ပြည်တွင်းငြိမ်းချမ်းရေးနှင့်
အရပ်ဘက်အဖွဲ့အစည်းများ (၄)
အောင်ဒင်
#အခန်း
(၅) နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ (အဆက်)
"နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း
နှစ်ဘက်သဘောမတူညီမှုတွေ အတော်များလှပါတယ်။ အဓိကကတော့ ပူးတွဲ ကော်မီတီဖွဲ့စည်းမှုများနဲ့
နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးမည့်အကြောင်းအရာများနဲ့ ပါတ်သက်ပါတယ်။
တိုင်းရင်းသားများဘက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ
စတင်ကျင်းပနိုင်ရေးအတွက် လိုအပ်သော ပူးတွဲ ဦးဆောင်ကော်မီတီနှင့် လုပ်ငန်းကော်မီတီများကို
နှစ်ဖက်ပူးပေါင်း၍ အောက်ပါအတိုင်းဖွဲ့စည်းရမည်ဟု စာချုပ်ထဲမှာ ထည့်သွင်းချင်ပါတယ်။
(၁)
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲဦးဆောင်ကော်မီတီ၊
(၂) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲလုပ်ငန်းကော်မီတီ၊
(၃) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲအကြံပေးကော်မီတီ၊
(၄) နည်းပညာဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၊
(၅) အခြားလိုအပ်သော ကော်မီတီများ၊
(၂) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲလုပ်ငန်းကော်မီတီ၊
(၃) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲအကြံပေးကော်မီတီ၊
(၄) နည်းပညာဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၊
(၅) အခြားလိုအပ်သော ကော်မီတီများ၊
အစိုးရဘက်ကတော့ ဒီအဆိုပြုချက်ကို လက်မခံပဲ လိုအပ်သည့် ကော်မီတီဖွဲ့စည်းရေးကိစ္စများကို
"နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ မူဘောင်ရေးဆွဲရေး" ဆွေးနွေးပွဲများတွင်မှ
ထည့်သွင်းဆွေးနွေးရန် တန်ပြန်အဆိုပြုထားပါတယ်။
ဒီကိစ္စက အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ အပစ်အခတ်ရပ်စဲရေးခိုင်မာရေးအတွက်
အရေးအကြီးဆုံးဖြစ်တဲ့ "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ"
ဖွဲ့စည်းရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ တိုင်းရင်းသားများဘက်က "ပူးတွဲဦးဆောင်ကော်မီတီ"
ကို အရင်ဖွဲ့စည်းပြီး အဆိုပါ "ပူးတွဲဦးဆောင်ကော်မီတီ" ကမှ "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ"
ကို ဖွဲ့စည်း၊ တာဝန်နဲ့လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးပြီး ဦးဆောင်မှုပေးရမှာပါ။
အစိုးရဘက်ကတော့ "ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" ကို "အစိုးရဗဟိုကော်မီတီ"
ရဲ့ ဦးဆောင်မှု ခံယူစေချင်တာပါ။
ကျနော်ကတော့
ပူးတွဲကော်မီတီများ ဖွဲ့စည်းရေးကို အပစ်ရပ်စာချုပ်ထဲမှာ ထည့်သွင်းဖို့ တိုင်းရင်းသားများရဲ့
တောင်းဆိုချက်ဟာ သဘာဝကျတယ်လို့ ယူဆပါတယ်။
တိုင်းရင်းသားများဘက်က "နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်တွင်
ဆွေးနွေးရမည့်အကြောင်းအရာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (က) ပြည်ထောင်စု၏ နိုင်ငံရေးအရင်းခံပြသနာဆိုင်ရာ
ကိစ္စရပ်များ၊ (ခ) မြေယာပိုင်ဆိုင်ခြင်းနှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
ကိစ္စရပ်များ၊ (ဂ) လူသားချင်းစာနာထောက်ထားခြင်းနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊(ဃ)
ပြန်လည်တည်ဆောက်ရေးနှင့် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ (င) စီးပွါးရေးပြန်လည်ထူထောင်ရေးနှင့်
ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ (စ) မူးယစ်ဆေးဝါးကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်များ၊
(ဆ) လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ (ဇ) အခြားကိစ္စရပ်များ၊ ဆိုပြီး ထည့်သွင်းဖို့
တောင်းဆိုပါတယ်။ ပြီးတော့ "ဤသဘောတူစာချုပ်ကို
လက်မှတ်ရေးထိုးသူများသည် ပါဝင်သင့်သူများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို လွှတ်တော်ပြင်ပတွင်
ကျင်းပရန် သဘောတူကြသည်" လို့လည်း ထည့်သွင်းစာချုပ်ချင်ပါတယ်။
အစိုးရဘက်က သဘောမတူပါ။ အစိုးရဘက်က "ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေနိုင်မည့် ကိစ္စရပ်များမှအပ
အခြားဆွေးနွေးသင့်သော ကိစ္စရပ်များအားလုံးကို နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းခွင့်ပြုရန်"
ဆိုတာကိုပဲ စာချုပ်ထဲမှာ ထည့်ချင်ပါတယ်။
ကျနော့်အမြင်မှာတော့ အစိုးရဘက်က တင်ပြချက်ဟာ လက်ခံနိုင်ဖွယ်ဖြစ်ပါတယ်။
"ဆွေးနွေးရန် ကိစ္စရပ်များ" ကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များချမှတ်ရေး
ဆွေးနွေးတော့မှ ထည့်သွင်းဆွေးနွေးသင့်ပါတယ်။ အဲဒီ မူဘောင်များ ဆွေးနွေးပွဲမှာ နိုင်ငံရေးအင်အားစုများ၊
အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်ရမှာဖြစ်ပြီး လက်နက်မဲ့ ပြည်သူများရဲ့ ကိုယ်စား လက်နက်ကိုင်များရဲ့ အနိုင်ကျင့်၊ ချယ်လှယ် ဖိနှိပ်မှုများအဆုံးသတ်ရေး
သူတို့ဆွေးနွေးချင်တဲ့ ကိစ္စရပ်များကို တင်ပြခွင့် ရရမှာပါ။
နိုင်ငံရေးဆွေးနွေးပွဲများတွင် "သင့်လျော်သည့် အခန်းကဏ္ဍအလိုက်" ပါဝင်သင့်သည့်အဖွဲ့အစည်းများနှင့်ပါတ်သက်ပြီး
အစိုးရဘက်က အောက်ပါအတိုင်း အဆိုပြုပါတယ်။
(က)
အစိုးရအဖွဲ့၊ (ခ) လွှတ်တော်များ၊ (ဂ) တပ်မတော်၊ (ဃ) နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအစုအဖွဲ့များ၊
(င) တိုင်းရင်းသားကိုယ်စားလှယ်များ၊ (စ) စီးပွါးရေးအသင်းအဖွဲ့များ၊ (ဆ) အရပ်ဘက်လူ့အဖွဲ့အစည်းများ၊
(ဇ) ပညာရှင်အစုအဖွဲ့များ၊
တိုင်းရင်းသားများဘက်က အောက်ပါအတိုင်း ပြန်လည်အဆိုပြုပါတယ်၊
(က)
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အစိုးရ၏ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏
ကိုယ်စားလှယ်များ၊ နှင့် တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအချိုးညီပါဝင်ကြရမည်။
(ခ)
အာဏာရပါတီမှလွဲ၍ ကျန်သောတရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင်
သက်ဆိုင်ရာကဏ္ဍအလိုက် သင့်တော်သလို ပါဝင်စေရမည်။
(ဂ)
အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွါးရေးအသင်းအဖွဲ့များနှင့် ပညာရှင်အစုတို့၏ ကိုယ်စားလှယ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် သက်ဆိုင်ရာကဏ္ဍအလိုက်
သင့်တော်သလို ပါဝင်စေရမည်။
ကျနော့်အမြင်မှာတော့ နှစ်ဘက်စလုံးရဲ့ အဆိုပြုချက်များဟာ သိပ်မကွာခြားလှပါ၊ ညှိနှိုင်းသဘောတူနိုင်ရင်
အကောင်းဆုံးဖြစ်ပြီး ညှိနှိုင်းလို့မရရင် ဒီအချက်ကို အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ မထည့်သွင်းပဲ
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ဆွေးနွေးမှ ထည့်သွင်းဆွေးနွေးသင့်ပါတယ်။
တိုင်းရင်းသားများက အောက်ပါအချက်ကို အဆိုပြုပါတယ်။ အစိုးရဘက်က
လက်မခံပါ။
(င)
ပြည်ထောင်စုညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံတော်ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းဆိုင်ရာ
သဘောတူညီချက်များ၊ ရယူရန်အတွက် လုပ်ပိုင်ခွင့်အာဏာရရှိထားရမည်။ ပြည်ထောင်စုသဘောတူညီချက်များအား
ယင်းညီလာခံတွင် ဖော်ဆောင်အတည်ပြုကြမည်ဖြစ်ပြီး ညီလာခံမှ ထွက်ပေါ်လာသော နောက်ဆုံးဆုံးဖြတ်ချက်များသည်
နိုင်ငံတော်အဖွဲ့အစည်းအခြေခံ ဥပဒေဆိုင်ရာ မူဘောင်ဆုံးဖြတ်ချက်များအဖြစ် တရားဝင်မည်ဖြစ်သည်။
ဒီကိစ္စမှာ တိုင်းရင်းသားများဘက်က ရည်မှန်းချက်ကြီးမားလွန်းတယ်ထင်ပါတယ်။
အာဏာလက်ရှိ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့
အပစ်အခတ်ရပ်စဲပြီး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့
သဘောတူပေမည့် အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ဖို့ဆိုတာ
နှစ်ဖက်စလုံးက လိုချင်တာတွေ အားလုံးကို အပြည့်အဝမရနိုင်ဘူးဆိုတာ အခြေခံအားဖြင့် သဘောပေါက်လက်ခံထားဖို့
လိုအပ်ပါတယ်။ ကိုယ်လိုချင်သမျှကို တစ်ဘက်သတ် ကြိုတင်ကြေငြာတာ သဘာဝကျပေမည့် ဘာမှမသေချာသေးတဲ့
ရလဒ်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးရမည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲ ထည့်သွင်းဖို့
တောင်းဆိုတာကတော့ သဘာဝကျတယ် မထင်ပါ။
အစိုးရဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ဖို့
အာမခံနိုင်မှာ ဖြစ်ပေမည့် နိုင်ငံရေးဆွေးနွေးပွဲများက ဘယ်လိုရလဒ်ထွက်မယ်ဆိုတာ ဘယ်သူကမှ
အာမမခံနိုင်ပါ။ ထွက်ပေါ်လာတဲ့ ရလဒ်များကိုလည်း တစ်ဘက်ဘက်က (သို့မဟုတ်) နှစ်ဘက်စလုံးက
လက်မခံနိုင်တာမျိုးလည်း ရှိနိုင်ပါသေးတယ်။ ပြီးတော့လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့
အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက
ဆောင်ရွက်နေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း သိသိရက်နဲ့ ပါဝင်နေကြတာပါ။
နိုင်ငံရေးဆွေးနွေးပွဲများရဲ့ ရလဒ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လမ်းညွှန်ချက်တွေ
ဖြစ်လာမယ်ဆိုတာကို အစိုးရက လက်ခံနိုင်ပေမည့် ဒီရလဒ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို
၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆောင်ရွက်မှာပါ။ နိုင်ငံရေးလမ်းပြမြေပုံမှာလည်း
အဆင့် (ဆ) မှာ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း
ဆိုပြီး နှစ်ဖက်သဘောတူထားပြီးဖြစ်ပါတယ်။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်ကသာ နိုင်ငံရေးဆွေးနွေးပွဲရဲ့
ရလဒ်များကို အကောင်အထည်ဖော်ရေး တာဝန်အရှိဆုံးဖြစ်ပါတယ်။
#အခန်း
(၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
ဒီအခန်းမှာ တိုင်းရင်းသားများက "အပစ်အခတ်ရပ်စဲရေးစာချုပ်"
ကို လက်မှတ်ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မတရားသင်းအဖြစ်ကြေညာထားခြင်းမှ
ပယ်ဖျက်ပေးရန်နဲ့ မတရားသင်းဥပဒေအရ တရားစွဲဆိုခံထားရသူများ၊ အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးဖို့
တောင်းဆိုထားပါတယ်။ နှစ်ဘက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးနဲ့ နားလည်မှုများ မြင့်မားရေးအတွက်
လိုအပ်တာမို့ အစိုးရဘက်က သဘောတူသင့်ပါတယ်။
"ကြားကာလအတွင်း ဆောင်ရွက်ရမည့်အစီအစဉ်များ" ဆိုတဲ့
ခေါင်းစဉ်နဲ့ တိုင်းရင်းသားများက အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးချိန်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးချိန်များအကြား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆောင်ရွက်မည့် အချက် (၁၀) ချက်ကို တောင်းဆိုပါတယ်။
ပထမ (၈) ချက်မှာ "မိမိတို့နှင့် သက်ဆိုင်သော
ဒေသအတွင်း ပြည်သူလူထု၏ လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊
စီးပွါးရေးအခြေခံလုပ်ငန်းများဖော်ဆောင်ခြင်း၊ မြေယာပိုင်ဆိုင်မှုနှင့် အငြင်းပွါးမှုများကို
ဖြေရှင်းခြင်း၊ ထိန်းသိမ်းကာကွယ်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ မြေပေါ်မြေအောက်သယံဇာတများထိန်းသိမ်းခြင်း၊
အကြီးစားမဟုတ်သော သယံဇာတစီမံခန့်ခွဲခြင်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများ၊ ပညာရေး၊
ကျန်းမာရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအတွက်
ပြည်တွင်းပြည်ပအလှူရှင်များထံမှ အထောက်အပံ့ရယူလုပ်ကိုင်ခြင်း၊ အမျိုးသားစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ၊
မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများ ပပျောက်ကင်းစင်ရေးအတွက်
ပညာပေး၊ တိုက်ဖျက်ရေးလုပ်ငန်းများ" ကို "မိမိအဖွဲ့အစည်းအစီအစဉ်နှင့် ဖြစ်စေ၊ အစိုးရနှင့် ညှိနှိုင်း၍ဖြစ်စေ”
ဆောင်ရွက်ခွင့်ရှိရမယ်လို့ တောင်းဆိုထားပါတယ်။ ၎င်းအပြင် "မိမိတို့နှင့် သက်ဆိုင်သော
ဒေသအတွင်း" အကြီးစားစီမံကိန်းလုပ်ငန်းများ၊ အကျိုးသက်ရောက်မှုကြီးမားသော ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ
ချမှတ်ရာတွင် ပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အစိုးရဘက်က
သဘောမတူပါ။
ဒီနေရာမှာ "မိမိတို့နှင့် သက်ဆိုင်သည့် ဒေသအတွင်း"
ဆိုတဲ့ စကားရပ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ ဆိုတာနဲ့ သက်ဆိုင်မယ်ထင်ပါတယ်၊
အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးရင်
မြန်မာနိုင်ငံအတွင်းမှာ ဒေသ သုံးမျိုးခွဲခြားနိုင်ပါလိမ့်မယ်။ (၁) အစိုးရတပ်များစိုးမိုးထားသော
(အစိုးရ အာဏာသက်ရောက်သော)
ဒေသများ၊ (၂) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များစိုးမိုးသော ဒေသများနဲ့ (၃) နှစ်ဖက်ထိတွေ့တိုက်ခိုက်ခဲ့ပြီး
ယခုစစ်ပွဲများရပ်စဲရန် သဘောတူသည့် အပစ်ရပ်ဒေသများဖြစ်ကြပါတယ်။
တကယ်လို့ တိုင်းရင်းသားများပြောတဲ့ "သက်ဆိုင်သည့်ဒေသ"
ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တပ်စခန်းချ စိုးမိုးထားတဲ့ ဒေသဆိုရင်
ဒီတောင်းဆိုချက်များကို ထည့်သွင်းတောင်းဆိုစရာမလိုအပ်ပါ၊ ဒါပေမည့် တိုင်းရင်းသားများနဲ့
သက်ဆိုင်သည့် ဒေသဆိုတာ ပြည်နယ်တစ်ခုလုံး၊ တိုင်းဒေသကြီးတစ်ခုလုံး ဆိုရင်တော့ အစိုးရဘက်က
လက်မခံနိုင်တာ သဘာဝကျပါတယ်။ အပစ်ရပ်ဒေသတွေမှာ ဆိုရင်လည်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
ပူးတွဲညှိနှိုင်းဆောင်ရွက်ရမှာပါ။ ဘက်တစ်ဘက်တည်းက သီးခြားဆောင်ရွက်ဖို့ မသင့်တော်ပါ။
"ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း" ဆိုတဲ့
ခေါင်းစဉ်အောက်မှာ အစိုးရဘက်က "(ဂ) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ
ကော်မီတီများဖွဲ့စည်းခြင်းနှင့် မူဘောင်ချမှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်
ဆောင်ရွက်သွားရန် သဘောတူသည်" ဆိုပြီး ထည့်သွင်းဖို့ အဆိုပြုတာကို တိုင်းရင်းသားများဘက်က
သဘောမတူပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရဟာ လွှတ်တော်ကို တာဝန်ခံရတာမို့ အစိုးရအနေနဲ့ လွှတ်တော်ကို
တင်သွင်းအတည်ပြုချက်ယူနိုင်ပါတယ်။ ဒါပေမည့် တိုင်းရင်းသားများပါ သဘောတူရမယ်ဆိုပြီး
အပစ်ရပ်စာချုပ်ထဲ ထည့်သွင်းရေးဆွဲစရာမလိုအပ်ပါ။
0 comments:
Post a Comment