BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, January 10, 2015

အန်ကယ်ဆမ်ရဲ့ ၂၀၁၅ လွှတ်တော်



(7 Day Daily နေ့စဉ်သတင်းစာ၊ အမှတ် ၆၁၉၊ ဇန်နဝါရီ ၁၀၊ ၂၀၁၅)
http://www.7daydaily.com/story/29020#.VLFUKHuGMuM

အန်ကယ်ဆမ်ရဲ့ ၂၀၁၅ လွှတ်တော်

အောင်ဒင်

#၁၁၄ ကြိမ်မြောက် ကွန်ဂရက် စပြီ။

အမေရိကန်ပြည်ထောင်စုရဲ့ ၁၁၄ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ကွန်ဂရက်လွှတ်တော်ရဲ့ သက်တမ်းက အောက်လွှတ်တော်သက်တမ်းနဲ့ အညီ နှစ်နှစ်ဖြစ်တာမို့ ၁၁၄ ကြိမ်မြောက် ကွန်ဂရက်ရဲ့ သက်တမ်းက ၂၀၁၅-၂၀၁၆ ဖြစ်ပါတယ်။ ဒီနှစ်နှစ်ဟာ သမ္မတ အိုဘားမားရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်လည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်၊ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ လူများစုပါတီဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကန်ပါတီနဲ့ အိမ်ဖြူတော်ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ အိုဘားမားတို့အကြား ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေကို ဒီနှစ်နှစ်အတွင်း တွေ့ကြုံရနိုင်ပါတယ်။ ဒီ ၁၁၄ ကြိမ်မြောက်ကွန်ဂရက်လွှတ်တော်ရဲ့ ထူးခြားမှုအချို့ကို တင်ပြချင်ပါတယ်။

#ပါတီကြီးနှစ်ခု၏ အချိုးအစား

၁၁၄ ကြိမ်မြောက်ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်အမတ် ၄၃၅ ယောက်နဲ့ အထက်လွှတ်တော်အမတ် ၁၀၀၊ စုစုပေါင်း ၅၃၅ ယောက်ရှိပါတယ်။ ရီပတ်ဘလီကန်ပါတီက အမတ် ၃၀၀ ဦး (၅၆ %)၊ ဒီမိုကရက်တစ်ပါတီက အမတ် ၂၃၂ ဦး (၄၃ %) နဲ့ တသီးပုဂ္ဂလိကအမတ် ၂ ဦးရှိပါတယ်။ ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်အမတ်တစ်ဦးကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရပေမည့် အခွန်တိမ်းရှောင်မှုတွေနဲ့ တရားစွဲခံရလို့ ကွန်ဂရက်လွှတ်တော်သက်တမ်းမစခင် ဇန်နဝါရီလ ၅ ရက်နေ့မှာ နှုတ်ထွက်လိုက်ရပါတယ်။

အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီက ၂၄၆ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၁၈၈ နေရာရှိပါတယ်။ နှုတ်ထွက်သွားရတဲ့ အမတ်တစ်နေရာ လစ်လပ်နေပါတယ်။
အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီက ၅၄ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၄၄ နေရာ နဲ့ တစ်သီးပုဂ္ဂလိကအမတ် ၂ နေရာရှိပါတယ်။ တသီးပုဂ္ဂလိကအမတ် ၂ ယောက်က ဒီမိုကရက်တစ်ပါတီနဲ့ ပူးပေါင်းကြတာမို့ ဒီမိုကရက်တစ်ပါတီက ၄၆ နေရာရှိတယ်လို့လည်း ဆိုနိုင်ပါတယ်။

#သက်တမ်းမစခင် နှုတ်ထွက်ရခြင်း

နှုတ်ထွက်ရသူက နယူးယောက်ပြည်နယ်၊ အမှတ် ၁၁ မဲဆန္ဒနယ်မြေက ရီပါဘလီကန်အမတ် မိုက်ကယ်ဂရင်း (Representative Michael Grimm) ဖြစ်ပါတယ်။ သူ့ကို ပြည်ထောင်စုအစိုးရက အခွန်တိမ်းရှောင်မှု၊ အမှုပေါင်း (၂၀) နဲ့ ၂၀၁၄ ခုနှစ်ထဲက တရားစွဲဆိုထားတာပါ။ တရားစွဲဆိုခံနေရတဲ့ကြားကပဲ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါသေးတယ်။ ဒါပေမည့် ဒီဇင်ဘာလအတွင်းမှာ မိုက်ကယ်ဂရင်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ရပါတယ်။ နယူးယောက်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူအိုမို (Governor Andrew Cuomo) က အောက်လွှတ်တော်အမတ်တစ်နေရာ လစ်လပ်ကြောင်း ကြေညာပြီး ရက်ပေါင်း (၇၀) နဲ့ (၈၀) အတွင်းမှာ အထူးရွေးကောက်ပွဲတစ်ခုကို ကျင်းပလို့ လစ်လပ်နေရာအတွက် အစားထိုးမည့်သူကို ရွေးချယ်မှာဖြစ်ပါတယ်။  

#ကျား၊ မ နှင့် အရောင်အသွေးအချိုးအစား

၁၁၄ ကြိမ်မြောက်ကွန်ဂရက်မှာ အမျိုးသမီးအမတ် ၁၀၄ ဦးနဲ့ အမျိုးသားအမတ် ၄၃၀ ဦး ပါဝင်ပါတယ်။ အမျိုးသမီးများက ကွန်ဂရက်လွှတ်တော်အမတ်အားလုံးရဲ့ ငါးပုံတစ်ပုံလောက်ရှိပါတယ်။ ယူတားပြည်နယ် (Utah) ကအရွေးခံရတဲ့ မီယာလပ်ဗ် (Representative Mia Love) ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ပထမဆုံး လူမည်းအမျိုးသမီးအမတ် ဖြစ်လာပါတယ်။

ရီပတ်ဘလီကင်ပါတီအမတ်များထဲမှာ လူမည်းအမတ် (၃) ဦးပဲ ရှိပါတယ်။ မီယာလပ်ဗ် အပြင် တက်ဆတ်ပြည်နယ်က အောက်လွှတ်တော်အမတ် ဝီလ်ဟဒ် (Representative Will Hard) နဲ့ တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်က အထက်လွှတ်တော်အမတ် တင်မ်စကော့ (Senator Tim Scott) တို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီမှာတော့ လူမည်းအမတ် ၄၃ ဦးတောင် ရှိပါတယ်။ ၁၁၄ ကြိမ်မြောက် ကွန်ဂရက်မှာ လူမည်းအမတ် စုစုပေါင်း (၄၆) ဦးရှိပါတယ်။
စပိန်သွေးစပ်သူများ (Hispanic) စုစုပေါင်း (၃၃) ဦး ၁၁၄ ကြိမ်မြောက်ကွန်ဂရက်လွှတ်တော်မှာ ပါဝင်ကြပါတယ်။ အောက်လွှတ်တော်မှာ (၃၀) နဲ့ အထက်လွှတ်တော်မှာ (၃) ဦးပါ။ အာရှတိုက်သွေးစပ်သူ (Asian-Americans) များ စုစုပေါင်း (၁၂) ဦးလည်း လွှတ်တော်အသစ်မှာ ပါဝင်ပါတယ်။ အောက်လွှတ်တော်မှာ (၁၁) ဦးနဲ့ အထက်လွှတ်တော်မှာ (၁) ဦးဖြစ်ပါတယ်။ အမေရိကန်မှာ မူလနေထိုင်သူ (Native American) မျိုးဆက်များထဲက နှစ်ဦးလည်း လွှတ်တော်အသစ်မှာ ပါဝင်ပါတယ်။ နှစ်ဦးစလုံးဟာ အိုကလာဟိုးမားပြည်နယ်က ဖြစ်ပြီး ရီပတ်ဘလီကန်ပါတီဝင် အောက်လွှတ်တော်အမတ်များ ဖြစ်ကြပါတယ်။ ထုံးစံအတိုင် အဖြူတွေ (Whites) ကပဲ ၁၁၄ ကြိမ်မြောက်လွှတ်တော်ကို  အများစုလွှမ်းမိုးထားပါတယ်။ ၄၄၂ ဦးပါ။

#ကိုးကွယ်မှုဘာသာနှင့် အသက်အရွယ် အချိုးအစား

ဘာသာရေးဘက်က ကြည့်မယ်ဆိုရင် အများစုသော အမတ်တွေဟာ ခရစ်ယန်ဘာသာဝင်များဖြစ်ကြပါတယ်။ မော်မွန် (Mormon) လို့ခေါ်တဲ့ ခရစ်ယန်ဘာသာဂိုဏ်းခွဲတစ်ခုကို ကိုးကွယ်သူ ၁၆ ဦး၊ ဂျူးဘာသာကိုးကွယ်သူ ၂၈ ဦး၊ ဗုဒ္ဓဘာသာကိုးကွယ်သူ ၂ ဦး၊ အစ္စလမ်ဘာသာဝင် ၂ ဦးနဲ့ ဟိန္ဒူဘာသာဝင် ၁ ဦးတို့လည်း ၁၁၄ ကြိမ်မြောက် ကွန်ဂရက်မှာ ပါဝင်ကြပါတယ်။
အထက်လွှတ်တော်အမတ်အားလုံးထဲမှာ အသက်အကြီးဆုံးက ဒီမိုကရက်တစ်ပါတီက ဒိုင်ယန်းဖိန်းစတိုင်း (Senator Diane Feinstein) (၈၁ နှစ်) ဖြစ်ပြီး အသက်အငယ်ဆုံးက ရီပတ်ဘလီကင်ပါတီက တွမ်ကော်တွန် (Senator Tom Cotton) (၃၇ နှစ်) ဖြစ်ပါတယ်။ အောက်လွှတ်တော်အမတ်တွေထဲမှာ ဒီမိုကရက်တစ်ပါတီက ဂျွန်ကွန်ယာစ် အငယ် (Representative John Conyers Jr.) က အသက် ၈၅ နှစ်နဲ့ အကြီးဆုံးဖြစ်ပြီး ရီပတ်ဘလီကင်ပါတီက အယ်လစ်စ စတက်ဖနစ်က် (Representative Elise Stefanik) က အသက် (၃၀) နဲ့ အငယ်ဆုံးဖြစ်ပါတယ်။ 

#အထက်လွှတ်တော်တွင် ပါတီခေါင်းဆောင်မှု ရွေးချယ်ခြင်း

ထုံးစံအတိုင်း ၁၁၄ ကြိမ်မြောက်ကွန်ဂရက်လွှတ်တော် စတင်တဲ့နေ့မှာ သက်ဆိုင်ရာပါတီအလိုက် လွှတ်တော်တွင်း ခေါင်းဆောင်များကို ရွေးချယ်ကြပါတယ်။ ဒီလွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီက လူများစုပါတီဖြစ်ပြီး လွှတ်တော်နှစ်ရပ်စလုံးကို ဦးဆောင်မှာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီက လူနည်းစုပါတီအဖြစ်နဲ့ အတိုက်အခံလုပ်မှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ ပါတီတစ်ခုချင်းစီအတွက် ခေါင်းဆောင်နေရာ (၃) နေရာစီရှိပါတယ်။ အမြင့်ဆုံးက ပါတီခေါင်းဆောင် (The Leader)၊ ဒုတိယက ပါတီစည်းကမ်းထိန်းသိမ်းရေးမှူး (The Whip) နဲ့ တတိယအမြင့်ဆုံးက ပါတီမူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ (Party Policy Committee Chair) တို့ဖြစ်ကြပါတယ်။ ရီပတ်ဘလီကန်ပါတီက ပါတီခေါင်းဆောင် (Majority Leader) အဖြစ် မစ်ချမက်ကော်နယ် (Senator Mitch McConnell)၊ စည်းကမ်းထိန်း (Majority Whip) အဖြစ် ဂျွန်ကောနင် (Senator John Cornyn)၊ မူဝါကော်မတီဥက္ကဋ္ဌအဖြစ် ဂျွန်ဘရက်ဆို (Senator John Barrasso) တို့ကို ရွေးချယ်တင်မြှောက်ကြပါတယ်။ ဒီမိုကရက်တစ်ပါတီက ခေါင်းဆောင် (Minority Leader) အဖြစ် ဟယ်ရီရိဒ် (Senator Herry Reid)၊ စည်းကမ်းထိန်း (Minority Whip) အဖြစ် ရစ်ချဒ်ဒါဘင် (Senator Richard Durbin) နဲ့ မူဝါဒကော်မတီဥက္ကဋ္ဌအဖြစ် ချားလ်ရှူးမား (Senator Charles Schumer) တို့ကို ရွေးကောက်တင်မြှောက်ကြပါတယ်။ ကျနော်တို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးကို နှစ်ပေါင်းများစွာ စိုက်လိုက်မတ်တတ် ထောက်ခံအားပေးခဲ့တဲ့ အထက်လွှတ်တော်အမတ်ကြီး မစ်ချမက်ကော်နယ် ဟာ လူများစုပါတီခေါင်းဆောင်အဖြစ်နဲ့ အထက်လွှတ်တော်ရဲ့ အာဏာအမြင့်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် (Vice President Joe Biden) ဟာ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လွှတ်တော်သက်တမ်းစတဲ့နေ့မှာ အထက်လွှတ်တော်အမတ်များရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို ကြီးကြပ်ရပါတယ်။ အဲဒီနောက် နောက်ပိုင်းအထက်လွှတ်တော်အစည်းအဝေးများကို သဘာပတိအဖြစ် ကြီးကြပ်မည့် ယာယီဥက္ကဋ္ဌ (President  Pro Tempore) တစ်ယောက်ကို ရွေးချယ်ပါတယ်။ ဒုသမ္မတက အစည်းအဝေးအားလုံးကို မတက်နိုင်ပါ။ အစဉ်အလာအတိုင်း လူများစုပါတီထဲက အသက်အကြီးဆုံးအမတ်ကို ရွေးချယ်ကြတာမို့ ရီပတ်ဘလီကင်ပါတီက အသက်အကြီးဆုံးဖြစ်တဲ့ အိုရင်းဟက်ခ်ျ (Senator Orrin Hatch) ကို ရွေးချယ်ကြပါတယ်။ ဒီရာထူးက အဆောင်အယောင်ရာထူးမျှသာ ဖြစ်ပါတယ်။ ဩဇာအာဏာ တကယ်မရှိပါ။

#အောက်လွှတ်တော်တွင် ပါတီခေါင်းဆောင်မှု ရွေးချယ်ခြင်း

အောက်လွှတ်တော်မှာ  ပါတီအလိုက် ထိပ်တန်းခေါင်းဆောင်ရာထူး (၄) ခုရှိပါတယ်။ ခေါင်းဆောင် (The Leader)၊ စည်းကမ်းထိန်း (The Whip)၊ ညီလာခံဥက္ကဋ္ဌ (Conference Chair) နဲ့ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ (Policy Committee Chair) တို့ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီက ခေါင်းဆောင် (Minority Leader) အဖြစ် နန်စီပလိုစီ (Rep. Nancy Pelosi)၊ စည်းကမ်းထိန်း (Minority Whip) အဖြစ် စတန်နီဟွိုင်ယာ (Rep. Steny Hoyer)၊ လက်ထောက်ခေါင်းဆောင် (Assistant Minority Leader) အဖြစ် ဂျိန်းစ်ကလိုင်ဘန်း (Rep. James Clybum) နဲ့ ညီလာခံဥက္ကဋ္ဌအဖြစ် ဇာဗီးယားဘက်စားယား (Rep. Xavier Becerra) တို့ကို ရွေးချယ်ထားပါတယ်။ ရီပတ်ဘလီကန်ပါတီက ခေါင်းဆောင် (Majority Leader) အဖြစ် ကယ်ဗင်မက်ကာသီ (Rep. Kevin McCarthy)၊ စည်းကမ်းထိန်း (Majority Whip) အဖြစ် စတီဗ် စကယ်လစ်စ် (Rep. Steve Scalise)၊ ညီလာခံဥက္ကဋ္ဌ (Republican Conference Chair) အဖြစ် ကေသီ မောရစ်ရောဂျားစ် (Rep. Cathy McMorris Rodgers) နဲ့ မူဝါဒကော်မတီဥက္ကဋ္ဌ (Republican Policy Committee Chair) အဖြစ် လုက်မက်ဆာ (Rep. Luke Messer) တို့ကို ရွေးချယ်ထားပါတယ်။

အောက်လွှတ်တော်ရဲ့ အမြင့်ဆုံးရာထူးက အောက်လွှတ်တော်စပီကာ (The Speaker of the House) ဆိုတဲ့ ရာထူးဖြစ်ပါတယ်။ စပီကာရာထူးကို ပါတီနှစ်ရပ်ပေါင်းက အောက်လွှတ်တော်အမတ်များအားလုံးက ရွေးချယ်တင်မြှောက်ရပါတယ်။ အောက်လွှတ်တော်စပီကာရာထူးဟာ အမေရိကန်ပြည်ထောင်စုမှာ တတိယမြောက် ဩဇာအာဏာအရှိဆုံးရာထူးဖြစ်ပါတယ်။ သမ္မတရာထူး ဆက်ခံရေးတန်းစီဇယားမှာလည်း တတိယမြောက်ပါ။ ဆိုလိုတာက သမ္မတ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိတဲ့ အခါ ဒုသမ္မတက သမ္မတတာဝန်ယူရပြီး ဒုသမ္မတပါ တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိရင် အောက်လွှတ်တော်စပီကာက သမ္မတတာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌန်းထားပါတယ်။ ဒါကြောင့် ဒီရာထူးကို လိုချင်သူတွေ၊ ယှဉ်ပြိုင်ချင်သူတွေ များလှပါတယ်။

ထုံးစံအရဆိုရင် လူများစုပါတီက ကြိုတင်ရွေးချယ်ထားပြီးသားဖြစ်တဲ့ အောက်လွှတ်တော်အမတ်တစ်ဦးပဲ စပီကာအဖြစ် ရွေးချယ်ခံရလေ့ရှိပါတယ်။
ဒီတစ်ကြိမ်မှာတော့ ၁၁၄ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်အစည်းအဝေးမစခင်ကတည်းက ရီပတ်ဘလီကန်ပါတီရဲ့ လက်ရှိ စပီကာ ဂျွန်ဘေနာ (Speaker John Boehner) ကို စိန်ခေါ်မှုတွေ ရီပတ်ဘလီကန်ပါတီအမတ်များထဲက ထွက်ပေါ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘေနာကို ဆန့်ကျင်မဲပေးမယ်လို့ ကြွေးကြော်သူတွေ၊ ဘေနာနဲ့ ယှဉ်ပြိုင်ပြီး စပီကာရာထူးအတွက် အရွေးခံမည့် ရီပတ်ဘလီကန်အမတ်တွေ ပေါ်ပေါက်လာပါတယ်။ ဒါပေမည့် ဇန်နဝါရီလ (၆) ရက်နေ့ မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ဂျွန်ဘေနာပဲ (၂၁၆) မဲနဲ့ အနိုင်ရပြီး စပီကာအဖြစ် ပြန်လည်အရွေးချယ်ခံရပါတယ်။ သူ့ပါတီထဲက အမတ် (၂၅) ဦးနဲ့ ဒီမိုကရက်တစ်ပါတီအမတ် (၁၈၈) ဦးက သူ့ကို ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။ ခေတ်ပေါ်အမေရိကန်သမိုင်းမှာ ဒါဟာဖြင့် ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ စပီကာ ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အမတ်များရဲ့ ဆန့်ကျင်မှုကို ခံစားရတာ အကြီးမားဆုံးဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က စပီကာ ညူဂင်းဂရစ်ခ်ျ (Speaker Newt Gingrich) ကို ရွေးချယ်တင်မြှောက်ရာမှာ သူ့ပါတီက အမတ် (၉) ဦးက ဆန့်ကျင်မဲ ပေးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဒင်းနစ်စ် ဟေ့စထာက် (Speaker Dennis Hastert) ကို စပီကာအဖြစ် ရွေးချယ်တင်မြှောက်ရာမှာ သူ့ပါတီအမတ် (၅) ဦးက ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။ ဂျွန်ဘေနာ ဟာ စပီကာအဖြစ် တတိယအကြိမ်အရွေးခံရတာ ဖြစ်ပါတယ်။

(ဇန်နဝါရီ ၆၊ ၂၀၁၅)

 

0 comments: