BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 23, 2014

Peace and Civil Society Part (5)

(မဇ္ဈိမ နေ့စဉ်သတင်းစာ၊ မေလ ၂၃၊ ၂၀၁၄၊ သောကြာနေ့၊ စာမျက်နှာ ၁၇)



ပြည်တွင်းငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ (၅)

အောင်ဒင်

#အခန်း (၇) အထွေထွေ

ဒီအခန်းမှာလည်း အစိုးရဘက်က "သဘောတူညီချက်ပျက်ပြယ်ခြင်း" ဆိုတာကို တင်သွင်းပြီး တိုင်းရင်းသားများဘက်က "ပြန်လည်သုံးသပ်ခြင်း" ဆိုပြီး တင်ပါတယ်။ နှစ်ဖက် အပြန်အလှန်သဘောမတူကြပါ။

အစိုးရဘက်က "သဘောတူညီချက်ပျက်ပြယ်ခြင်း" ခေါင်းစဉ်အောက်မှာ "ဤသဘောတူညီချက်ပါ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် အကြောင်းအချက်များကို တစ်ဖက်ဖက်မှ ချိုးဖောက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်းတို့ကို လုံလောက်သော သက်သေအထောက်အထားများနှင့် တွေ့ရှိပါက ပြည်ထောင်စုငြိမ်းချမ်းရေးဗဟိုကော်မီတီ၏ အတည်ပြုသည့်နေ့မှစ၍ ပျက်ပြယ်သည်" ဆိုပြီး ထည့်သွင်းချင်ပါတယ်။

ဒီစာပိုဒ်အတွက် စိုးရိမ်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နှစ် (၆၀) ကျော်ပြည်တွင်းစစ်ကြီးကို ထာဝရအဆုံးသတ်ရေး ကြိုးပမ်းမှုဟာ အခက်အခဲတွေအများကြီး ရှိမှာပါ။ ပြသနာတွေအများကြီး တွေ့ဦးမှာပါ။ ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေတွေ။ ယုံကြည်မှုပျက်ပြားတဲ့ အချိန်ကာလတွေ ရှိမှာပါ။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်စွပ်စွဲပြီး သဘောတူညီမှုတွေ ရုပ်သိမ်းရတာ လွယ်ပါ လိမ့်မယ်။ ဒါပေမည့် ခက်ခက်ခဲခဲ တည်ဆောက်ပြီးသား အခြေအနေတစ်ခုကို ပျက်စီးပြီးမှ ပြန်လည်တည်ဆောက်ဖို့ မလွယ်လှပါ။ စစ်ပွဲတွေ ပြန်ဖြစ်ရင်လည်း အနစ်နာရဆုံးက နိုင်ငံတော်နဲ့ ပြည်သူတွေပါ။ ဒါကြောင့်မို့ အမှားအယွင်းတွေရှိရင်တောင် အလွယ်တကူ နောက်ပြန်မဆုတ်ပဲ နိုင်ငံတကာခေါင်းဆောင်များရဲ့  ကူညီစေ့စပ်မှုနဲ့ အမှားတွေကို ပြင်ပြီး ရှေ့ခရီးဆက်မည့် စေတနာနဲ့ သတ္တိတွေ ရှိကြစေချင်ပါတယ်။ ဒီစာပိုဒ်ဟာ အစိုးရက သီးခြားကိုင်စွဲရမည့် ကိုယ်ပိုင်မူဝါဒသာ ဖြစ်ပြီး နှစ်ဘက်လက်မှတ်ထိုးရမည့် စာချုပ်ထဲမှာ မပါဝင်သင့်ပါ။

တိုင်းရင်းသားများဘက်က "ပြန်လည်သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်ပါ အချက် (၃) ချက်ကို အပစ်ရပ်စာချုပ် အာဏာစတင် သက်ရောက်သည့်နေ့မှစ၍ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ ပြန်လည်သုံးသပ်ပြင်ဆင်မှုများ ပြုလုပ်ဖို့ အဆိုပြုပါတယ်။ အစိုးရဘက်က လက်မခံပါ။

(က) ဤသဘောတူစာချုပ် အာဏာသက်ရောက်ပြီးသည်နှင့် တပြိုင်နက် နှစ်ဘက်တပ်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုများကို လုံးဝရပ်တန့်ခြင်းမရှိပဲ တနည်းနည်းဖြင့် ဆက်လက်ပြုလုပ်နေခြင်း။
(ခ) ဤသဘောတူစာချုပ်ပါ အချိန်ဇယားသတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်း။ (ဥပမာ- သဘောတူစာချုပ်အာဏာတည်ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံမူဘောင်မရရှိခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူပြီးသော်လည်း "နိုင်ငံရေးဆွေးနွေးပွဲ" ကို ရက်ပေါင်း ၉၀ အတွင်းခေါ်ယူရန် ပျက်ကွက်ခြင်း၊)
(ဂ) အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု အားနည်းခြင်း၊ ပျက်ကွက်ခြင်းများ ဖြစ်ပေါ်နေခြင်း။

ဒီအပစ်ရပ်စာချုပ်ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း စာချုပ်ပါ သဘောတူညီချက်အတိုင်း ပူးတွဲဦးဆောင်ကော်မီတီ၊ ပူးတွဲလုပ်ငန်းကော်မီတီ၊ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ၊ ပူးတွဲအလုပ်အဖွဲ့၊ ပူးတွဲအကြံပေးအဖွဲ့၊ စတဲ့ ပူးတွဲကော်မီတီတွေ ပေါ်ပေါက်လာပြီး အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ လုပ်ငန်းစဉ်တွေကို ပူးတွဲဆောင်ရွက်အကောင်အထည်ဖော်ရမှာပါ၊ နှစ်ဖက်ပူးပေါင်းပြီး ဆောင်ရွက်နေကြပြီဖြစ်တဲ့အတွက် ပြသနာတွေကို ပူးတွဲကော်မီတီအဆင့်ဆင့်မှာ ဖြေရှင်းကြရမှာပါ။ နှောင့်နှေးမှု၊ ကြံ့ကြာမှုတွေလည်း ရှိမှာပါ။ တကယ်တော့ "အပစ်ရပ်စာချုပ်" ကို အားလုံးသဘောတူ လက်မှတ်ရေးထိုးပြီးရင်တောင်မှ "အပစ်ရပ်တာကို" အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ ဖွဲ့စည်းတာ၊ အဲဒီကော်မီတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ပြဋ္ဌန်းတာ၊ နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို ရေးဆွဲတာ၊ စတဲ့ လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဖို့ မလွယ်လှပါ။ တစ်ခါ "မူဘောင်" ဆွေးနွေးကြတဲ့အခါမှာလည်း အားလုံး သဘောတူလက်ခံနိုင်တဲ့ အထိ အချိန်အတော်ကြာ ဆွေးနွေးရဦးမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သလောက် ခိုင်မာအောင် ထိန်းသိမ်းပြီး နိုင်ငံရေးဆွေးနွေးပွဲများအထိရောက်အောင် စိတ်ရှည်လက်ရှည်ဖြတ်သန်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားများတောင်းဆိုသလို "တစ်နှစ်ပြည့်တဲ့အချိန်" မှာ "ပြန်လည်သုံးသပ်ဖို့" မလိုအပ်ဘူးလို့ ကျနော်ယူဆပါတယ်။ ပူးတွဲကော်မီတီများဟာ ပူးတွဲလုပ်ဆောင်ဖို့တင်မက ပြသနာများ၊ အခက်အခဲများကို ပူးတွဲဖြေရှင်းပြီး ရှေ့ခရီးဆက်ဖို့ ပူးတွဲဖွဲ့စည်းကြတာ ဖြစ်ပါတယ်။

#သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း

ဒီနောက်ဆုံးအဆင့်မှာလည်း ဘက် နှစ်ဘက်၊ မူနှစ်မျိုး ဖြစ်နေပြန်ပါတယ်။ အစိုးရဘက်က စာချုပ်ကို လက်မှတ်ရေးထိုးရာမှာ အစိုးရကိုယ်စားလှယ်များနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ ဘေးချင်းယှဉ်လက်မှတ်ထိုးဖို့ပဲ အဆိုပြုပါတယ်။ ကိုယ်စားလှယ်တွေဟာ ဘယ်သူ၊ ဘယ်ဝါ ဖြစ်ရမယ်ဆိုပြီး အသေးစိတ်မဖော်ပြပါ။

တိုင်းရင်းသားများဘက်ကတော့ လက်မှတ်ထိုးမည့် ပုဂ္ဂိုလ်များကို အသေးစိတ်ဖော်ပြချင်ပါတယ်။ (က) အစိုးရဘက်က (၁) သမ္မတ (၂) ဒုသမ္မတ ၂ ဦး၊ (၃) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ (၄) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ (၅) ကာကွယ်ရေးဦးစီးချုပ်၊ (၆) ရှေ့နေချုပ်၊ (၇) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒု-ဥက္ကဋ္ဌများ၊ (ခ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ (၁) ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်များ၊ (၂) စစ်ဦးစီးချုပ်များ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားများက အဆိုပြုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားများက (ဂ) သက်သေများအဖြစ် (၁) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ (၂) လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဩဇာသက်ရောက်မှုရှိသည့် နိုင်ငံတကာခေါင်းဆောင်များ၊ (၃) သင့်လျော်သော နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ (၄) ပါဝင်သင့်ပါဝင်ထိုက်သော ဂုဏ်သရေရှိပုဂ္ဂိုလ်များ ပါဝင်လက်မှတ်ရေးထိုးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

တိုင်းရင်းသားများရဲ့ တောင်းဆိုချက်က သဘာဝကျပါတယ်။ ဒါပေမည့် နိုင်ငံတကာခေါင်းဆောင်များကို သက်သေအဖြစ်ပါဝင်စေဖို့မှာ အလွန်မျှော်လင့်ချက်မကြီးစေချင်ပါ။ အဲဒီခေါင်းဆောင်တွေကလည်း သူတို့သက်ဆိုင်ရာတိုင်းပြည်ရဲ့  အရေးကိစ္စတွေနဲ့ အလုပ်များနေကြမှာမို့ လာစေချင်တဲ့အချိန်မှာ အားလုံးလာနိုင်ကြမှာ မဟုတ်ပါ။ ပြည်တွင်းက နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ သက်သေအဖြစ် ပါဝင်ဖို့က ပိုပြီးအရေးကြီးတယ်ထင်ပါတယ်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကိုလည်း သက်သေအဖြစ် ပါဝင်စေသင့်ပါတယ်။

တိုင်းရင်းသားများက သက်သေအဖြစ်လက်မှတ်ရေးထိုးသူများဟာ (၁) အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ကြီးကြပ်ရာတွင် လေ့လာသူအဖြစ် ပါဝင်နိုင်တယ်။ (၂) တွေ့ရှိချက်များအပေါ် အကြံပြုချက်များ တင်ပြနိုင်တယ်။ (၃) ပြသနာဖြေရှင်းရာတွင် သက်သေအဖြစ် ပါဝင်နိုင်တယ်။ ဆိုတဲ့ "သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးသူများ၏ အခန်းကဏ္ဍ" ကို စာချုပ်ထဲမှာ ထည့်သွင်းဖို့ အဆိုပြုထားပေမည့် အစိုးရဘက်က လက်မခံပါ။ ကျနော့်အမြင်မှာတော့ ထည့်သွင်းသင့်ပါတယ်။ ဒါပေမည့် သက်သေများဟာ ပူးတွဲကော်မီတီများရဲ့ ခွင့်ပြုချက်၊ သဘောတူညီမှု တောင်းခံရန်နဲ့ ပူးတွဲကော်မီတီများနဲ့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါလိမ့်မယ်။

#တည်ဆဲဥပဒေ ပြသနာ

စာချုပ်ရဲ့  စာပိုဒ်အချို့မှာ အစိုးရဘက်က "တည်ဆဲဥပဒေ" ဆိုတဲ့ စကားလုံးကို ထည့်သွင်းချင်ပါတယ်။ အောက်ပါ အချက် (၃) ချက်ကို ကြည့်ပါ။

၅၊ (ဇ) အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို တည်ဆဲ ဥပဒေနှင့် တရားစွဲဆိုအရေးယူရန်။
၈။ (က) အပစ်ရပ်နယ်မြေများအတွင်း (နှစ်ဘက်) ဝန်ထမ်းများ၊ အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှု မရှိပဲ လွတ်လပ်စွာသွားလာနိုင်ရေး၊ ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးတို့ကို တည်ဆဲ ဥပဒေနှင့်အညီ ခွင့်ပြုရန်။
၂၅။ (က) အစိုးရသည် မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ တည်ဆဲ ဥပဒေကို ချိုးဖောက်ခြင်းမှအပ ဤအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် သဘောတူညီသည်။ 

တိုင်းရင်းသားများက "တည်ဆဲဥပဒေ" ဆိုတဲ့ စကားလုံးသုံးတာကို လက်မခံချင်ကြပါ။ ဒါဟာဖြင့် အစိုးရက သူတို့ကို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံအောင် သိမ်းသွင်းတာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒီအချက်တွေက တရားဥပဒေစိုးမိုးရေးနဲ့ အပစ်ရပ်ဒေသနေပြည်သူများရဲ့  အကျိုးစီးပွါး၊ လုံခြုံရေးနဲ့ ပါတ်သက်ပါတယ်။ ဥပဒေတစ်ခုခုတော့ ရှိရမှာပါ။ ဒါပေမည့် "တည်ဆဲဥပဒေ" ဆိုတဲ့ စကားလုံးက အလွန်ကျယ်ပြန့်ပါတယ်။ 

စစ်အစိုးရအဆက်ဆက်က ပြဋ္ဌန်းခဲ့တဲ့ "မတရားသင်းအက်ဥပဒေ၊ နိုင်ငံတော်၏ အကျိုးစီးပွါးကို ဟန့်တားကာကွယ်သည့်ဥပဒေ၊ အရေးပေါ်စီမံချက် အက်ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ" စတဲ့ မတရား၊ မမျှတတဲ့ ဥပဒေတွေက "တည်ဆဲ" ပါ၊ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်ထဲမှာ ပြဋ္ဌန်းခဲ့တဲ့ "အကြမ်းဘက်မှုတိုက်ဖျက်ရေးဥပဒေ"၊ ဧည့်စာရင်းမတိုင်ရင်အရေးယူနိုင်တဲ့ "ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေ" များကလည်း "တည်ဆဲဥပဒေ" တွေ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ တည်ဆဲဥပဒေ ဆိုတာကို တိုင်းရင်းသားများက လက်မခံနိုင်တာပါ။  အစိုးရရဲ့ တည်ဆဲဥပဒေကို လက်မခံရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကိုယ်ပိုင်ဥပဒေကို အသုံးပြုမှာလား။ ဒါလည်း မဖြစ်သင့်ပါ။ အပစ်ရပ်ဒေသများမှ ပြည်သူများရဲ့  အကျိုးစီးပွါး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ လွတ်လပ်မှုများအတွက် နှစ်ဘက်တပ်ဖွဲ့များ ညှိနှိုင်းဆောင်ရွက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။  




#ဤခရီး မနီးလှပါ

တကယ်တော့ အပစ်အခပ်ရပ်စဲရေးစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ရင်တောင်မှ အပစ်အခတ် ချက်ခြင်းရပ်စဲမှာ မဟုတ်ပါ။ စာချုပ်ပါ သဘောတူညီချက်များအရ
(၁) လက်မှတ်ရေးထိုးပြီးသည့်နေ့မှ (၁၄) ရက်အတွင်း (သို့မဟုတ်) နှစ်ဘက်သဘောတူ သတ်မှတ်ထားသည့် ရက်အတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံပြီး အပစ်အခပ်ရပ်စဲရေး အချိန်ဇယား သတ်မှတ်ရမှာပါ။
(၂) ပူးတွဲကော်မီတီအဆင့်ဆင့်ကို ဖွဲ့စည်းရဦးမှာပါ။ အဲဒီ ပူးတွဲကော်မီတွေကို ဖွဲ့စည်းရန် အချိန်ကာလ သတ်မှတ်ချက် မရှိသေးပါ။
(၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးရဦးမှာပါ၊ ဘယ်သူက ဖွဲ့စည်းပေးမှာလဲ၊ ဘယ်အဖွဲ့အစည်းကို တာဝန်ခံရမလဲဆိုတာ သဘောမတူကြသေးသလို ဘယ်အချိန်မှာ ဖွဲ့စည်းမှာလဲဆိုတာ စာချုပ်ထဲမှာ မပါသေးပါ။
(၄) အပြန်အလှန်လိုက်နာကြရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စာချုပ်လက်မှတ် ရေးထိုးပြီး (၁) လအတွင်း ရေးဆွဲပြဌန်းရမှာပါ။
အထက်ပါအဆင့်တွေ ပြီးမှပဲ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်မှာပါ။ အထက်ပါ လုပ်ငန်းစဉ်များအတွက် နှစ်ဘက်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပရဦးမှာ ဖြစ်ပြီး သဘောတူညီချက်တွေ ရဖို့ အချိန်အတော်ကြာဦးမှာပါ။ အလားတူပဲ (၅) မူဘောင်ဆွေးနွေးပွဲများကို လက်မှတ်ရေးထိုးပြီး ရက် (၆၀) အတွင်း ကျင်းပမယ်ဆိုပေမည့် အားလုံးလက်ခံသဘောတူညီတဲ့ မူဘောင်တွေရဖို့ အကြိမ်များစွာ ဆွေးနွေးကြရဦးမှာပါ။ ဒါကြောင့်မို့ စာချုပ်ထဲမှာ သဘောတူကြသလို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀) အတွင်း "နိုင်ငံရေးဆွေးနွေးပွဲများ" စတင်နိုင်ဖို့ သိပ်မလွယ်လှပါ။ 

မလွယ်လှသော်လည်း မပျက်စီးသွားစေဖို့ အရပ်ဘက်အဖွဲ့အစည်းများရဲ့  ပါဝင်ပတ်သက်မှုကို အရေးတကြီးလိုအပ်နေပါပြီ။ လက်ရှိအတိုင်း အစိုးရလုပ်ငန်းကော်မီတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ကိုယ်စားလှယ် (NCCT) တို့ ဆွေးနွေးညှိနှိုင်းတာကို ဒီအတိုင်းပဲ စောင့်ကြည့်နေကြမယ်ဆိုရင် နောက်ထပ် လပေါင်းများစွာ ဆွေးနွေးပွဲတွေ သောင်မတင်၊ ရေမကျ ဖြစ်နေဦးမှာပါ။ အရပ်ဘက်အဖွဲ့အစည်းများကိုယ်တိုင် UWPC နဲ့NCCT ရဲ့ အစည်းအဝေးထဲ ဝင်ထိုင်၊ ဆွေးနွေးသမျှကို အသိသက်သေလုပ်၊ သဘောထားကွဲသမျှကို ကြားဝင်ဖြန်ဖြေပေးပြီး နှစ်ဘက်စလုံးကို သီးခြားစီတွေ့ဆုံ၊ အညီအမျှ မေတ္တာရပ်ခံ၊ ဖိအားပေးနိုင်မှ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မှာပါ။ ဒီအဆင့်ကို မအောင်မြင်သ၍ နောက်အဆင့်တွေကို ဘယ်လိုမှ မရောက်နိုင်ပဲ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေကြရဦးမှာပါ။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲများမှာ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်အစိုးရများရဲ့  ကိုယ်စားလှယ်များ သက်သေအဖြစ်ပါဝင်ဖို့ တောင်းဆိုတာ ကြားသိရပါတယ်။ တကယ်တော့ အဲဒီနိုင်ငံခြားအစိုးရများက ဆွေးနွေးပွဲများမှာ သက်သေအဖြစ် ပါဝင်ကြရင်တောင်မှ နှစ်ဘက်သဘောတူရေးနဲ့ ပါတ်သက်ပြီး အကျိုးရှိမယ်မထင်ပါ၊ နိုင်ငံခြားအစိုးရကိုယ်စားလှယ်တွေက ဘက်နှစ်ဘက်စလုံးကို သံတမန်စကားလုံးတွေပြောပြီး ဖြောင်းဖြရုံလောက်ပဲ လုပ်နိုင်ကြမှာပါ၊ အမှန်တကယ် သက်သေအဖြစ် လိုအပ်နေတာက နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွါးအတွက် မာနတွေ၊ အာဃာတတွေကို အပြန်အလှန်လျှော့ချပြီး အပေးအယူညှိနှိုင်းရမည့် ဆွေးနွေးပွဲမှာ လက်နက်ကိုင်အင်အားစုနှစ်စုက အတ္တတွေ၊ မာနတွေကို ရှေ့တန်းတင်ပြီး မလိုအပ်ပဲ တင်းမာနေကြတာတွေ၊ အပြန်အလှန်ခြိမ်းခြောက်ကြတာတွေ၊ မဖြစ်နိုင်လောက်အောင် တောင်းဆိုကြတာတွေကို ပွင့်ပွင့်လင်းလင်း ဝေဘန်မဲ့ လက်နက်မဲ့ပြည်သူများရဲ့ ကိုယ်စားလှယ် အရပ်ဘက်အဖွဲ့အစည်းများဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ကျနော်ကတော့ "၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း" ရဲ့  ပြည်တွင်းငြိမ်းချမ်းရေး ပါဝင်ပါတ်သက်မှုကို ကြိုဆိုထောက်ခံပါတယ်။ ဒီထက်ပိုပြီး ပါဝင်ပါတ်သက်ဖို့ကိုလည်း တောင်းဆိုပါတယ်။ အစိုးရဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း "၈၈ ငြိမ်းပွင့်" အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများက စလို့ ပါဝင်ကြဖို့ တရားဝင်ဖိတ်ခေါ်ရန် တောင်းဆိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။

လေးစားစွာ၊

အောင်ဒင်
မေလ ၁၆၊ ၂၀၁၄
 
(မဇ္ဈိမ နေ့စဉ်သတင်းစာတွင် မေလ ၁၉ မှ ၂၃၊ ၂၀၁၄ အထိ ၅ ရက်ဆက်တိုက်ဖော်ပြခဲ့သည်။)
 


0 comments: