BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 15, 2015

အန်ကယ်ဆမ်ရဲ့ ၂၀၁၅ နိုင်ငံရေး

အန်ကယ်ဆမ်ရဲ့ ၂၀၁၅ နိုင်ငံရေး

အောင်ဒင်

#စပီကာရဲ့ ဂလဲ့စား

ပြီးခဲ့တဲ့ ဆောင်းပါးမှာ အောက်လွှတ်တော်စပီကာရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီမှ အမတ်အချို့က ပါတီက မူလရွေးချယ်ထားပြီးဖြစ်တဲ့ ဂျွန်ဘေနာကို ကန့်ကွက်မဲပေးခဲ့ကြတာ၊ ယှဉ်ပြိုင်အရွေးခံတာတွေ ရှိခဲ့ပါတယ်။ အဲဒီအမတ်တွေကို ပါတီတွင်း သစ္စာဖောက်များလို့ ယူဆကြပါတယ်။ အဲဒီအမတ်တွေဟာ စပီကာ ရွေးကောက်ပွဲအပြီး နောက်တစ်ရက်ကစလို့ စပီကာ ဂျွန်ဘေနာနဲ့ ရီပတ်ဘလီကန်ပါတီခေါင်းဆောင်ပိုင်းရဲ့ ဂလဲ့စားချေမှုကို စတင်ခံစားနေကြရပါပြီ။ 

ကင်းဆတ်ပြည်နယ်က အောက်လွှတ်တော်အမတ် တင်မ် ဟူရယ်လ်ကမ်ပ် (Rep. Tim Huelskamp) ကို ပါတီခေါင်းဆောင်ပိုင်းက ဒီကွန်ဂရက်သက်တမ်းမှာ အောက်လွှတ်တော်၊ စစ်မှုထမ်းဟောင်းများရေးရာကော်မတီ (House Committee on Veterans Affairs) ရဲ့ လက်အောက်ခံ ဆပ်ကော်မတီ (Sub-Committee) တစ်ခုရဲ့ ဥက္ကဋ္ဌနေရာမှာ ခန့်အပ်မယ်လို့ လျာထားခဲ့ပါတယ်။ သူဟာ စပီကာ ဂျွန်ဘေနာကို ကန့်ကွက်မဲပေးခဲ့ပြီး နောက်တစ်နေ့မှာတော့ သူမျှော်မှန်းတဲ့ ဆပ်ကော်မတီဥက္ကဋ္ဌနေရာကို သူမရနိုင်တော့ဘူးလို့ အသိပေးခံရပါတယ်။ ဂျွန်ဘေနာကို ဆန့်ကျင်မဲပေးခဲ့တဲ့ တက်ဆက်ပြည်နယ်က အောက်လွှတ်တော်အမတ် ရန်ဒီဝီဘာ (Rep. Randy Weber) ဟာ ကွန်ဂရက်သက်တမ်းအစမှာ ရီပတ်ဘလီကန်ပါတီရဲ့ ကိုယ်စား "သိပံ္ပ၊ အာကာသနှင့် နည်းပညာကော်မတီ ဆိုင်ရာဥပဒေကြမ်း" ကို ဦးဆောင်တင်သွင်းဖို့ (Major Sponsor) ရွေးချယ်ခံထားရသူပါ။ အခုတော့ စပီကာဘေနာကို ထောက်ခံတဲ့ အီလီနွိုင်ပြည်နယ်က အောက်လွှတ်တော်အမတ် ရန်ဒီဟတ်လ်ဂရင်း (Rep. Randy Hultgren) က ဦးဆောင်တင်သွင်းသူ ဖြစ်လာပါတယ်။

ဖလော်ရီဒါပြည်နယ်က အောက်လွှတ်တော်အမတ် ဒန်ဝက်ဘ်စတာ (Rep. Dan Webster) ဟာ စပီကာရွေးကောက်ပွဲမှာ ဂျွန်ဘေနာနဲ့ ယှဉ်ပြိုင်အရွေးခံခဲ့ပြီး ထောက်ခံမဲ (၁၂) မဲ ရခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်ကပဲ ဖြစ်တဲ့ အောက်လွှတ်တော်အမတ် ရစ်ချတ်ငူဂျဲန်း (Rep. Richard Nugent)    က ဒန်ဝက်ဘ်စတာကို ထောက်ခံမဲ ပေးခဲ့ပါတယ်။ ဒီကနေ့ သူတို့နှစ်ယောက်စလုံးကို သူတို့ အရင်ကွန်ဂရက်လွှတ်တော်သက်တမ်းမှာ ပါဝင်ခဲ့တဲ့ ဩဇာအာဏာကြီးမားလှတဲ့ အောက်လွှတ်တော်၊ စည်းကမ်းရေးရာကော်မတီ (House Committee on Rules) ရဲ့ ကော်မတီဝင်များအဖြစ်ကနေ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။

#ကွဲပြားသောအစိုးရနှင့် ပွတ်တိုက်မှုများ

၂၀၁၅-၂၀၁၆ အမေရိကန်နိုင်ငံရေးမှာ ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတအကြား ပွတ်တိုက်မှုတွေ ပိုများမယ်လို့ ကြိုတင် ခန့်မှန်းထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်ကို နိုင်ငံရေးပါတီကြီးတစ်ခုတည်းက ထိန်းချုပ်ထားနိုင်ရင် ညီညွတ်သောအစိုးရ (Unity Government) လို့ ခေါ်ကြပြီး လွှတ်တော်နဲ့ သမ္မတအကြား ဆက်ဆံရေးပြေလည်ကောင်းမွန်လို့ ရလာဒ်ကောင်းတွေ ထွက်ပေါ်တတ်ပါတယ်။ လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ပါတီနဲ့ သမ္မတအိမ်ဖြူတော်ကို ထိန်းချုပ်ထားတဲ့ ပါတီတို့ မတူညီကြဘူးဆိုရင်တော့ ကွဲပြားသောအစိုးရ (Divided Government) လို့ခေါ်ပါတယ်။ အခုသက်တမ်းမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားပြီး အိမ်ဖြူတော်ကိုတော့ ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားက ထိန်းချုပ်ထားတာမို့ ကွဲပြားသောအစိုးရဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကွန်ဂရက်လွှတ်တော်က သမ္မတ သဘောမတူနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကြိုးစားလေ့ရှိပြီး သမ္မတကလည်း သူ့ရဲ့ ဗီတိုအာဏာကို အသုံးချတတ်ပါတယ်။ သမ္မတနဲ့ လွှတ်တော်ကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်အတွက်အရေးကြီးတဲ့ နှစ်စဉ်အစိုးရအသုံးစားရိတ်ပြဋ္ဌာန်းတာ၊ အစိုးရရဲ့ ငွေချေးခွင့်ကို မြှင့်တင်တာ စတဲ့ ကိစ္စတွေမှာ အလွယ်တကူ ဆုံးဖြတ်ချက်မချနိုင်ပဲ နှောင့်နှေးကြန့်ကြာတတ်ပါတယ်။

ကွန်ဂရက်သက်တမ်းအစမှာပဲ ရီပါဘလီကန်ပါတီခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က သူ့လက်ထက်မှာ အထက်လွှတ်တော်ကို အရင် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဟယ်ရီရိဒ် နဲ့ မတူအောင် အသွင်ပြောင်းပြီး ဦးဆောင်မယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ မက်ကော်နယ်နဲ့ အောက်လွှတ်တော်စပီကာ ဂျွန်ဘေနာ တို့နှစ်ယောက်ဟာ အပါတ်တိုင်း ညှိနှိုင်းတိုင်ပင်ပြီး ကွန်ဂရက်လွှတ်တော်မှာ ပြဋ္ဌာန်းဖို့ ဘယ်ဥပဒေကြမ်းတွေကို ဦးစားပေးရမယ်ဆိုတာကို ဆွေးနွေးနေကြပါတယ်။ နှစ်ယောက်စလုံး သဘောတူညီထားတာကတော့ ယခင် ကွန်ဂရက်လွှတ်တော်သက်တမ်းအတွင်း ရီပတ်ဘလီကန်ပါတီထိန်းချုပ်ခဲ့တဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ဒီမိုကရက်တစ်ပါတီကြီးစိုးခဲ့တဲ့ အထက်လွှတ်တော်က စဉ်းစားဖို့ငြင်းပယ်ခဲ့တဲ့ ဥပဒေကြမ်းများကို ပြန်လည်တင်သွင်းအတည်ပြုဖို့ပါ။ သမ္မတအိုဘားမားကလည်း သူ လက်မခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရီပတ်ဘလီကန်ပါတီလူများစုရဲ့ အားနဲ့ အတည်ပြုပြီး သူ့ဆီကို လက်မှတ်ထိုးဖို့ ပေးပို့ခဲ့ရင် သူက လက်မှတ်မထိုးပဲ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်တဲ့ ဥပဒေတွေကို လွှတ်တော်က အမတ်အားလုံးရဲ့ သုံးပုံနှစ်ပုံထောက်ခံမဲနဲ့ အတည်ပြုနိုင်ပါတယ်။ ဒါပေမည့် အဲဒီလို သုံးပုံနှစ်ပုံထောက်ခံမဲရဖို့အတွက် ရီပတ်ဘလီကန်ပါတီအမတ်များရဲ့ မဲအရေအတွက်နဲ့တင် မလုံလောက်ပါ။

လောလောဆယ်မှာ သမ္မတအိုဘားမားက ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ခြိမ်းခြောက်နေတဲ့ ဥပဒေကြမ်း နှစ်ခုရှိပါတယ်။ တစ်ခုက ကနေဒါနိုင်ငံက ထုတ်လုပ်တဲ့ သဲရေနံကို အမေရိကန်ပြည်ထောင်စုကိုတင်သွင်းမည့် ကီးစတုန်းပိုက်လိုင်း (The Keystone XL Oil Pipeline) တည်ဆောက်ရေးလုပ်ငန်းကို ခွင့်ပြုတဲ့ ဥပဒေကြမ်းနဲ့ နောက်တစ်ခုက အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု (The Obama Care) လို့ နံမည်ကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေရဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်တဲ့ တစ်ပါတ်ကို နာရီ (၃၀) အလုပ်လုပ်ရင် အချိန်ပြည့်အလုပ်သမားအဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို နာရီ (၄၀) နဲ့ ပြင်ဆင်မည့် ဥပဒေကြမ်းများ ဖြစ်ကြပါတယ်။ သမ္မတရဲ့ ခြိမ်းခြောက်မှုများကို ဂရုမစိုက်ပဲ အထက်လွှတ်တော်ရီပါတ်ဘလီကန်များက အဲဒီ ဥပဒေကြမ်းနှစ်ခုစလုံးကို ရှေ့အပါတ်ထဲမှာ အထက်လွှတ်တော်မှာ ဆုံးဖြတ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အဆိုပါ ဥပဒေကြမ်းနှစ်ခုစလုံးကို ဇန်နဝါရီလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ အထက်လွှတ်တော်မှာ တရားဝင်တင်သွင်းခဲ့ပါတယ်။

#ကွန်ဂရက်လွှတ်တော် ပထမပါတ် (ဇန် နဝါရီ  ၆-၉၊ ၂၀၁၅) အခင်းအကျင်း

၁၁၄ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်ရဲ့ ပထမပါတ်အတွင်းမှာတော့ လွှတ်တော်နှစ်ရပ်စလုံးဟာ သက်ဆိုင်ရာအဖွဲ့အစည်းများကို စနစ်ကျအောင် ပြန်လည်ဖွဲ့စည်းတာနဲ့ အချိန်ကုန်ပါတယ်။ လူများစုပါတီက လွှတ်တော်ရေးရာကော်မတီများရဲ့ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်များကို ရွေးချယ်တာဝန်ပေးကြမှာပါ။ လူနည်းစုပါတီကလည်း ရေးရာကော်မတီများနဲ့ ဆပ်ကော်မတီများမှာ ဒီမိုကရက်တစ်ပါတီအမတ်များရဲ့ ခေါင်းဆောင်များ (Ranking Members) နဲ့ ကော်မတီဝင်များကို ရွေးချယ်ကြပါတယ်။ ရေးရာကော်မတီများကို လူများစုပါတီနဲ့ လူနည်းစုပါတီတို့ ဘယ်လိုအရေအတွက် အချိုးအစားနဲ့ ပါဝင်ဖွဲ့စည်းမလဲဆိုတာလည်း ဆုံးဖြတ်ကြပါတယ်။

ဇန်နဝါရီလ (၇) ရက်နေ့မှာ အောက်လွှတ်တော်က "အနည်းငယ်သော ဓာတ်ရောင်ခြည်ဖြာ ထွက်မှုကို လေ့လာရန်အတွက် စွမ်းအင်ဝန်ကြီးဋ္ဌာနလက်အောက်တွင် သုတေသနဋ္ဌာနတစ်ခု ဖွင့်လှစ်ရန် ဥပဒေ" (Bill to Establish a Department of Energy Research Program to Study Low-Dose Radiation) ကို အသံနဲ့ မဲခွဲအတည်ပြုပါတယ်။ တစ်ရက်တည်းမှာပဲ အောက်လွှတ်တော်က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားတဲ့ "အကြမ်းဖက်မှုကို စွန့်၍ပြုလုပ်ရသည့် အာမခံလုပ်ငန်းများဆိုင်ရာ ဥပဒေ" (Terrorism Risk Insurance Act) ကို နောက်ထပ် ၆ နှစ်သက်တမ်းတိုးဖို့ကိုလည်း ထောက်ခံမဲ (၄၁၆) မဲ၊ ကန့်ကွက်မဲ (၅) မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေ နှစ်ခုစလုံးဟာ အောက်လွှတ်တော်ကနေ အထက်လွှတ်တော်ကို ရောက်သွားပါပြီ။
ဇန်နဝါရီလ ၈ ရက်နေ့မှာ အောက်လွှတ်တော်က အိုဘားမားကျန်းမာရေးဥပဒေ (Obama Care Act)   မှာ တစ်ပါတ်ကို နာရီ (၃၀) အလုပ်လုပ်ရင် အချိန်ပြည့်အလုပ်သမားအဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို နာရီ (၄၀) နဲ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါဟာဖြင့် အိုဘားမားရဲ့ ကျန်းမာရေးဝန်ဆောင်မှုဥပဒေကို အပိုင်းလိုက်ခွဲပြီး ပြင်ဆင်ဖို့ကြိုးစားနေတဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ပထမလှုပ်ရှားမှုဖြစ်ပါတယ်။ ထောက်ခံမဲ ၂၅၂ မဲ၊ ကန့်ကွက်မဲ ၁၇၂ မဲ ရှိပြီး ဒီမိုကရက်တစ်ပါတီအမတ် ၁၂ ဦးတို့က ရီပတ်ဘလီကန်အမတ်အများစုနဲ့အတူ ထောက်ခံမဲပေးခဲ့ပါတယ်။ ဒီဥပဒေဟာ အခု အထက်လွှတ်တော်ကို ရောက်သွားပါပြီ။ အထက်လွှတ်တော်က ရှေ့အပါတ်ထဲမှာ မဲခွဲဆုံးဖြတ်ပါလိမ့်မယ်။

ဇန်နဝါရီလ (၉) ရက်နေ့မှာ အောက်လွှတ်တော်က ဒေါ်လာ သန်းရှစ်ထောင်ကျော်တန်ဘိုးရှိတဲ့ ကီးစတုန်းရေနံပိုက်လိုင်းဆောက်လုပ်ခြင်းကို အတည်ပြုတဲ့ ဥပဒေကြမ်းကို (၂၆၆-၁၅၃) မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒီမိုကရက်တစ်ပါတီအမတ် (၂၈) ယောက်က ရီပတ်ဘလီကန်ပါတီအမတ်အားလုံးနီးပါးနဲ့အတူ ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဆီနိတ်တာမစ်ခ်ျမက်ကော်နယ်လ်က အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ရှေ့အပါတ်ထဲမှာ၊ အစောဆုံး ဇန်နဝါရီလ ၁၂ ရက်နေ့မှာ၊ မဲခွဲမယ်လို့ ပြောပါတယ်။

အထက်လွှတ်တော်မှာက အောက်လွှတ်လွှတ်တော်နဲ့ မတူပဲ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ အဆင့်နှစ်ဆင့် ဖြတ်သန်းရပါတယ်။ ပထမအဆင့်မှာ ဥပဒေကြမ်းကို မဲခွဲနိုင်ရေးအတွက် ဆွေးနွေးငြင်းခုန်တာတွေ (Debate) ကို အပြီးသတ်ဖို့ ဆုံးဖြတ်ရပါတယ်။ အဲဒီအဆင့်ကို (Filibuster) လို့ ခေါ်ပြီး ထောက်ခံမဲ (၆၀) မဲ ရဖို့လိုပါတယ်။ ထောက်ခံမဲ (၆၀) နဲ့အထက်ရမှ ဆွေးနွေးငြင်းခုန်တာကို အဆုံးသတ်ပြီး အတည်ပြု၊ မပြု မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ အဲဒီ မဲခွဲမှုမှာတော့ အများစုမဲ (Simple Majority) ရရင်အတည်ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် (၁၀၀) မှာ (၅၁) ဦး ထောက်ခံရင် အနိုင်ရပါတယ်။ အခု ရီပတ်ဘလီကန်ပါတီက (၅၄) မဲရှိတာမို့ ငြင်းခုန်ဆွေးနွေးမှုတွေကို ရပ်စဲနိုင်ရေးအတွက် ဒီမိုကရက်တစ်ပါတီဘက်က အနည်းဆုံး (၆) မဲ လိုအပ်နေပါတယ်။ အခုအချိန်မှာ အဲဒီဥပဒေကြမ်းကို ပူးတွဲတင်သွင်းသူ (Co-sponsor) အထက်လွှတ်တော်အမတ် (၆၀) ရှိတာမို့ ပထမအဆင့် Filibuster ကို အလွယ်တကူဖြတ်သန်းနိုင်ပြီး ဒုတိယအဆင့်မဲခွဲရာမှာလည်း အနိုင်ရမည့် လက္ခဏာရှိနေပါတယ်။ ဒါဆိုရင်ဖြင့် ဒီ ကီးစတုန်းရေနံပိုက်လိုင်းတည်ဆောက်ခြင်းဥပဒေဟာ ၂၀၁၅ ခုနှစ်မှာ သမ္မတရဲ့ ဗီတိုအာဏာနဲ့ ထိပ်တိုက်တိုးမည့် ပထမဆုံး ဥပဒေဖြစ်လာနိုင်ပါတယ်။

#ချိုသောအာဏာ (Sweet Power) (သို့မဟုတ်) သကြားလုံးကျွေးတဲ့ ဆီနိတ်တာ

အထက်လွှတ်တော်ရီပတ်ဘလီကန်ပါတီမှာ ၁၉၆၅ ခုနှစ်ကတည်းက စခဲ့တဲ့ အစဉ်အလာတစ်ခုရှိပါတယ်။ အဲဒါက ဆီနိတ်တာများအားလုံးအတွက် သကြားလုံးစားပွဲ (Senate Candy Desk) တစ်ခု ဖန်တီးထားရှိပြီး  အဲဒီသကြားလုံးစားပွဲမှာ သက်ဆိုင်ရာပြည်နယ်က ထုတ်လုပ်တဲ့ သကြားလုံးများ၊ ချောကလက်များကို ဆီနိတ်တာများအားလုံး စားသုံးနိုင်ဖို့ တာဝန်ယူဖြည့်ဆည်းပေးရန် အထက်လွှတ်တော်အမတ်တစ်ယောက်ကို ရွေးချယ်တာဝန်ပေးပါတယ်။ ဒီနှစ်အတွက် သကြားလုံးစားပွဲမှာ ချောကလက်တွေ၊ သကြားလုံးတွေ မပြတ်ရအောင် တာဝန်ခံဖြည့်ဆည်းပေးဖို့ ရွေးချယ်ခံရသူက ပဲန်းဆယ်လ်ဗေးနီးယားပြည်နယ်က အထက်လွှတ်တော်အမတ် ပက်တွန်မီ (Senator Pat Toomey) ဖြစ်ပါတယ်။ ဆီနိတ်တာ တွန်မီက "အထက်လွှတ်တော်၊ သကြားလုံးစားပွဲထိန်းသိမ်းရေးတာဝန်ဟာ အင်မတန်ကြီးမားပါတယ်။ ဒီတာဝန်ကို ယူနိုင်ဖို့အတွက် ကျနော်စည်းရုံးခဲ့ရာမှာ အသက်ရှင်သန်ခြင်း၊ လွတ်လပ်မှုနဲ့ အရုပ်သကြားလုံးလေးတွေကို လွယ်လွယ်ကူကူရရှိစားနိုင်ရေးအပေါ် အခြေပြုစည်းရုံးခဲ့ပါတယ်။ ကျနော့်ရဲ့ ပဲန်းဆယ်လ်ဗေးနီးယားပြည်နယ်က သကြားလုံးတွေဟာ ပါတီစွဲလှုပ်ရှားမှုတွေနဲ့ ခါးသက်တဲ့ ပတ်ဝန်းကျင်ကို ချိုမြိန်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ကြေညာချက်ထုတ်ပြန်ပါသေးတယ်။ ပဲန်းဆယ်လ်ဗေးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံးချောကလက်ထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီက တည်ထောင်တဲ့ သကြားလုံးစားပွဲဖြစ်ပေမည့် ဒီမိုကရက်တစ်ပါတီအမတ်များလည်း သုံးဆောင်ခွင့်ရှိပါတယ်။ 

(ဇန်နဝါရီ ၉၊ ၂၀၁၅) 

0 comments: