မြန်မာနိုင်ငံက
လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၁)
အောင်ဒင်
#မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ်
လူထုအဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲ
၂၀၁၄ ခုနှစ်၊
အောက်တိုဘာလအတွင်းမှာ မြန်မာနိုင်ငံကို (၁၆) နှစ်အတွင်း ပထမဆုံးအကြိမ် အလည်အပတ်ပြန်ရောက်ခဲ့ပါတယ်။
ရန်ကုန်မြို့ကို အောက်တိုဘာလ (၆) ရက်နေ့မှာ ရောက်ရှိပြီးတဲ့နောက် မိတ်ဆွေများက ဖိတ်ကြားလို့
သမိုင်း၊ ခဝဲခြံက ခရစ်ယာန်မျက်မမြင်များဂေဟာ မိတ်သဟာယခန်းမမှာ အောက်တိုဘာလ (၁၄) ရက်နေ့ကနေ
(၁၆) ရက်နေ့အထိ သုံးရက်ကြာကျင်းပတဲ့ "မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ်
လူထုအဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲ" ကို တက်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားက
လူထုအခြေပြုအဖွဲ့အစည်းပေါင်း (၂၅၇) ဖွဲ့က ကိုယ်စားလှယ်ပေါင်း (၆၅၀) ကျော် တက်ရောက်ဆွေးနွေးကြတယ်လို့
သိရပါတယ်။ အိုက်စပ်ပူလောင်တဲ့ ခန်းမကျယ်ကြီးနဲ့ ပတ်ဝန်းကျင်မှာ ဆွေးနွေးပွဲတက်ရောက်တဲ့
ကိုယ်စားလှယ်များအပြင် အခမ်းအနားဖြစ်မြောက်ရေး ကူညီလုပ်အားပေးနေတဲ့ လူငယ်လေးတွေ၊ ဖိတ်ကြားထားတဲ့
ဧည့်သည်တော်တွေ၊ သတင်းမီဒီယာတွေနဲ့ အင်မတန်စည်ကားသိုက်မြိုက်တာကိုလည်း တွေ့ရပါတယ်။
ဆွေးနွေးကြတဲ့ အကြောင်းအရာတွေမှာလည်း "ပညာရေးပြုပြင်ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှုနှင့်
တာဝန်ခံ တာဝန်ယူမှု၊ မြေယာနှင့် လယ်သမားများ၊ လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ခြိမ်းခြောက်မှုများ၊
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲ၊ အမျိုးသမီးများအပေါ်
အကြမ်းဖက်မှု၊ လူငယ်ရေးရာ၊ ကျန်းမာရေး၊ လူ့အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုများ၊
အလုပ်သမားအရေး၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာ" စသည်ဖြင့်
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အကြောင်းအရာပေါင်းစုံပါဝင်ပါတယ်။
ဆွေးနွေးပွဲကျင်းပတဲ့
သုံးရက်စလုံးမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ လက်ရှိအခြေအနေကို ပါဝင်ဆွေးနွေးသူများက
သေသေချာချာလေ့လာသုံးသပ်ကြပြီး ရင်ဆိုင်နေရတဲ့ ပြဿနာများအတွက် ဆောင်ရွက်သင့်တဲ့နည်းလမ်းတွေကို
စုပေါင်းအဖြေရှာကြပါတယ်။ အချို့အကြောင်းအရာများကို ဆွေးနွေးရာမှာ ခံစားချက်တွေပေါက်ကွဲပြီး
ဆွေးနွေးဘက်အချင်းချင်း တင်းတင်းမာမာဖြစ်ကြတဲ့အထိ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
သုံးရက်တာ တွေ့ဆုံဆွေးနွေးမှုမှာ အရေးကြီးတဲ့ ပြဿနာတွေကို အခန်းကဏ္ဍ (၆) ခု ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ
အခန်းကဏ္ဍတွေက (က) ဥပဒေရေးရာပြုပြင်ပြောင်းလဲမှု၊ (ခ) ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ၊
(ဂ) သတင်းမီဒီယာ၊ အမုန်းတရားဟောပြောမှုနှင့် လူ့အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုများ၊
(ဃ) လွှတ်တော်၊ အစိုးရနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ (င) စီးပွါးရေးပြုပြင်ပြောင်းလဲမှုနှင့်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုတ်နှံမှုများ၊ (စ) နိုင်ငံတကာအသိုင်းအဝိုင်း၏ ပါဝင်ပတ်သက်မှုနှင့်
အခန်းကဏ္ဍ တို့ဖြစ်ကြပါတယ်။ တက်ရောက်သူအားလုံးက အစိုးရသစ်ရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို
အသိအမှတ်ပြု လက်ခံကြိုဆိုကြပေမည့် လက်ရှိအခြေအနေမှာ အပြောင်းအလဲများဟာ စိုးရိမ်ရတဲ့
အခြေအနေကို ရောက်နေပြီလို့ သဘောတူကြပါတယ်။
အဲဒီ ဆွေးနွေးပွဲဟာ
ပါဝင်သူများရဲ့ အရေအတွက်နဲ့ ကိုယ်စားပြုမှုအရရော၊ ဆွေးနွေးကြတဲ့ အကြောင်းအရာများနဲ့
ပြည့်စုံခိုင်မာတဲ့ ဆွေးနွေးချက်များအရရော အင်မတန်လေးစားစရာကောင်းတဲ့ ဆွေးနွေးပွဲဖြစ်ပြီး
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ လူထုအခြေပြုအဖွဲ့အစည်းများရဲ့ တာဝန်ကျေပွန်တဲ့
လှုပ်ရှားမှုလို့ ကျနော်ယူဆပါတယ်။
#လူထုအဖွဲ့အစည်းများ၏ အသွင်ကူးပြောင်းရေးကာလလက်ရှိအခြေအနေအပေါ်
သုံးသပ်ချက်များ
ဆွေးနွေးသူများက
လက်ရှိအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ပွင့်လင်းမြင်သာမှုနည်းတယ်။ အစိုးရကသာ အပြောင်းအလဲကို
ထိန်းချုပ်ထားပြီး အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အတိုက်အခံဒီမိုကရေစီအင်အားစုများ၊
တိုင်းရင်းသားလူမျိုးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူလူထုများအနေနဲ့ ဒီမိုကရေစီနည်းလမ်းကျကျ၊ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်မရဘူးလို့
သုံးသပ်ပါတယ်။ နှစ်ပေါင်းများစွာ ပျက်စီးနေတဲ့ ဥပဒေရေးရာမူဘောင်များနဲ့ လုပ်ထုံးလုပ်နည်းများကို
အရင်မပြင်ဆင်ပဲ စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်တာကြောင့် ပြည်ပက ရင်းနှီးမြှုတ်နှံမှုတွေ၊
ငွေကြေးတွေ အလုံးအရင်းနဲ့ စီးဝင်လာပေမည့် လူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်အတွက် မကောင်းတဲ့
သက်ရောက်မှုများကိုသာ ဖြစ်စေတယ်လို့ မြင်ကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွါးရေးတံခါးဖွင့်ခြင်းက
အာဏာရအသိုင်းအဝိုင်း၊ တပ်မတော်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိတဲ့ အလိုတော်ရိစီးပွါးရေးသမားကြီးများကိုသာ
အကျိုးဖြစ်ထွန်းစေပြီး သာမန်ပြည်သူများကတော့ ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရတယ်လို့
သဘောတူကြပါတယ်။ အဲဒီလို မညီမျှမှုတွေကြောင့် ပြည်သူလူထုကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်စေရမည့်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေဟာ ပြည်သူလူထုကိုပဲ အိုးမဲ့၊ အိမ်မဲ့၊ မြေမဲ့၊ ယာမဲ့ဖြစ်စေတဲ့အပြင်
လူမှုရေး၊ ပညာရေး၊ကျန်းမာရေး၊ သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုတွေကို ဖန်တီးပေးတယ်လို့
ဆိုကြပါတယ်။
ဆွေးနွေးသူများက
စစ်အစိုးရများလက်ထက်က ပြဋ္ဌာန်းခဲ့ပြီး မဖျက်သိမ်းရသေးလို့ တည်ရှိနေဆဲ ဥပဒေများအပြင်
အစိုးရသစ်လက်ထက်မှာပြဋ္ဌာန်းတဲ့ ဥပဒေအချို့၊ ဥပမာအားဖြင့် ငြိမ်း၊စု၊စီ ဥပဒေရဲ့ ပုဒ်မ
(၁၈) ဟာ ဖိနှိပ်ချုပ်ချယ်ရေးကိရိယာများအဖြစ် တည်ရှိနေတယ်လို့ ဆိုပါတယ်။ မြေယာဥပဒေများ၊
ပညာရေးဆိုင်ရာဥပဒေများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေနဲ့ အခြား အဆိုပြုထားဆဲဥပဒေကြမ်းများဟာ
ပြည်သူလူထုရဲ့ အကျိုးစီးပွါးနဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးတဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်နဲ့
အမျိုးသမီးအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ရာရောက်နေတယ်လို့ ဆိုကြပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာလည်း
၂၀၁၁ ခုနှစ်နောက်ပိုင်း ပြည်နယ်အဆင့် အကြိုအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ
ရပ်တန့်နေပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေသေးတဲ့အတွက်
ဆွေးနွေးသူများက စိတ်ပူပင်ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုများ၊
တရားလက်လွတ်သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုများ
ဆက်လက်ဖြစ်ပေါ်နေသေးတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးအတွက်
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးမှုတွေဟာလည်း တစ်နှစ်ကျော်ကြာမြင့်ခဲ့ပေမည့်
အောင်မြင်မှုမရနိုင်သေးပဲ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ လူထုအဖွဲ့အစည်းများ၊ အမျိုးသမီးများနဲ့
လူငယ်များ ပါဝင်ပတ်သက်ခွင့် မရှိသလောက်ဖြစ်နေတာကိုလည်း ထောက်ပြဝေဖန်ကြပါတယ်။ အပစ်အခပ်ရပ်စဲရေးသဘောမတူနိုင်သေးတဲ့
ဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲများဟာ ရင်းနှီးမြှုတ်နှံမှုစီမံကိန်းကြီးများနဲ့ ဆက်နွယ်ပတ်သက်နေပြီး
ပြည်တွင်းစစ်နဲ့ အဓမ္မမြေယာသိမ်းဆည်းမှုများကြောင့် မိမိတို့ရဲ့ အိုးအိမ်များ၊ နေထိုင်ရာဒေသများမှ
ထွက်ပြေးရှောင်တိမ်းနေကြရသူများ၊ ထိုင်း-မြန်မာ နယ်စပ်ဒေသ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအားလုံး
နေအိမ်ကို စိတ်ချလက်ချ၊ လုံလုံခြုံခြုံပြန်လာနိုင်ရေးအတွက်လည်း စိတ်ပူပင်ကြပါတယ်။
မီဒီယာနဲ့
ပတ်သက်ပြီးတော့လည်း အကန့်အသတ်တွေ လျှော့ချပေးတာမှန်ပေမည့် သတင်းသမားများအပေါ် ရာဇဝတ်မှုနဲ့
တရားစွဲဆိုပြစ်ဒဏ်ပေးတဲ့ ခြိမ်းခြောက်မှုတွေက ရှိနေသေးတယ်လို့ ဆိုကြပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့
မီဒီယာဥပဒေမှာလည်း လွတ်လပ်စွာဖော်ပြခွင့်ကို ကန့်သတ်ချက်တွေနဲ့ အစိုးရရဲ့ ထိန်းချုပ်မှုကို
တိုးမြှင့်တာတွေ ပါဝင်နေတယ်၊ အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကြောင့် သတင်းမီဒီယာသမားတွေဟာ
ကိုယ်ရေးတာကို ကိုယ့်ဘာသာ ဆင်ဆာဖြတ်နေကြရပြီး အကဲဆတ်တဲ့ကိစ္စတွေမှာ မရေးရဲ၊ မပြောရဲ
ဖြစ်နေကြတယ်လို့ ညည်းတွားကြပါတယ်။ ပြီးတော့ မလွတ်မြောက်ပဲ အကျဉ်းထောင်ကြီးများထဲမှာ
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ အစိုးရသစ်လက်ထက်မှာ တိုးပွါးလာတဲ့ နိုင်ငံရေးအကျဉ်းသားများအရေးကိုလည်း
ထောက်ပြကြပါတယ်။
ဆွေးနွေးသူအားလုံးက
၂၀၁၂ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံကို အရိပ်မိုးခြိမ်းခြောက်နေတဲ့ အမုန်းတရားဖြန့်ချီဟောပြောမှုများနဲ့
လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများဟာ အမြင့်မားဆုံးအခြေအနေကို
ရောက်ရှိနေပြီလို့ တစ်ညီတစ်ညွတ်တည်း စိုးရိမ်ပူပန်ကြပြီး အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေ
အားနည်းတာနဲ့ ဒီပြဿနာကြီးရဲ့ အဖြေကိုရှာဖို့ အင်မတန်ခက်ခဲတဲ့အပေါ်မှာ အားမလိုအားမရဖြစ်ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ဟာလည်း တရားစီရင်ရေးစနစ်ကို မှန်မှန်ကန်ကန်မပြောင်းလဲနိုင်သ၍၊ တရားဥပဒေစိုးမိုးရေးကို
မဆောင်ရွက်နိုင်သ၍ အမှန်တကယ်အားကိုးယုံကြည်လောက်တဲ့ ဥပဒေပြု မဏ္ဍိုင်ကြီး ဖြစ်လာမှာမဟုတ်ပဲ
အင်မတန်အရေးကြီးတဲ့ အရေးကိစ္စတွေကို ဒီမိုကရေစီနည်းလမ်းအပြည့်အဝနဲ့ ဆွေးနွေးဖြေရှင်းနိုင်တဲ့
အခြေအနေကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်လို့ သုံးသပ်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
တပ်မတော်က လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူထားတာကြောင့် ဒီမိုကရေစီနည်းလမ်းကျကျ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုများကို ဗီတိုအာဏာနဲ့ ပယ်ချခွင့်ရှိနေပါတယ်။
ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးသ၍၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ
ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ်များမဟုတ်သ၍ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် စစ်စစ်မှန်မှန်တည်ရှိနေပြီလို့
မဆိုနိုင်ကြောင်း ဆွေးနွေးသူများက မှတ်ချက်ချပါတယ်။ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်နဲ့ တရားစီရင်ရေးစနစ်အဆင့်ဆင့်တွင်
တာဝန်ထမ်းဆောင်နေကြသူအများစုမှာ တပ်မတော်မှ ဆင်းသက်ကူးပြောင်းလာသူများဖြစ်ကြတာမို့
တရားစီရင်ရေးစနစ်ဟာ တပ်မတော်နဲ့ အုပ်ချုပ်ရေးအာဏာရဲ့ စွက်ဖက်မှု၊ စီမံခန့်ခွဲမှုများမှ
လုံးဝကင်းလွတ်နိုင်ခြင်းမရှိပါ။ လွတ်လပ်သောတရားစီရင်ရေးစနစ်မရှိခြင်းရဲ့ ရလဒ်မှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းနဲ့
အပြစ်ကျူးလွန်သူများ ပြစ်ဒဏ်ခံရခြင်းမရှိတဲ့ အစဉ်အလာဖြစ်တယ်လို့ မှတ်ချက်ချကြပါတယ်။
နိုင်ငံတကာအစိုးရများ၊
အဖွဲ့အစည်းများကိုလည်း လူထုအဖွဲ့အစည်းများက ဝေဖန်ပါတယ်။ မြန်မာ့လူထုအဖွဲ့အစည်းများ
ရှင်းရှင်းလင်းလင်း မြင်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နိုင်ငံတကာအဖွဲ့အစည်းများက
မှန်မှန်ကန်ကန် တွေ့မြင်ခြင်းမရှိကြဘူး။ ဒါကြောင့်မို့ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများရဲ့
မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် ကူညီပေးမှုအချို့ဟာ မလိုအပ်သော ဆန့်ကျင်ဘက်ရလဒ်များ
ထွက်ပေါ်စေတယ်လို့ ဝေဖန်ကြပါတယ်။ နိုင်ငံတကာအစိုးရများဟာ အခုဆိုရင် မြန်မာနိုင်ငံရဲ့
အသွင်ကူးပြောင်းရေးမှာ တက်ကြွစွာ ပါဝင်ပတ်သက်နေကြပြီး မျှော်လင့်ချက်ကြီးစွာနဲ့ နိုင်ငံရေး၊
နည်းပညာ၊ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများ ပေးနေကြပါတယ်။
သို့သော်လည်း ၎င်း အကူအညီပေးခြင်းများရဲ့ ထိရောက်မှုအပေါ်ကန့်သတ်ချက်များကြောင့် သာမန်ပြည်သူများအတွက်
နိုင်ငံတကာအကူအညီများကို အနည်းဆုံးပမာဏကိုသာ ခံစားနေကြရတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများက
ဒေသခံပြည်သူများနဲ့ လုံလုံလောက်လောက် တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ ဒေသပြည်သူများအမှန်တကယ်
လိုအပ်ချက်ထက် တစ်ဦးတစ်ယောက်ရဲ့ လှုံ့ဆော်မှုကိုသာ ဦးစားပေးဆောင်ရွက်မှုတွေက ဒေသခံလူထုအဖွဲ့အစည်းများရဲ့
စွမ်းဆောင်ရည်ကို ထိခိုက်နေတယ်။ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဒေသအလိုက် လူထုအဖွဲ့အစည်းများအပေါ်
ထောက်ပံ့ကူညီမှုတွေဟာ ထိရောက်မှုမရှိပဲ မူဝါဒနှစ်ခုသတ်မှတ်ပြီး ခွဲခြားဆက်ဆံမှုတွေတောင်
အချို့နေရာတွေမှာ တွေ့မြင်နေရတယ်လို့ လူထုအဖွဲ့အစည်းများက သဘောတူကြပါတယ်။
0 comments:
Post a Comment