မြန်မာနိုင်ငံက
လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၂)
အောင်ဒင်
#လူထုအဖွဲ့အစည်းများရဲ့ အကြံပြုချက်များ
လူထုအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲက
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို အထက်ဖော်ပြပါအတိုင်း သုံးသပ်ဝေဖန်ကြပြီး
အကြံပြုချက်များကိုလည်း (က) မြန်မာအစိုးရ အတွက်နဲ့(ခ) နိုင်ငံတကာမိသားစုကြီးအတွက် ဆိုပြီး
စုပေါင်းထုတ်ပြန် တောင်းဆိုကြပါတယ်။
မြန်မာအစိုးရအပေါ်အကြံပြုချက်များက
စုစုပေါင်း (၁၈) ချက်ရှိပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ယခင်အစိုးရလက်ထက်မှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအပါအဝင်
အသွင်ကူးပြောင်းရေးကာလအတွင်း ဖမ်းဆီးခံထားရသော တောင်သူလယ်သမားများနှင့် လူ့အခွင့်အရေး၊
ဒီမိုကရေစီရေးလှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်။
(၂) အသွင်ကူးပြောင်းရေးကာလ
စတင်ချိန်မှစ၍ ပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ပေးအပ်ထားသော ကတိကဝတ်များကို
တာဝန်ယူ တာဝန်ခံ အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(၃) ပြည်သူများ၏
ဆန္ဒနှင့် အတည်ပြုထားခြင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအား ၂၀၁၅ မတိုင်မီ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ
ပြည်သူ့ဆန္ဒခံယူပြီး ပြင်ဆင်ရန်။
(၄) ရွေးကောက်ပွဲဥပဒေအပါအဝင်
ဥပဒေများအားလုံးကို အများပြည်သူအလွယ်တကူ လေ့လာနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် ဥပဒေပိုင်းဆိုင်ရာ
ပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်။
(၅)
ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအား
သက်ဆိုင်ရာလွှတ်တော်မှ တိုက်ရိုက်ရွေးချယ်ခွင့်ပေးရန်နှင့် ၎င်းတို့၏လုပ်ပိုင်ခွင့်အာဏာကို
တိုးမြှင့်ပေးရန်။
(၆) အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင်
ပြည်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအတိုက်အခံများ၏ စစ်မှန်၍အဓိပ္ပါယ်ရှိသော
ပါဝင်မှုကို လမ်းဖွင့်ပေးရန်။
(၇) မြေယာဥပဒေ၊
မြေလွတ်မြေရိုင်းဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေ၊ အမျိုးသားပညာရေးဥပဒေ၊
အလုပ်သမားဥပဒေ စသည့်ဥပဒေများအပါအဝင် ပြည်သူများအား ချုပ်ကိုင်ဖိနှိပ်သည့်ဥပဒေများကို
ပယ်ဖျက်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းများပြုလုပ်ပြီး လူထုအကျိုးကိုရှေ့ရှူသည့်မူဝါဒများချမှတ်ခြင်း၊
ဥပဒေသစ်များပြဋ္ဌာန်းရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးနှင့်
ပြဋ္ဌာန်းသည့်လုပ်ဆောင်မှုအဆင့်တိုင်းတွင် ဥပဒေအလိုက် သက်ဆိုင်ရာလူထုများအား (ဥပမာ လယ်သမားများ၊
အလုပ်သမားများ၊ ကျောင်းသားများ၊ အမျိုးသမီးများ၊ ဒုက္ခသည်ပြည်သူများ) အပြည့်အဝပူးပေါင်းပါဝင်ခွင့်ရှိရေး
အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(၈) တရားရေးဝန်ထမ်းများ၏
ဘဝရပ်တည်မှုအတွက် လုံလောက်သောခံစားခွင့်များ သတ်မှတ်ပေးခြင်းအပါအဝင် အခြားတရားရေးစနစ်
ပြုပြင် ပြောင်းလဲမှုများပြုလုပ်၍ လိုအပ်ပါက တရားရေးဆိုင်ရာအဖွဲ့အစည်းများကို ပြင်ဆင်ဖွဲ့စည်းခြင်း၊
စစ်မှန်သောလူထုကိုယ်စားလှယ်များဖြင့် အစားထိုးခန့်အပ်ခြင်းများပြုလုပ်ရန်။
(၉) အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား
ပါရီအခြေခံမူများနှင့်အညီ ပြင်ဆင်၍ လူ့အခွင့်အရေးကာကွယ်မှုလုပ်ပိုင်ခွင့်အာဏာ၊ ရဲဋ္ဌာနများနှင့်
တပ်မတော်အပါအဝင် မည်သူ့ကိုမဆိုလွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝအပ်နှင်းကာ
တိုင်ကြားမှုများအတွက် လွတ်လပ်သောတရားရုံး ဖွဲ့တည်ထောင်ရန်၊ ကော်မရှင်နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများကြား
အပြန်အလှန်ဆွေးနွေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပံ့ပိုးရန်။
(၁၀) ဖက်ဒရယ်အရေး၊
ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို
ပထမဦးစားပေးလုပ်ငန်းအဖြစ် စဉ်ဆက်မပြတ်လုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်တိုင်းတွင်
အမျိုးသမီးများနှင့် လူငယ်များအပါအဝင် အခြားအရေးကြီးသော လူထုအုပ်စုများပါဝင်နိုင်သည့်
အခြေအနေနှင့် ယန္တရားများကို ဖန်တီးပေးရန်။
(၁၁) ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ဆက်လက်အကောင်အထည်ဖော်နိုင်ရေး တာဝန်ခံလုပ်ဆောင်ရန်။
(၁၂) နယ်စပ်ဒေသအပါအဝင်
မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုအား အကျိုးမပြုသော အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို
ငြိမ်းချမ်းရေးတည်ဆောက်သည့်အချိန်ကာလအတွင်း လုံးဝမပြုလုပ်ရန်နှင့် ဆောင်ရွက်စဲစီမံကိန်းများကို
ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ဒေသလူထုများ၏ ဆန္ဒအပေါ်အခြေခံ၍ လုံးဝရပ်ဆိုင်းရန်။
(၁၃) ရင်းနှီးမြှုပ်နှံမှုကြောင့်
ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများမဖြစ်ပေါ်အောင် မှန်ကန်သောမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်။
(၁၄) စစ်မှန်သောငြိမ်းချမ်းရေးမရရှိမီ
ဒုက္ခသည်များအား ပြန်လည်နေရာချထားရေး အတင်းအကြပ်ဖိအားပေးဆောင်ရွက်မှုများ မပြုလုပ်ရန်နှင့်
ပြန်လည်နေရာချထားရေးကိစ္စကို တိုက်ရိုက်သက်ဆိုင်သူ ဒုက္ခသည်များ၊ ဒုက္ခသည်အခြေပြု လူထုအဖွဲ့အစည်းများနှင့်
ညှိနှိုင်းဆောင်ရွက်ရန်။
(၁၅) ဘာသာပေါင်းစုံနှီးနှောဖလှယ်မှုအစီအစဉ်များကို
နိုင်ငံတော်အဆင့်ဆောင်ရွက်ပေးရန်၊ အမုန်းပွါးစေသောလုပ်ဆောင်မှုများကို ထိထိရောက်ရောက်တားဆီးအရေးယူမှုများ
ပြုလုပ်ရန်၊ အမုန်းမပြန့်ပွါးရေး အသိပညာပေးမှုများကို လုပ်ဆောင်ရန်။
(၁၆) အခြားမည်သည့်ဘာသာကိုမျှ
အတင်းအကြပ်ချုပ်ကိုင်ခြင်းများ မပြုလုပ်ရန်နှင့် ဘာသာအသီးသီးကိုးကွယ်သော တိုင်းပြည်အတွင်းရှိ
လူတိုင်းအတွက် လုံခြုံမှုရှိသောပတ်ဝန်းကျင်ကို ဖန်တီးပေးရန်။
(၁၇) လူငယ်နှင့်ပတ်သက်သော
စစ်တမ်းများ၊ သတင်းအချက်အလက်များကို ကောက်ယူ၍ လူငယ့်ရေးရာမူဝါဒများကို ရေးဆွဲချမှတ်ခြင်းနှင့်
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်များကို ဦးဆောင်ခွင့်ပေးရန်နှင့် ၎င်းလုပ်ငန်းများအတွက်
လိုအပ်သော ဘဏ္ဍာရေးအထောက်အပံ့များ သတ်မှတ်ထားရှိရန်။
(၁၈) ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်
အမျိုးသမီးများအား ခွဲခြားဖိနှိပ်ထားသော တည်ဆဲဥပဒေများကို ပြုပြင်ရန်နှင့် ဥပဒေသစ်များပြဋ္ဌာန်းရာတွင် စာချုပ်ပါအချက်များနှင့် ကိုက်ညီစေရန်။
နိုင်ငံတကာမိသားစုကြီးအတွက် အကြံပြုချက်များကို သုံးပိုင်းခွဲထားပါတယ်။ ပထမပိုင်းက
နိုင်ငံတကာအစိုးရများသို့ ဖြစ်ပြီး အောက်ပါအတိုင်းအကြံပြုပါတယ်။
(၁) ပြည်သူလူထုအတွက်
စစ်မှန်သော အပြောင်းအလဲဖန်တီးနိုင်သည့် လူထုမှဦးဆောင်သော အသွင်ကူးပြောင်းရေးကို အထောက်အကူပြုနိုင်စေရန်
ထိရောက်သောပြုပြင်မှုများနှင့် ပံ့ပိုးမှုများ ပြုလုပ်ရန်။
(၂) လက်ရှိအစိုးရနှင့်
နိုင်ငံတကကာစိုးရများကြား ပူးပေါင်းလုပ်ဆောင်ခြင်း၊ အကူအညီအထောက်အပံ့များ ပေးအပ်ခြင်း၊
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း စသည်တို့အပါအဝင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုပြုသည့်
လုပ်ငန်းတိုင်းတွင် မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ၏ ရှုပ်ထွေးမှု၊
စီးပွါးရေးရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လက်နက်ကိုင်ပဋိပက္ခများကြား
ဆက်စပ်မှုကို အလေးအနက်ထား ထည့်သွင်းစဉ်းစား၍ မိမိပါဝင်မှုကြောင့် မြန်မာပြည်သူလူထုကို
မထိခိုက်ရလေအောင် “Do No Harm” ပေါ်လစီဖြင့် ဆောင်ရွက်ရန်။
(၃) ရင်းနှီးမြှုပ်နှံမှုကြောင့်
ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်အောင် ဒေသနေပြည်သူများနှင့်
ကြိုတင်တိုင်ပင်ညှိနှိုင်းမှုများ၊ ကောင်းစွာကြိုတင်အသိပေးထားသော ဒေသနေပြည်သူလူထုများ၏
လွတ်လပ်စွာ ပေးသိသဘောတူညီချက် (Free, Prior and Informed Consent) အပါအဝင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ
အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(၄) သက်ဆိုင်ရာနိုင်ငံများ၏
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို ပြည်သူလူထုထံ အသိပေးဖြန့်ဝေရန်။
(၅) မြန်မာနိုင်ငံအစိုးရက
ကတိပြုထားပြီး မလိုက်နာသေးသော အချက်များကို အကောင်အထည်ဖော်လာအောင် ဖိအားပေးရန်။
ဒုတိယပိုင်းက
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအတွက်ဖြစ်ပြီး အကြံပြုချက်များက
အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မြန်မာနိုင်ငံအစိုးရမှ
ကတိကဝတ်ပြုထားပြီး မလိုက်နာသေးသော နိုင်ငံတကာစာချုပ်စာတမ်းများနှင့် ကတိကဝတ်များ (CEDAW,
CRC, UNSCR 1325 and 1820) ကို အကောင်အထည်ဖော်လာရေး
ဖိအားပေးတိုက်တွန်းရန်။
(၂) မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလ
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် အရပ်ဘက်အဖွဲ့အစည်းများနှင့် အများပြည်သူ၏ ပါဝင်မှုရှိပြီး
ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာအစိုးရအား ဖိအားပေးတိုက်တွန်းရန်။
(၃) ကုလသမဂ္ဂအထွေထွေညီလာခံနှင့်
လူ့အခွင့်အရေးကောင်စီမှ ချမှတ်သော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သည့်ဆုံးဖြတ်ချက်များကို
ဆက်လက်ထားရှိရန်။
တတိယပိုင်းကတော့
အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများသို့
ဖြစ်ပြီး အကြံပြုချက်များက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အကူအညီပေးရေးလုပ်ငန်းများ၊
စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးရန်။
(၂) နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီနှင့်
လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်ရာတွင် ပဋိပက္ခပိုမိုကြီးမားစေသော
အပြုအမူများကို ရှောင်ရှားရန်။
(၃) မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၏
အရေးကြီးသော အခန်းကဏ္ဍ၊ လုပ်နိုင်စွမ်းရည်နှင့် တန်းတူခံစားပိုင်ခွင့်တို့ကို လေးစားအသိအမှတ်ပြုရန်။
(၄) မိမိ၏
ကိုယ်ပိုင်အစီအစဉ်ထက် ဒေသနေအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုများနှင့် ညှိနှိုင်းဆွေးနွေးမှုများမှ
ထွက်ပေါ်လာသောအစီအစဉ်များကိုသာ ဝိုင်းဝန်းပံ့ပိုးအကောင်အထည်ဖော်ရန်။
0 comments:
Post a Comment