BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, May 20, 2014

Peace and Civil Society Part (2)






(မဇ္ဈိမ နေ့စဉ်သတင်းစာ၊ မေလ ၂၀၊ ၂၀၁၄၊ အင်္ဂါနေ့၊ စာမျက်နှာ ၁၇)




ပြည်တွင်းငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ (၂)

အောင်ဒင်

#အခန်း (၁) အခြေခံမူများ

ဒီအခန်းမှာ တိုင်းရင်းသားများက အဆိုပြုပြီး အစိုးရဘက်က လက်မခံတဲ့ အချက် (၄) ချက်ရှိပါတယ်။ အဲဒီအထဲက နှစ်ချက်ကို စာချုပ်မူကြမ်းမှာပါတဲ့ အမှတ်စဉ်အတိုင်း ဖော်ပြလိုက်ပါတယ်။

၁။ (ဃ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များကို အခြေခံ၍ "ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု" ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ထူထောင်ရန် သဘောတူကြသည်။
၁။ (င) တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ကို စစ်မှန်သော ဖက်ဒရယ်မူနှင့်အညီ တည်ဆောက်နိုင်ရေးကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် သဘောတူကြသည်။

ဒီအချက်တွေက အစိုးရကို နိုင်ငံရေးဆွေးနွေးပွဲများမရောက်ခင်ကတည်းက ကြိုပြီး သဘောတူညီချက်တောင်းထားသလို ဖြစ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် သိပ်မြင့်လွန်းနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာဟာလည်း ဆွေးနွေးပွဲပါဝင်သူများက ကိုယ်ယုံကြည်ရာကို ရပ်တည်ဆွေးနွေးပြီး အခြားသူများရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်တွေနဲ့ ညှိနှိုင်းပြီး တိုင်းပြည်အတွက် အကောင်းဆုံးအခြေအနေကို လက်ခံသဘောတူကြရတာပါ၊ ကိုယ်လိုချင်တာကို ပြောခွင့်ရှိပေမည့် တစ်ခြားတစ်ဘက်ကိုပါ ကိုယ်ဖြစ်စေချင်သလို လိုက်ဖြစ်ရမယ်လို့ ကြိုတင်ချီနှောင်ခွင့်မရှိပါ။ ကိုယ်လိုချင်တာအားလုံး နိုင်ငံရေးဆွေးနွေးပွဲကနေ ရာနှုံးပြည့်ရရမယ်လို့လည်း မျှော်လင့်ထားဖို့ မဖြစ်ပါ။ ဒီအချက် နှစ်ချက်စလုံးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များချမှတ်တဲ့ အစည်းအဝေးများမှာမှ ထည့်သွင်းဆွေးနွေးသင့်ပါတယ်။

အစိုးရလက်မခံတဲ့ နောက်နှစ်ချက်က ဒီလိုပါ။

၁။ (စ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အတူတကွနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူ အခွင့်အရေးရှိကြသည်။ ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်း မပြုပဲ တန်းတူရည်တူ အခွင့်အရေးရှိစေရမည်ဟု သဘောတူကြသည်။
၁။ (ဆ) နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမရှိသည့် ဘာသာရေးကို အခြေမခံသော နိုင်ငံတော်ကို ထူထောင်ရန် သဘောတူကြသည်။

ဒီနှစ်ချက်ကို မြန်မာအစိုးရဘက်က ဘာကြောင့် သဘောမတူရသလဲဆိုတာ စဉ်းစားလို့မရပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အလားတူအချက်အလက်တွေ ပြဋ္ဌန်းထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာလူမျိုးကြီးဝါဒနဲ့ အမျိုးသမီးများကို နှိမ့်ချရေးဝါဒတွေ ခေါင်းထောင်ထနေချိန်မှာ ဒီအချက်နှစ်ချက်ကို မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ထည့်သွင်းရေးဆွဲပြီး တိုင်းရင်းသားများကို အာမခံချက်ပေးရမှာပါ။

အစိုးရက အဆိုပြုပြီး တိုင်းရင်းသားများက လက်မခံတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒီလိုပါ။

၁။ (ဃ) ပွင့်လင်းလွတ်လပ်သည့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် တိုင်းရင်းသားအားလုံးပါဝင်သော ပြည်ထောင်စုစနစ်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ထူထောင်သွားရန်။

ဒီအချက်က အထက်မှာ ဖော်ပြခဲ့တဲ့ တိုင်းရင်းသားများတင်တဲ့ "ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ထူထောင်ရန်” ဆိုတဲ့ အချက်နဲ့ အပြိုင်ဖြစ်ပါတယ်။ ကျနော့်အမြင်မှာတော့ ဒီအချက်ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် လုံလောက်တဲ့အချက်မို့လို့ လက်ခံသင့်ပါတယ်။



#အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ

ဒီအခန်းမှာ တိုင်းရင်းသားများက " ၂။ (ဂ) တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်လက်ခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဦးတည်သည့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်ရန်" ဆိုတဲ့ အချက်တစ်ချက်တင်သွင်းပြီး အစိုးရဘက်က လက်မခံပါ။ ဒီအချက်ဟာလည်း အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် သိပ်မြင့်မားနေပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ ဆွေးနွေးမှ ထည့်သွင်းသင့်ပါတယ်။

ဒါ့အပြင် " ၂။ (င) အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ထိုးရာတွင် ပါဝင်သင့်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်" ဆိုတဲ့ အချက်မှာ တိုင်းရင်းသားများက "ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အခွင့်အရေးတို့အတွက် နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြသည့် တိုင်းရင်းသားလူမျိုးများ" ဆိုပြီး အထူးပြုစကားရပ် ထည့်သွင်းဖို့ တောင်းဆိုတာကို အစိုးရဘက်က လက်မခံပါ။ နှစ်ပေါင်း (၆၀) ကျော် မရရှိခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ရရှိတော့မည့် အခြေအနေမျိုးမှာ ဒီစကားရပ်ပေါ် သဘောမတူညီမှုကြောင့် ခရီးမဆက်နိုင်တာတော့ မဖြစ်သင့်ပါ။

#အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ

ဒီအခန်းဟာ တကယ်တော့ အပစ်အခတ်ရပ်စဲရေးစာချုပ်ရဲ့  အဓိကကျတဲ့ အခန်းဖြစ်ပါတယ်။ အင်မတန်ကျယ်ပြန့်ပြီး နှစ်ဖက်စစ်တပ်များ လိုက်နာရမည့် အချက်အလက်တွေ ဖော်ပြပါရှိပါတယ်။
တပ်ပိုင်းဆိုင်ရာကိစ္စများနဲ့ပါတ်သက်ပြီး သဘောတူညီချက်များမှာ တိုင်းရင်းသားများက တင်သွင်းတဲ့ အချက်နှစ်ချက်ကို အစိုးရဘက်က သဘောမတူပါ။ အဲဒီအချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၅။ (င) ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့် အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်။

၅။ (ည) ဤသဘောတူစာချုပ်ပါ အခန်း (---) အရ ဖွဲ့စည်းသွားမည့် "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ" နှင့် ပူးပေါင်းဆောင်ရွက်ရန်။

မြေမြှုတ်မိုင်းတွေ ရှင်းဖို့ဆိုတာ အလွန်အရေးကြီးတဲ့ ကိစ္စပါ၊ နှစ်ဖက်စစ်တပ်များက မြှုတ်နှံထားတဲ့ မိုင်းများကြောင့် နှစ်ဖက်စစ်သားများသာမက သာမာန်ပြည်သူများ၊ အိမ်မွေးတိရိစ္ဆာန်များပါ မိုင်းနင်းမိပြီး အသက်တွေသေကြ၊ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဆုံးရှုံးကြရတာပါ။ ဒီမြေမြှုတ်မိုင်းတွေကို အမြန်ဆုံး ရှင်းလင်းရေးဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ နှစ်ဖက်စစ်တပ်များပူးပေါင်းဆောင်ရွက်ကြရမှာပါ။ အလားတူပဲ အပစ်အခတ်ရပ်စဲရေးစာချုပ်အရ နှစ်ဖက်စစ်တပ်ကိုယ်စားလှယ်များနဲ့ အရပ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ "အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ" တစ်ခုကို မလွဲမသွေဖွဲ့စည်းရမှာမို့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ၎င်းကော်မီတီနဲ့ ပူးပေါင်းဆောင်ရွက် ရမှာပါ။ ဒီအချက်တွေကို အစိုးရဘက်က လက်ခံသင့်ပါတယ်။

အပိုဒ် (၆) မှာ အစိုးရဘက်က "ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အလို့ငှါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တပ်အင်အားတိုးချဲ့ခြင်းနှင့် လူသစ်စုဆောင်းခြင်း မပြုလုပ်ရ။" ဆိုပြီး ထည့်သွင်းချင်တာကို တိုင်းရင်းသားများက လက်မခံပါ။ ဒီလို ကန့်သတ်ချက်ဟာ လိုအပ်တယ်ဆိုရင်လည်း နှစ်ဖက်စလုံးအတွက် ဖြစ်သင့်ပါတယ်၊ မြန်မာ့တပ်မတော်ကတော့ စစ်သားစုဆောင်းခြင်း၊ တပ်အသစ်တွေဖွဲ့စည်းခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ လက်နက်ဝယ်ယူထုတ်လုပ်ခြင်း၊ အင်အားတိုးချဲ့ခြင်းတွေကို အဆက်မပြတ် ဆောင်ရွက်နေပြီး တိုင်းရင်းသားတပ်ဖွဲ့တွေကိုတော့ "မပြုလုပ်ရ" ဆိုပြီး ကန့်သတ်ရင် တရားမျှတမှာ မဟုတ်ပါ။ ကန့်သတ်ချင်ရင် နှစ်ဖက်စလုံးကို ကန့်သတ်ပြီး ဒါမှမဟုတ်ရင်လည်း ဒီအပိုဒ်ကို မထည့်သွင်းသင့်ပါ။

"ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် တပ်နေရာချခြင်း" အပိုင်းမှာလည်း တိုင်းရင်းသားတွေ အဆိုပြုတဲ့ "၇။ (င) နှစ်ဖက် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်၊ တပ်သားဦးရေလျှော့ချခြင်းနှင့် တပ်ရုပ်သိမ်းရေးကိစ္စများကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်" ဆိုတာကို အစိုးရက လက်မခံပါ။ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ တပ်ရုပ်သိမ်းရေးအထိ လက်မခံနိုင်ရင်တောင်မှ တပ်စခန်းအရေအတွက်၊ တပ်သားဦးရေလျှော့ချခြင်းတွေကိုတော့ နှစ်ဖက်တပ်များ ညှိနှိုင်းအကောင်အထည်ဖော်သင့်ပါတယ်။

"အရပ်သားများကို အကာအကွယ်ပေးခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသခံလူထုအကျိုးစီးပွါးကို ပျက်စီးစေမည့် ကိစ္စအများအပြားကို နှစ်ဖက်စစ်တပ်များက မပြုလုပ်ကြဖို့ သဘောတူညီချက်တွေ ချမှတ်ထားတာ အားရစရာကောင်းပါတယ်။ ဒီသဘောတူညီချက်တွေကို အမှန်တကယ် စောင့်ထိန်းနိုင်ကြမယ်ဆိုရင် ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဒုက္ခသည်များအတွက် အသက်ရှူပေါက်ရပြီး ပျက်စီးနေတဲ့ ဘဝတွေပြန်လည်ထူထောင်ဖို့ အခွင့်အရေးရမှာပါ။ ဒီနေရာမှာလည်း အပိုဒ် ၉။ (ဎ) မှာ "နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွါနေထိုင်ကြရသော ပြည်သူများကို လူသားချင်းစာနာထောက်ထားသော အကူအညီများပေးအပ်ရန် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ" နှင့် ပါတ်သက်ပြီး အစိုးရဘက်က "နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့်" ဆောင်ရွက်စေချင်ပြီး တိုင်းရင်းသားများက "နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်ရန်" လို့ ထည့်သွင်းစေချင်ပါတယ်။ ကျနော့်အမြင်မှာတော့ ပြည်တွင်းအခြေစိုက် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများအားလုံးဟာ မှတ်ပုံတင်၊ နားလည်မှုစာချွန်လွှာလဲ၊ စသဖြင့် အစိုးရရဲ့ အသိအမှတ်ပြုခံထားရတာမို့ အပစ်အခတ်ရပ်စဲရာ ဒေသက ဒုက္ခသည်ပြည်သူများကို ကူညီထောက်ပံ့ရာမှာ အစိုးရရဲ့ ခွင့်ပြုချက်ယူရတာ သဘာဝကျပါတယ်၊ 

တိုင်းရင်းသားများတောင်းဆိုသလို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသဆိုင်ရာအဖွဲ့များနဲ့ ညှိနှိုင်းဖို့ဆိုတာလည်း သဘာဝကျတာပါပဲ။ အရေးအကြီးဆုံးက ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူများထံ အကူအညီတွေ မှန်မှန်ကန်ကန်ရောက်ရှိဖို့ပဲ ဖြစ်ပါတယ်၊ အဲဒီလို အကူအညီတွေ ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် တစ်ဘက်ဘက်က သဘောထားကြီးဖို့၊ ဒါမှမဟုတ်လည်း ဒီအပိုဒ်ကို လုံးဝဖြုတ်ပစ်ဖို့ တောင်းဆိုချင်ပါတယ်။

အပိုဒ် ၉။ (ဏ) မှာ တိုင်းရင်းသားများက “ပြည်တွင်းရှိ မူလဒေသများမှ အခြားဒေသသို့ ပြောင်းရွှေ့ခံရသူများ (IDPs) အား အပစ်ရပ်နယ်မြေအတွင်း လက်ရှိနေထိုင်ရာဒေသတွင် ဆက်လက်နေထိုင်ခြင်းနှင့် ပါတ်သက်၍ ၎င်းတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ရမည်" လို့ ထည့်သွင်းတာကို အစိုးရက လက်မခံပါ။ တကယ်တော့ ဒုက္ခသည်များ နေရပ်ပြန်တဲ့ကိစ္စဟာ ၎င်းတို့ရဲ့ သဘောဆန္ဒအတိုင်းသာ ဖြစ်သင့်ပါတယ်။ အတင်းအဓမ္မပြန်ပို့တာမျိုး မလုပ်သင့်ပါ။ စစ်ကြောင့် ပြေးလွှားရှောင်ပုန်းရတဲ့ ဒဏ်၊ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒဏ်တွေကို ကြိမ်ဖန်များစွာ ခံစားခဲ့ရတဲ့ ဒုက္ခသည်များအနေနဲ့ အမှန်တကယ်လုံခြုံပြီလို့ မသေချာမခြင်း မူလဒေသကို ပြန်ရဲကြမှာ မဟုတ်ပါ။ မပြန်ရဲသေးလို့ လက်ရှိနေထိုင်ရာ အပစ်ရပ်ဒေသမှာပဲ ဆက်နေချင်တယ်ဆိုရင်လည်း သူတို့သဘောအတိုင်းပဲ ဖြစ်ရပါမယ်။

အပိုဒ် ၉။ (န) မှာ တိုင်းရင်းသားများက "ဂျီနီဗာကွန်ဗင်းရှင်း (၄) စစ်ကာလအတွင်း အရပ်သားများအား အကာအကွယ်ပေးရေး (Geneva Convention IV-Realtive to the protection of civilian persons in the time of war) တွင်ပါရှိသည့် အချက်များကို လေးစားလိုက်နာရမည်။" ဆိုပြီး ထည့်သွင်းဖို့ တောင်းဆိုတာကို အစိုးရဘက်က သဘောမတူပါ။ လက်ခံသင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ သဘောမတူကြရင်လည်း တစ်ဘက်ဘက်က သဘောထားကြီးသင့်ပါတယ်။ ဒီတစ်ချက်ကြောင့်နဲ့ တော့ စာချုပ်လက်မှတ်ထိုးဖို့ မနှောင့်နှေးသင့်ပါ။


0 comments: