(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၊ ဇန်နဝါရီ ၂၂၊ ၂၀၁၅)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၈၁) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊
(ခ)
#အငြင်းပွါးဖွယ်
ဥပဒေများ
၂၀၁၄ ခုနှစ်အတွင်းအတည်ပြုခဲ့တဲ့ ဥပဒေများထဲမှာ လွှတ်တော်တွင်း
အချိန်အတော်ယူဆွေးနွေးရရုံတင်မကပဲ အများပြည်သူကပါ ဝေဘန်ကန့်ကွက်ခဲ့၊ ကန့်ကွက်နေကြတဲ့
ဥပဒေများရှိတာ တွေ့ရပါတယ်။ အဲဒီဥပဒေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
#ပြည်ထောင်စုလွှတ်တော်ဥပဒေ
(၆/၂၀၁၄)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
မူရင်းဥပဒေကို နအဖစစ်အစိုးရက ၂၀၀၄ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ
ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ်နဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ပြဋ္ဌန်းခဲ့ပါတယ်။
ဒီဥပဒေရဲ့ သက်ရောက်မှုကို အဓိကခံစားခဲ့ရသူများက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါ၊
ကိုသူရ (ခေါ်) ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချို၊ နေဖုန်းလတ်
စတဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားသူတွေကို စစ်အစိုးရက ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးပြီး
ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုပြီး ကြီးမားတဲ့ ထောင်ဒဏ်တွေချမှတ်ရာမှာ ဒီဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မ ၃၃ (က) နဲ့ ပုဒ်မ (၃၈)
တွေကိုလည်းအသုံးချခဲ့ပါတယ်၊ ဒီဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် (၁၅) နှစ်ဖြစ်ပြီး
မင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် (၆၅) နှစ် နဲ့
(၆) လအပြစ်ပေးရာမှာ အနှစ် (၆၀) က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့
စွပ်စွဲချက် (၄) ခုအတွက်ပါ။
အဲဒီဥပဒေကို ပြင်ဆင်တာက ပြစ်ဒဏ်များကို လျှော့ချပေးတာလောက်ပဲ
ဖြစ်လို့ ကျေနပ်စရာသိပ်မရှိပါ။
မူလဥပဒေ ပုဒ်မ (၃၃) မှာ “မည်သူမဆို (က) နိုင်ငံတော်လုံခြုံရေးနဲ့
တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ အပြုအမူတစ်ခုခုကို
လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့ ဆောင်ရွက်တယ်ဆိုရင်၊ (ခ) နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့
အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ သတင်းအချက်အလက်တွေကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့လက်ခံရရှိရင်၊
ပေးပို့ရင်၊ တဆင့်ထပ်မံဖြန့်ချိတယ်ဆိုရင်၊ ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ အများဆုံး
(၁၅) နှစ်အထိကျခံစေရမည်၊ ဒဏ်ငွေလည်းပေးဆောင်ရနိုင်သည်” လို့ ပြဋ္ဌာန်းထားတာကို ပြင်ဆင်ချက်ဥပဒေမှာ
"ထောင်ဒဏ် အနည်းဆုံး (၅) နှစ်မှ အများဆုံး (၇) နှစ်အထိ" လို့ ပြင်ဆင်ပါတယ်။
မူလဥပဒေပုဒ်မ (၃၄) မှာ "လျှပ်စစ်ဆက်သွယ်ရေးတွေကို
ဝင်ရောက်ဖျက်ဆီးရင်၊ သတင်းအချက်အလက်တွေကို ခိုးယူရင်၊ စသဖြင့် ကွန်ပြူတာကွန်ယက်ဆိုင်ရာပြစ်မှုတွေကို
ကျူးလွန်ရင် ထောင်ဒဏ် (၅) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်နိုင်သည်"
လို့ ပြဋ္ဌာန်းထားတာကို "ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်နိုင်ပါက
ထောင်ဒဏ်အနည်းဆုံး (၆) လမှ အများဆုံး (၁) နှစ်အထိ ချမှတ်ရမည်" လို့ ပြင်ဆင်ပါတယ်။
မူလဥပဒေပါ ကြီးကြပ်ရေးဘုတ်အဖွဲ့က ထုတ်ပေးတဲ့ ခွင့်ပြုချက်လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို
ချိုးဖောက်ရင် "ပုဒ်မ (၃၅)။ ထောင်ဒဏ် (၃) နှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး
ကျခံစေရမည်" ဆိုတာကို "ငွေဒဏ် ကျပ်တစ်ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ချမှတ်ရမည်"
လို့ ပြင်ဆင်ပါတယ်။ ပုဒ်မ (၃၆) နဲ့ (၃၇) အတွက် " ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ်
သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်ရမည်" ဆိုတာကို "ငွေဒဏ် ကျပ်တစ်သိန်းမှ
ကျပ် သုံးသိန်းအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်နိုင်ပါက ထောင်ဒဏ် (၃) လအထိချမှတ်ရမည်"
လို့ ပြင်ဆင်ပါတယ်။
မူလဥပဒေအရ ဖွဲ့စည်းတဲ့ ဗဟိုအဖွဲ့နဲ့ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့တွေဟာ
နိုင်ငံသားများရဲ့ ကွန်ပြူတာပိုင်ဆိုင်မှု၊ အသုံးချမှု၊ အင်တာနက်သုံးစွဲမှု၊ ကွန်ပြူတာကွန်ယက်များကို
သုံးစွဲမှုတွေကို ခွင့်ပြုနိုင်၊ ငြင်းပယ်နိုင်၊ တားဆီးနိုင်၊ ကန့်သတ်နိုင်၊ အရေးယူနိုင်တဲ့
အာဏာပိုင်အဖွဲ့အစည်းများဖြစ်လာပါတယ်။ တစ်နည်းပြောရရင်တော့ နိုင်ငံသားများရဲ့ နေ့တဓူဝ
သွားလာလှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်သောဥပဒေများနဲ့တင် မလုံလောက်တော့လို့
နိုင်ငံသားများရဲ့ ကွန်ပြူတာများ၊ အီးမေးများ၊ အီလက်ထရောနစ်ဆက်သွယ်မှုများကို ဒီဥပဒေနဲ့
ကန့်သတ်ချုပ်ချယ်တာပါ။ ဒါကြောင့်မို့ ဒီဥပဒေကို အသုံးချပြီး အစိုးရက နိုင်ငံသားများရဲ့
လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်အရေးယူနိုင်တာမို့ ဒီ
"အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ" ဟာ လုံးဝဖျက်သိမ်းသင့်တဲ့ ဥပဒေဖြစ်ပါတယ်။
အခုလို ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို မဖျက်သိမ်းပဲ ပြစ်ဒဏ်များကို အနည်းငယ်လျှော့ချပြီး
ပြင်ဆင်လိုက်တာမို့ အစိုးရအာဏာပိုင်တွေ အလိုမတွေ့တဲ့
အီးမေးတစ်စောင်ကို ပေးပို့ရုံ၊ လက်ခံရရှိရုံ၊ တဆင့်ဖြန့်ဝေရုံ၊ မိမိရဲ့ ကွန်ပြူတာထဲမှာ
ရှိနေရုံနဲ့ ထောင်ဒဏ် အနည်းဆုံး (၅) နှစ်ကျခံရမည့် ဥပဒေဆိုးကြီးတစ်ခုကဖြင့် လွတ်မြောက်နေဆဲ၊
ရှင်သန်နေဆဲ၊ ဒီမိုကရေစီလှုပ်ရှားသူများကို အန္တရာယ်ပြုဖို့ အသင့်ရှိနေဆဲဖြစ်ပါတယ်။
#ပြည်ထောင်စုလွှတ်တော်ဥပဒေ
(၉/၂၀၁၄)။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ
ဒီဥပဒေက သမ္မတနဲ့ လွှတ်တော်ကြား အငြင်းပွါးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
လွှတ်တော်မဲဆန္ဒနယ် တစ်ခုစီအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် မြို့နယ်အာဏာပိုင်များကို
ဦးဆောင်ပြီး စီမံခန့်ခွဲသုံးစွဲရမည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ တစ်နှစ်ကို ကျပ် သိန်း
(၁,၀၀၀) စီ ခွဲဝေသတ်မှတ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ မြို့နယ်ပေါင်း (၃၃၀) ရှိလို့ တစ်နှစ်ကို
နိုင်ငံတော် ဘဏ္ဍာငွေထဲကနေ ကျပ် သိန်းပေါင်း (၃၃၀,၀၀၀) ခွဲဝေသုံးစွဲရမည့် ဥပဒေပါ။ ၂၀၁၃
ခုနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်အတည်ပြုပြီး သမ္မတထံ လက်မှတ်ရေးထိုးထုတ်ပြန်ဖို့
ပေးပို့ခဲ့ပေမည့် သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပြီး ပြင်ဆင်ရန် မှတ်ချက်များနဲ့
ပြန်ပို့ပေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီလို ဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်များအတွက်
ဖွံ့ဖြိုးရေးရန်ပုံငွေ ခွဲဝေပေးမှုဟာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်များကို
နိုင်ငံတော်ဘဏ္ဍာငွေတွေ သုံးစွဲပြီး မဲဆွယ်ခွင့်ပေးသလို ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးပါတီငယ်များက
ကန့်ကွက်ကြပါတယ်။ ဒါပေမည့် သမ္မတရဲ့မှတ်ချက်များနဲ့ နိုင်ငံရေးပါတီငယ်များရဲ့ ကန့်ကွက်ချက်များကို
မျက်ကွယ်ပြုပြီး ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို မူလအတိုင်း မတ်လ (၄) ရက်နေ့မှာ ထပ်မံအတည်ပြုပြီး
သမ္မတထံ ပြန်ပို့လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သမ္မတက ထပ်မံမှတ်ချက်တွေ မပေးတော့ပဲ မတ်လ
(၁၂) ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ရပါတယ်။
#ပြည်ထောင်စုလွှတ်တော်ဥပဒေ
(၁၃/၂၀၁၄)။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ
ဒီဥပဒေကို သတင်းမီဒီယာများက အတော်ဝေဘန်ကြပါတယ်။ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများနဲ့
ပါတ်သက်ပြီး ခွင့်ပြုခွင့်၊ ရုပ်သိမ်းခွင့်တွေကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနကို အာဏာပေးထားတဲ့
ဥပဒေမို့ပါ။ ပြည်ထောင်စုလွှတ်တော်အတွင်းမှာလည်း အချိန်ကာလ တစ်နှစ်ကျော် အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်။
ဒီဥပဒေအရ မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်ခွင့်
မရှိပါ။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ခွင့်ရှိပြီး ပြန်ကြားရေးဝန်ကြီးဋ္ဌာနက
ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့်လည်း ရှိပါတယ်။ အရင်ရှိခဲ့တဲ့ ပုံနှိပ်ဥပဒေနဲ့ နှိုင်းယှဉ်ရင်
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနအစား ပြန်ကြားရေးဝန်ကြီးဋ္ဌာနက
ကိုင်တွယ်တာနဲ့ စည်းကမ်းချိုးဖောက်ခြင်းများအတွက် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခြင်းမရှိပဲ
ပုံနှိပ်ခွင့်၊ ထုတ်ဝေခွင့်ကို ရုပ်သိမ်းတာပဲ ကွာခြားပါတယ်။
#အခွန်အကောက်ဥပဒေများ။
ပြည်ထောင်စုလွှတ်တော်ဥပဒေ (၁၅/၂၀၁၄) ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ နှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေ (၁၆/၂၀၁၄) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေ
ထူးခြားချက်ကတော့ ၂၀၁၄ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
ဒီအခွန်အကောက်ဥပဒေကြမ်းများကို အတည်ပြုနိုင်ရေး ဆွေးနွေးရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများဖြစ်နေကြတဲ့
စီးပွါးရေးလုပ်ငန်းရှင်ကြီးများက လုပ်ငန်းရှင်များအပေါ် ကောက်ခံနေတဲ့ အခွန်အကောက်များကို
လျှော့ချပေးဖို့ ရုတ်တရက်ထပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပါ။ "ရုတ်တရက်" လို့ အထူးပြုရတာက အဲဒီ လွှတ်တော်ကိုယ်စားလှယ်များက
လွှတ်တော်လုပ်ထုံးလုပ်နည်းများအတိုင်း ဆွေးနွေးဖို့ ကြိုတင်စာရင်းပေးထားခြင်းမရှိလို့ပါ။
မတ်လ (၁၀) ရက်နေ့အစည်းအဝေးမှာ ကြိုတင်စာရင်းပေးထားခြင်းမရှိပဲ ရုတ်တရက်ထပြီး ဆွေးနွေးတဲ့
လွှတ်တော်ကိုယ်စားလှယ်များက ဇေကမ္ဘာကုမ္ပဏီများရဲ့ ပိုင်ရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးခင်ရွှေ (ရန်ကုန်တိုင်းဒေသကြီး)၊ ပတ္တမြားနဂါးကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်)၊ ဆီလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဝင်းမြင့် (လှိုင်မြို့နယ်) တို့ဖြစ်ကြပါတယ်။ သုံးဦးစလုံးဟာ ကြံ့ခိုင်ရေးပါတီက
ကိုယ်စားလှယ်များဖြစ်ကြပါတယ်။ ဇေကမ္ဘာဦးခင်ရွှေက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အခွန်လျှော့ဖို့
တောင်းဆိုပါတယ်။ ဦးနေဝင်းထွန်းက ကျောက်မျက်အချောကိုင်လုပ်ငန်းများအပေါ် အခွန်လျှော့ဖို့
ဆွေးနွေးပါတယ်။ ဒေါက်တာဦးဝင်းမြင့်က နိုင်ငံခြားက တင်သွင်းတဲ့ ဆီများကို အခွန်ပိုကောက်ဖို့
တောင်းဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ဆွေးနွေးမှုတွေကြောင့် အဲဒီနေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဟာ
စံချိန်တင်ပြီး ည (၈) နာရီအထိ ကြာမြင့်ခဲ့တယ်လို့ ဧရာဝတီသတင်းဋ္ဌာနက သတင်းပေးပို့ပါတယ်။
ဒီဖြစ်ရပ်က ပြည်ထောင်စုလွှတ်တော်ကြီးအတွင်းက အကျိုးစီးပွါးပဋိပက္ခတွေကို
သက်သေပြနေပါတယ်။ အကျိုးစီးပွါးပဋ္ဋိပက္ခဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်တော့ တစ်ချိန်တည်းမှာ
အလုပ်နှစ်ခု တစ်ပြိုင်တည်းရှိနေတာလို့ ပြောရမှာပါ။ သာမန်ပြည်သူတစ်ယောက်အဖို့တော့ အလုပ်နှစ်ခု
သို့မဟုတ် နှစ်ခုထက်မက တစ်ပြိုင်တည်းလုပ်ကိုင်တာ ပြဿနာမဟုတ်ပါ။ ဒါပေမဲ့ *** ပြည်သူလူထုရဲ့
အကျိုးစီးပွါးကို ဆောင်ရွက်ပါ့မယ်ဆိုပြီး တိုင်းပြည်ရဲ့ အာဏာကို ကိုင်တွယ်ကျင့်သုံးနေကြတဲ့
၊ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အာဏာပိုင်အဖွဲ့အစည်းများမှာ ပါဝင်လှုပ်ရှားနေကြတဲ့
ပုဂ္ဂိလ်များအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်တာဝန်ပေးထားတဲ့ အလုပ်အပြင်
သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွါးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အလုပ်များ တစ်ချိန်တည်း၊
တစ်ပြိုင်တည်းမှာ ရှိနေမယ်ဆိုရင် အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နေပြီလို့ ဆိုရမှာပါ။
မြန်မာနိုင်ငံမှာက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်လို့
သတ်မှတ်ထားတဲ့ အရည်အချင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိတဲ့
ကန့်သတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားပေမည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး
တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ငွေကြေး၊ စရိတ်၊ လစာရတဲ့ အခြားမည်သည့်အလုပ်မှ
လုပ်ခွင့်မရှိလို့ ပြဋ္ဌာန်းမထားပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်နဲ့ တစ်ချိန်တည်းမှာ
ကုမ္ပဏီပိုင်ရှင်ကြီး၊ မြေပိုင်ရှင်ကြီး၊ သတ္တုတွင်းပိုင်ရှင်ကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊
ရှေ့နေကြီး၊ ပြည်သူ့စစ်ခေါင်းဆောင် စသည်ဖြင့် ကိုယ်ကျိုးစီးပွါးဆိုင်ရာ အလုပ်တွေကို
တွဲဖက်ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အများအပြားကို တွေ့နေရပါတယ်။ ဒါကြောင့်မို့
လွှတ်တော်တွင်းမှာ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက သူတို့ရဲ့ အကျိုးစီးပွါးကို အကာအကွယ်ပေးတဲ့
ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားတာကို ဆက်ပြီး တွေ့မြင်နေရဦးမှာပါ။
0 comments:
Post a Comment