BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 22, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၅)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၇၊ ဇန်နဝါရီ ၂၀၊ ၂၀၁၅)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၅)

အောင်ဒင်

#ငွေရေးကြေးရေး ပွင့်လင်းမြင်သာမှု (အဆက်)

ငွေကြေးဆိုတာ အဖွဲ့အစည်းတစ်ခု တည်ရှိဖို့အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သလို အဖွဲ့အစည်းတစ်ခုကို ပြိုကွဲစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအတွက်၊ အများပြည်သူအတွက် လှူဒါန်းငွေတွေကို လက်ထဲကိုင်ထားရသူတစ်ယောက်အဖို့ ငွေထုပ်ကြီးရဲ့ ဆွဲဆောင်မှုအောက်မှာ အမှားတွေ ကျူးလွန်တတ်ပါတယ်။ နည်းနည်းမှားရာကစလို့ တဖြည်းဖြည်းနဲ့ များများမှားတတ်ပါတယ်။ ဒါကြောင့်မို့ ငွေရေးကြေးရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေဟာ အဖွဲ့အစည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဂုဏ်သိက္ခာမြင့်မြင့်မားမားရှင်သန်ရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ 

အခုဆိုရင် ပြည်သူလူထုက အင်မတန်မုန်းတီးတဲ့ ခရိုနီ (ခေါ်) အလိုတော်ရိစီးပွါးရေးသမားကြီးတွေကပါ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ငွေကြေးလှူဒါန်းထောက်ပံ့နေကြပါတယ်။ ဒါပေမဲ့ လှူသူကလည်း သူလှူတာကို တစ်ဘက်က အာဏာရှင်တွေ သိမှာစိုးတော့ လျှို့ဝှက်လှူပြီး လက်ခံရရှိတဲ့ အဖွဲ့အစည်းများကလည်း ပြည်သူလူထုရဲ့ အထင်အမြင်အလွဲခံကြရမှာကိုစိုးလို့ အလှူရတာကို လျှို့ဝှက်ချင်ကြပါတယ်။ အဲဒီလို မရိုးသားတဲ့ အလှူခံမှု၊ လှူဒါန်းမှု အလေ့အကျင့်ဟာ အင်မတန်ဆိုးဝါးလှပါတယ်။ လှူဒါန်းသူရော၊ အလှူငွေလက်ခံရရှိတဲ့ အဖွဲ့အစည်းရော နှစ်ဘက်စလုံး ရိုးရိုးသားသား ပွင့်လင်းမြင်သာကြဖို့ လိုအပ်ပါတယ်။
တကယ်တော့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်း၊ ပြည်ပအလှူရှင်များရဲ့ ထောက်ပံ့လှူဒါန်းငွေများနဲ့ ရပ်တည်လှုပ်ရှားနေကြရတဲ့ လူထုအဖွဲ့အစည်းများအားလုံးဟာ လှူဒါန်းငွေတွေကို ဘယ်လိုရရှိတယ်၊ ဘယ်လိုဘယ်ပုံသုံးစွဲလိုက်တယ်၊ ဘယ်လောက်ကျန်ရှိတယ် ဆိုတာကို ပြည်တွင်း၊ ပြည်ပအလှူရှင်များကိုရော၊ ၎င်းတို့ရဲ့ အဖွဲ့အစည်းဝင်များကိုပါ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ ငွေကြေးသုံးစွဲမှုများနဲ့ ပတ်သက်တဲ့ ငွေပေးပြေစာများ၊ ဘောက်ချာများ၊ တစ်နှစ်တာငွေစာရင်းရှင်းတမ်းများကို အချိန်မရွေး အစစ်ဆေးခံနိုင်ရပါမယ်။ အဲဒီလို ငွေရေးကြေးရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ မပြည့်စုံပဲနဲ့ အင်စတီကျူးရှင်းမဖြစ်နိုင်ပါ။

#ရည်ရွယ်ချက်၊ ရပ်တည်ချက်ခိုင်မာပြတ်သားဖို့လို

လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းဖြစ်လာဖို့ နောက်ထပ်လိုအပ်ချက်တစ်ရပ်ကတော့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်များအပေါ်မှာ အခိုင်အမာရပ်တည်ဖို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပဖိအားပေးမှုများကြောင့်ဖြစ်စေ၊ အစိုးရရဲ့ ဖိအားပေးမှုကြောင့်ဖြစ်စေ တရားဝင်ကြေညာထားတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်များပေါ်က ယိမ်းယိုင်သွေဖည်သွားမယ်ဆိုရင် အင်စတီကျူးရှင်းများ ဖြစ်လာဖို့ အားနည်းပါလိမ့်မယ်။
မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းအတော်များများဟာ နိုင်ငံတကာအဖွဲ့အစည်းများထံက အကူအညီ၊ အထောက်အပံ့တွေ ရနေကြပါပြီ။ အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ဖို့နဲ့ ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကူအညီများကို လက်ခံယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ မူဝါဒရေးရာလွှမ်းမိုးမှု၊ ထိန်းချုပ်မှုကိုတော့ လက်မခံသင့်ပါ။ အချို့နိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်းက အဖွဲ့အစည်းများဆောင်ရွက်ချင်တဲ့၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းများအောင်မြင်ရေးအတွက် ရိုးရိုးသားသား ဘာနှောင်ကြိုးမှ ချည်နှောင်ခြင်းမရှိပဲ ကူညီနေကြပေမည့် အချို့ နိုင်ငံတကာအဖွဲ့အစည်းများကတော့ ၎င်းတို့ ဖြစ်စေချင်တာကို ပြည်တွင်းအဖွဲအစည်းများကို ငွေကြေးထောက်ပံ့ပြီး ဆောင်ရွက်ခိုင်းနေတာမျိုးလည်း တွေ့နေရပါတယ်။ နိုင်ငံတကာအကူအညီများကို ပြည်တွင်းက အဖွဲ့အစည်းများ ပြည်တွင်းလိုအပ်ချက်နဲ့အညီ လက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်းများအတွက်သာ လက်ခံသင့်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်နဲ့ မကိုက်ညီပဲ နိုင်ငံတကာအဖွဲ့အစည်းက ငွေကြေးထောက်ပံ့လို့ ဆောင်ရွက်ရတာမျိုး မဖြစ်သင့်ပါ။

၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေရဲ့ ရလဒ်တစ်ခုဖြစ်တဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်လာပါတယ်။ နိုင်ငံတဝှမ်းက ပြည်သူများကလည်း ဒုက္ခသည်များအတွက် တတ်နိုင်သလောက် ရက်ရက်ရောရောကူညီလှူဒါန်းကြပြီး အဲဒီ အများပြည်သူ လှူဒါန်းမှုတွေကို လူထုအဖွဲ့အစည်းအချို့က စုပေါင်းလက်ခံပြီး ဒုက္ခသည်များရှိရာကို ပင်ပင်ပမ်းပမ်း၊ ခက်ခက်ခဲခဲသွားရောက်လှူဒါန်းပေးကြပါတယ်။ အဲဒီလို အင်မတန်မွန်မြတ်တဲ့ လှူဒါန်းမှုမျိုးမှာ မလိုလားအပ်တဲ့ ဖိအားပေးမှုတွေကြောင့် ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာတွေရှိပါတယ်။ ပြည်သူလူထုရဲ့ အလှူပစ္စည်းများကို လက်ခံတဲ့ အဖွဲ့အစည်းအချို့ဟာ လှူဒါန်းသူအချို့ရဲ့ "ဒီအလှူများကို ဗုဒ္ဓဘာသာ၊ ရခိုင်လူမျိုးများကိုသာ လှူဒါန်းရမယ်" ဆိုတဲ့ ကန့်သတ်ချက်ကို လိုက်နာခဲ့ကြပြီး ဘာသာ၊ လူမျိုး မခွဲမခြားအကူအညီပေးရမယ်ဆိုတဲ့ လူထုအဖွဲ့အစည်းများရဲ့ အခြေခံမူဝါဒကနေ သွေဖည်ခဲ့ကြပါတယ်။ 

"ဘယ်သူ့အတွက်လို့ ခေါင်းစဉ်တပ်ပြီး မလှူပါနဲ့။ အများအတွက် လှူဒါန်းချင်တယ်ဆိုရင် လာပါ။ ခင်ဗျားတို့အကူအညီတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေဆီ ဘာသာ၊ လူမျိုးမခွဲခြားပဲ အပြည့်အဝ ရောက်ရှိစေရမယ်" လို့ ခိုင်ခိုင်မာမာရပ်တည်ပြီး အမျိုးသားရေးခေါင်းစဉ်အောက်က ဖိအားပေးမှုတွေကို တင်းခံရဲတဲ့ အဖွဲ့အစည်းအချို့ရှိပေမည့် နည်းလှပါတယ်။ ဒီလိုနဲ့ ပြည်တွင်းအလှူရှင်များရဲ့ အလှူဒါနအများစုဟာ ရခိုင်၊ ဗုဒ္ဓဘာသာများဆီသာ ရောက်ရှိပြီး မွတ်စလင်ဒုက္ခသည်အများစုထံ မရောက်ရှိခဲ့ပါ။

#လူထုနှင့် တစ်သားတည်းရှိဖို့လို

လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းဖြစ်ဖို့ နောက်ထပ်လိုအပ်ချက်တစ်ခုကတော့ လူထုအခြေပြုအဖွဲ့အစည်းများပီသစွာ ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာ အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုများကို အများဆုံးတွေ့မြင်နေရတာက ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးများမှာသာဖြစ်ပြီး လှုပ်ရှားမှုအများစုကလည်း ဟိုတယ်အခြေစိုက် စွမ်းရည်မြှင့်သင်တန်းပေးတာတွေ၊ ဟိုတယ်အခြေစိုက် ဆွေးနွေးပွဲတွေ၊ ဟိုတယ်အခြေစိုက် အထိမ်းအမှတ်နေ့အခမ်းအနားကျင်းပတာတွေ၊ ဟိုတယ်အခြေစိုက်ဆုပေးပွဲတွေနဲ့ နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ဟိုတယ်ခန်းမ (သို့မဟုတ်) သံရုံးအဆောက်အအုံမှာ တွေ့ဆုံတာတွေပဲဖြစ်ပါတယ်။ နေပြည်တော်က ဟိုတယ်ကြီးထဲမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ခန်းခန်းနားနားဆွေးနွေးနေတာလည်း တွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံကို အခုလို ပွင့်လင်းမှပဲ ရောက်ရှိလာနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံ အနှံ့အပြားလှည့်ပတ်သွားလာလို့ အခြေခံပြည်သူလူထုရဲ့ ဘဝကို လေ့လာနေကြချိန်မှာ ရန်ကုန်မြို့၊ ရုံးခန်းနဲ့ အစည်းအဝေးများကျင်းပရာ ဟိုတယ်ခန်းမကလွဲလို့ ဘယ်ကိုမှ မရောက်တဲ့ လူထုအဖွဲ့အစည်းခေါင်းဆောင်များလည်း အများအပြားရှိနေပါတယ်။

ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်စည်းရုံးသူများဟာ စစ်ဖြစ်ပွါးရာဒေသက ပြည်သူတွေနဲ့ ထိစပ်နေဖို့လိုပါတယ်။ အမျိုးသမီးဘဝမြှင့်တင်ရေးကြိုးပမ်းသူများဟာ ရပ်ကွက်၊ ကျေးရွာများထဲက အမျိုးသမီးများရဲ့ လက်တွေ့ဒုက္ခတွေကို သွားရောက်နားထောင်ဖို့လိုပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းနေကြသူတွေဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးများရဲ့ ဘဝအတွေ့အကြုံကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွါးဆောင်ရွက်သူတွေဟာ လယ်သမားများရဲ့ လယ်ကွင်းထဲကဒုက္ခ၊ လယ်မရှိတဲ့ ဒုက္ခတွေကို မှန်မှန်ကန်ကန်သိနားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်သော အခွင့်အရေးများအတွက် လှုံ့ဆော်စည်းရုံးသူတွေဟာ တိုင်းရင်းသားများရဲ့ ခေတ်အဆက်ဆက် အခွင့်အရေးဆုံးရှုံးမှုများ၊ အဖိနှိပ်ခံရမှုများနဲ့ နာကျင်ခံစားရမှုများကို နက်နက်ရှိုင်းရှိုင်းနားလည်ဖို့ လိုပါတယ်။ ပြည်သူနဲ့ တစ်သားတည်းရှိမှ ပြည်သူ့ဘဝကို မှန်မှန်ကန်ကန်နားလည်ပြီး ပြည်သူ့အကျိုးစီးပွါးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်မှာပါ။ အဲဒီ ပြည်သူများကတော့ ရန်ကုန်မြို့က ဟိုတယ်ကြီးထဲကို လာရောက်နိုင်ကြမှာ မဟုတ်ပါ။

#ဒီမိုကရေစီကို ချဲ့ထွင်ခြင်း

အရပ်ဘက်လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းများဖြစ်လာစေဖို့ လိုအပ်တာတွေကို အကြံပြုပြီးတဲ့နောက် ဆက်လက်ဆောင်ရွက်သင့်တဲ့ အရေးကိစ္စတွေကိုလည်း အကြံပြုချင်ပါတယ်။ ပထမအကြံပြုချက်က "ဒီမိုကရေစီကို ချဲ့ထွင်ခြင်း" ဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ မကိုက်ညီပဲ တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုသာ ကြီးကြီးမားမား ထည့်သွင်းရေးဆွဲထားတာပါ။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးငြင်းခုန်နေကြတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ တင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများကလည်း "ပြည်သူများ၏ ဆန္ဒနှင့် အတည်ပြုထားခြင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအား ၂၀၁၅ မတိုင်မီ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ပြည်သူ့ဆန္ဒခံယူပြီး ပြင်ဆင်ရန်" ဆိုပြီး အကြံပြုထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းကျကျ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နေချိန်မှာ အရပ်ဘက်လူထုအဖွဲ့အစည်းများကလည်း လွှတ်တော်ပြင်ပလှုပ်ရှားမှုများ ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ ဘောင်ထဲက ဒီမိုကရေစီအခွင့်အလမ်းတွေကို တိုးချဲ့ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းများ စုပေါင်းမူဝါဒချမှတ်ပြီး ကြိုးစားကြစေချင်ပါတယ်။ အထူးသဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၊ စည်ပင်သာယာကော်မတီရွေးကောက်ပွဲများမှာပါ။

0 comments: