BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 1, 2015

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၅)



[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၃)၊ ဒီဇင်ဘာလ (၃၁)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၅)

အောင်ဒင်

(၆) နိုင်ငံတကာဆက်ဆံရေးရှူထောင့်က ကြည့်မယ်ဆိုရင် ရခိုင်ပြည်မှာရှိတဲ့ ဒုက္ခသည်များအတွက် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများကို လက်ခံရမှာဖြစ်သလို အဲဒီအကူအညီတွေကို ဒုက္ခသည်များထံ တိုက်ရိုက်ပို့ဆောင်ပေးချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းများရဲ့ လုံခြုံမှုကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒုက္ခသည် တစ်သန်းကျော်ရဲ့ လိုအပ်ချက်များအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူလူထုရဲ့ လှူဒါန်းကူညီမှုများက သမုဒ္ဒရာထဲကျတဲ့ ရေတစ်စက်မျှသာရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအကူအညီများကို ငြင်းပယ်ဖို့ မဖြစ်နိုင်ပါ။ အဲဒီလို နိုင်ငံတကာ အကူအညီများကို လက်ခံတဲ့ အခါမှာလည်း ရခိုင်အတွက် တစ်ဝက်၊ အစ္စလမ်ဘာသာဝင်များအတွက် တစ်ဝက်ဆိုပြီး သဘာဝမကျ သတ်မှတ်တောင်းဆိုတာမျိုး မဖြစ်သင့်ပါ။ ဒုက္ခသည်အရေအတွက်ကိုကြည့်ရင် ရခိုင်ဒုက္ခသည်က ၁၀ ရာခိုင်နှုန်းလောက်သာရှိပြီး အစ္စလမ်ဘာသာဝင်ဒုက္ခသည်က ၉၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ ပျက်ဆီးဆုံးရှုံးမှုအတိုင်းအတာကို ကြည့်ရင်လည်း ရခိုင်များရဲ့ ဆုံးရှုံးမှုက အစ္စလမ်ဘာသာဝင်များရဲ့ ဆုံးရှုံးမှုထက် အများကြီးပိုနည်းပါတယ်။

နိုင်ငံတကာအကူအညီများကို လက်ခံဖို့ လိုအပ်သလို နိုင်ငံတကာရဲ့ စိတ်ပူပန်မှုများကိုလည်း နားလည်လက်ခံရမှာဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်ပျက်နေတာကို ဖုံးကွယ်လို့လည်း မရနိုင်ပါ။ ဒါကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာရဲ့ စေတနာနဲ့ လှူဒါန်းကူညီမှုများကို ကျေးဇူးတင်ရမှာဖြစ်ပေမည့် မရိုးသားတဲ့၊ ဘက်လိုက်တဲ့ ထောက်ပံ့မှုများကို ငြင်းပယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ သဘာဝကျတဲ့ တောင်းဆိုမှုများကို သဘောတူရမှာဖြစ်ပေမည့် သဘာဝမကျတဲ့၊ တစ်ဘက်သတ်ဆန်တဲ့ တောင်းဆိုမှုများကို ပြတ်ပြတ်သားသားငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွါးရာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးနဲ့ အရင်လို ပြန်လည်ပူးပေါင်းနေထိုင်ရေးဆိုတာ နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် အချိန်ယူကြိုးပမ်းစည်းရုံးရမည့်လုပ်ငန်းဖြစ်ကြောင်း နိုင်ငံတကာက ဖိအားပေးသူတွေကို ရဲရဲရင့်ရင့် တုံ့ပြန်သင့်ပါတယ်။

ဒါ့အပြင် ပြည်တွင်းက ဘာသာရေးအစွန်းရောက်များရဲ့ လှုံ့ဆော်မှုကြောင့်တင်မကပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရအချို့ရဲ့ တစ်ဘက်သတ်တောင်းဆိုဖိအားပေးမှုတွေကလည်း ပဋိပက္ခများ ထပ်မံဖြစ်ပွါးအောင် လှုံ့ဆော်နေသလို ဖြစ်နေပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာတင်မကတော့ပဲ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးစတဲ့ မြို့ကြီးများမှာ နေထိုင်တဲ့ မွတ်စလင်အချို့ကပါ သူတို့သည်လည်း ရိုဟင်ဂျာဖြစ်ပါတယ်လို့ ကြွေးကြော်နေကြပါပြီ။ နိုင်ငံတကာအသိအမှတ်ပြုမှုများက ရိုဟင်ဂျာအဖြစ် တောင်းဆိုမှုများကို အားပေးအားမြှောက်ပြုရာရောက်သလို မြန်မာနိုင်ငံသားများကိုလည်း မတရားဖိနှိပ်သလိုဖြစ်နေပါတယ်။ ဒါကို အစိုးရက နိုင်ငံတကာက သိရှိနားလည်အောင် ဆောင်ရွက်သင့်ပါတယ်။

#အစိုးရ၏ အားနည်းသော ဖြေရှင်းမှုများ

အခုအချိန်အထိတော့ အစိုးရရဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းမှုများဟာ ထိရောက်မှုသိပ်မရှိဘူးလို့ မြင်ရပါတယ်။ လူ့အခွင့်အရေးအခြေအနေမှာလည်း ဒုက္ခသည်စခန်းများရဲ့ အခြေအနေဟာ နိုင်ငံတကာလေ့လာသူများ ဝမ်းနည်းပက်လက်ညည်းတွားရလောက်အောင် ဆုတ်ယုတ်ကျဆင်းနေဆဲပါ။ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံခြင်းမရှိသလို လူမှုရေး၊ ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များလည်း အားနည်းနေဆဲဖြစ်ပါတယ်။ ဒုက္ခသည်စခန်းထဲမှာကိုပဲ ကြီးနိုင်ငယ်ညှဉ်းဆက်ဆံမှုတွေရှိနေသလို ဒုက္ခသည်စခန်းရဲ့ ပြင်ပကိုလည်း အကြမ်းဖက်မှုတွေ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ လူမျိုးစုအရေးဘက်က ကြည့်ရင်လည်း အစိုးရရဲ့ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ ထပ်ခါထပ်ခါ ငြင်းဆန်ချက်ကို ကျော်လွန်ပြီး ရိုဟင်ဂျာလူမျိုးစုများလို့ နိုင်ငံတကာအသိအမှတ်ပြုမှုတွေ များလာတာ၊ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ပြင်ပက မွတ်စလင်အချို့ကတောင် သူတို့လည်း ရိုဟင်ဂျာပါလို့ ကြွေးကြော်လာတာက အစိုးရရဲ့ ဖြေရှင်းချက်များ မအောင်မြင်ကြောင်း သက်သေပြနေပါတယ်။ နိုင်ငံသားဖြစ်ရေးနဲ့ ပတ်သက်ရင်လည်း အစိုးရလက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို ခေတ်နဲ့အညီ ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့အပြင် လက်ရှိဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းဟာ နှေးကွေးကြန့်ကြာနေတုန်းပါ။ နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေးဘက်မှာလည်း နယ်စပ်ကို လုံခြုံအောင် မကာကွယ်နိုင်သေးတဲ့အပြင် ဒုက္ခသည်များ လှေနဲ့ ထွက်ပြေးအောင် လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်က ဖိအားပေးမောင်းထုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ မြန်မာနိုင်ငံပြည်မမြို့ကြီးများဆီကို တရားမဝင်နေထိုင်သူများကို အခကြေးငွေယူပြီး လျှို့ဝှက်သယ်ယူပို့ဆောင်ပေးနေတာတွေလည်း ကြားနေရပါတယ်။ အင်အားကြီးမားလှတဲ့ ဘာသာရေးအစွန်းရောက်များရဲ့ အမုန်းတရားဟောပြောလှုံ့ဆော်မှုတွေကိုလည်း တားမြစ်နိုင်စွမ်းမရှိသေးပါ။

နိုင်ငံမဲ့လူသားများအရေးမှာလည်း ဒီကနေ့အထိ သန်းနဲ့ချီတဲ့ နိုင်ငံမဲ့လူသားတွေ မြန်မာနိုင်ငံအတွင်း ရှိနေဆဲပါ။ နိုင်ငံမဲ့လူသားများထဲက ဘာသာရေးအစွန်းရောက်များရဲ့ အကြမ်းဖက်ဝါဒလှုံ့ဆော်မှုများနဲ့ ရခိုင်၊ မြန်မာမုန်းတီးရေးလှုံ့ဆော်မှုများ၊ နိုင်ငံပြင်ပကနေ စိမ့်ဝင်လာတဲ့ အကြမ်းဖက်သမားများကိုလည်း မတားဆီးနိုင်ပါ။ နိုင်ငံတကာဆက်ဆံရေးရှူထောင့်ကကြည့်ရင်တော့ အဆိုးဆုံးလို့ ပြောရမှာပါ။ ရှေ့က အရေး (၅) ခုမှာ မအောင်မြင်တဲ့အခါကျတော့ နိုင်ငံတကာဆက်ဆံရေးမှာလည်း နိမ့်ကျအားနည်းရပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရိုဟင်ဂျာလို့ သုံးတာကို ပြည်ထောင်စုလွှတ်တော်ကနေ ကန့်ကွက်ကြောင်းကြေညာပေမည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်၊ ဥရောပသမဂ္ဂတို့က ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာလို့ ထပ်ခါထပ်ခါသုံးစွဲတာနဲ့ ရိုဟင်ဂျာကို လူမျိုးစုအဖြစ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးဆုံးဖြတ်ချက်ကို ထိထိရောက်ရောက် မကန့်ကွက်နိုင်ပါ။ 

ရခိုင်ပြည်နယ်ဒေသခံများရဲ့ နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ရန်လိုမှုကလည်း အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးကို အားနည်းစေပြန်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါသုံးစွဲပြီး ရိုဟင်ဂျာများအတွက် အရေးဆိုသွားခဲ့ပါတယ်။ ဘယ်သူကမှ မကန့်ကွက်ကြပါ။ အစိုးရက မကြာခင်အကောင်အထည်ဖော်မယ်လို့ ပြင်ဆင်နေတဲ့ ရခိုင်လှုပ်ရှားမှုစီမံကိန်း (Rakhine Action Plan) ဟာလည်း မစရသေးခင်မှာတင် အမေရိကန်အစိုးရက ဖိအားပေးလို့ ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားနေရပါပြီ။

#မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများကို ပြည်သူ့အားနှင့် တုံ့ပြန်နိုင်ဖို့

အရင်တုန်းက မြန်မာအစိုးရအပေါ် နိုင်ငံတကာအစိုးရများရဲ့ ဖိအားပေးမှုတွေဟာ မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးအတွက်ဖြစ်လို့ မြန်မာပြည်သူများက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ အခုအချိန်အထိလည်း မြန်မာအစိုးရအပေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံရေး၊ ပြုပြင်ပြောင်းလဲရေးများကို ရှေ့တိုးဆောင်ရွက်ရေး နိုင်ငံတကာဖိအားပေးမှုများကို ကျနော်တို့ လိုအပ်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရရဲ့ ဖိအားပေးမှုတွေဟာ မြန်မာအစိုးရကိုတင် သက်ရောက်မှုရှိတာမဟုတ်ပဲ မြန်မာပြည်သူများအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ အဲဒီဖိအားပေးမှုတွေက မြန်မာအစိုးရကို အကြပ်အတည်းတွေ့စေသလို မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကိုလည်း ထိခိုက်စေပါတယ်။ မြန်မာပြည်သူများရဲ့ နှလုံးသားကိုလည်း နာကျင်စေပါတယ်။ ဒီဖိအားပေးမှုဟာ မြန်မာနိုင်ငံအတွက် မလိုလားအပ်သောနိုင်ငံတကာ ဖိအားပေးမှု ဖြစ်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ ဖိအားပေးမှုကို အစိုးရနဲ့ ပြည်သူ အတူတကွ ညီညီညွတ်ညွတ်တုံ့ပြန်နိုင်မှ နိုင်ငံတကာရဲ့ ဘက်လိုက်မှုကို ပြန်လည်တည့်မတ်နိုင်မှာဖြစ်ပြီး မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်မှာ၊ တစ်နိုင်ငံလုံးအတွက် အင်မတန်အရေးကြီးတဲ့ ပြဿနာကြီးကို မှန်မှန်ကန်ကန်၊ မျှမျှတတ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း  အစိုးရက ပြည်သူလူထုအပေါ် စိတ်ရှည်သည်းခံခြင်းမရှိသ၍၊ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို မျှမျှတတ ဖြေရှင်းပေးခြင်းမရှိသ၍၊ ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို အပြည့်အဝဆောင်ကျဉ်းပေးနိုင်စွမ်း မရှိသ၍၊ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာ ကိုယ်ကျိုးစီးပွါးနဲ့ ခရိုနီအကျိုးစီးပွါးဦးစားပေးသူတွေ နေရာရနေသ၍၊ လက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံတော်အာဏာကို စိုးမိုးချုပ်ကိုင်ပြီး လူ့အသက်တွေကို အလိုရှိသလို သတ်ဖြတ်နိုင်နေသ၍၊ အစိုးရကိုယ်တိုင်က သတင်းမီဒီယာနဲ့ ကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရန်လိုနေသ၍၊ တိုင်းရင်းသားများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အာမခံချက်ပေးနိုင်ခြင်း မရှိသ၍ အစိုးရနဲ့ ပြည်သူ ကြည်ဖြူညီညွတ်ဖို့ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါ။

ကျန်နေသေးတဲ့ ၁၅ လကြာသက်တမ်းအတွင်းမှာ သမ္မတဦးသိန်းစိန်အနေနဲ့ ပြည်သူလူထုရဲ့ ကြည်ဖြူမှုကို ရရှိအောင်ကြိုးစားနိုင်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို အပြည့်အဝမဖြေရှင်းနိုင်ရင်တောင်မှ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားနိုင်ပြီး အတိုင်းအတာတစ်ခုအထိ  အောင်မြင်မှုရရှိနိုင်မှာ၊ နောက်တက်လာမည့်အစိုးရသစ်အတွက် ကောင်းမွန်သောအစဉ်အလာများကို ချန်ထားရစ်ခဲ့နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုလက်ခံကြည်ဖြူတဲ့ အစိုးရဖြစ်လာမယ်ဆိုရင် နိုင်ငံတကာအစိုးရများရဲ့ မလိုလားအပ်သော ဖိအားပေးမှုများကို ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ပြဿနာများအားလုံးကို ပြည်တွင်းမှာပဲ အစိုးရနဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူ ညီညီညွတ်ညွတ် ဖြေရှင်းနိုင်မယ်ဆိုရင် ပြည်ပဖိအားပေးမှုများအားလုံးကို စိုးရိမ်စရာရှိတော့မှာ မဟုတ်ပါ။ အစိုးရနဲ့ ပြည်သူ အပြန်အလှန်ကြည်ဖြူလို့ တိုင်းပြည်အကျိုးစီးပွါး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားပေးမှုတွေကို "ကျနော်တို့ကို နားလည်ပါဗျာ၊ ကျနော်တို့ကို အချိန်ပေးပါဗျာ" လို့ တောင်းပန်တိုးရှိုးနေရမှာ မဟုတ်ပါ။

လေးစားစွာ

အောင်ဒင်
နိုဝင်ဘာလ ၂၂၊ ၂၀၁၄


0 comments: