အဟုန်တွေ ပျောက်ဆုံးခဲ့ရတာလဲ?

 







0 comments: