BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, January 7, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၃)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၅၊ ဇန်နဝါရီ ၆၊ ၂၀၁၅)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၃)

အောင်ဒင်

#အစိုးရ၊ လွှတ်တော်နှင့် လူထုအသံ

သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌများက ၎င်းတို့ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူများဖြစ်တယ်။ ၎င်းတို့တာဝန်ယူဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စများမှာ ပြည်သူလူထုရဲ့ အသံကို လေးလေးစားစားနားထောင်မယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လေးလေးနက်နက်ဆောင်ရွက်မယ်လို့ မကြာခဏပြောဆိုနေကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ အပြည့်အဝပါဝင်ဆောင်ရွက်မယ်လို့ ကတိကဝတ်ပြုနေတာ ကြားရပါတယ်။ အဆိုပါခေါင်းဆောင်များကိုယ်တိုင်လည်း နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏပြုလုပ်နေပါတယ်။ နိုဝင်ဘာ (၂၆) ရက်နေ့မှာ သမ္မတဦးသိန်းစိန်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ နိုင်ငံရေးပါတီ (၆၇) ခုက ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ 

ကာကွယ်ရေးဦးစီးချုပ်ကလည်း စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံတာ နှစ်ကြိမ်ရှိပါပြီ။ အဲဒီလိုမျိုး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က အရပ်ဘက်လူထုအဖွဲ့အစည်းများနဲ့ အချိန်အလုံအလောက်ပေး တွေ့ဆုံပြီး ပြည်သူတို့ရဲ့ အသံကို နားထောင်ရင်၊ ပြည်သူ့ဆန္ဒတွေကို လက်ခံအကောင်အထည်ဖော်ရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်မိပါတယ်။

အဲဒီခေါင်းဆောင်များက အချိန်မပေးနိုင်လို့ အရပ်ဘက်အဖွဲ့အစည်းများကို မတွေ့ဆုံနိုင်ရင်တောင်မှ နိုင်ငံတဝှမ်း အရပ်ဘက်အဖွဲ့အစည်း (၂၄၇) ဖွဲ့က ကိုယ်စားလှယ်တွေတက်ရောက်ကြတဲ့  "အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲ" မှာ တင်ပြကြတဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် ဝေဖန်သုံးသပ်မှုတွေဟာ ပြည်သူလူထုရဲ့ စစ်မှန်သောအသံတွေ ဖြစ်ကြပါတယ်။ အကြံပြုချက်တွေဟာ ပြည်သူလူထုရဲ့ စစ်မှန်သော ဆန္ဒနဲ့ မျှော်လင့်ချက်တွေဖြစ်ကြပါတယ်။ အဲဒီ အသံတွေ၊ အကြံပြုချက်တွေကို သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လေးလေးစားစားလက်ခံ အကောင်အထည်ဖော်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

#ရင်ကိုမှန်အောင် မပစ်နိုင်ကြသေး

အရပ်ဘက်လူထုအဖွဲ့အစည်းများ စုဝေးပြီး အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ဝေဖန်သုံးသပ်ကြ၊ အကြံပြုချက်တွေ တင်ပြကြတာ လေးစားစရာပါ။ ဒါပေမဲ့ အဲဒီ အကြံပြုချက်တွေဟာ ဘယ်လောက်ဝေးဝေးကို ရောက်ပါသလဲ။ ဘယ်လောက် နက်နက်ရှိုင်းရှိုင်းပြန့်နှံ့ပါသလဲ။ သက်ဆိုင်သူတွေ အမှန်တကယ်ကြားရဲ့လား ဆိုတာ လေ့လာကြည့်တော့ အားရစရာ သိပ်မရှိပါ။

လူထုရဲ့အသံကို အများသိအောင် တင်ပြရာမှာ မီဒီယာဟာ အင်မတန်အရေးကြီးတဲ့ လက်နက်တစ်ခုပါ။ လူထုအဖွဲ့အစည်းများရဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေကို သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနိုင်မှပဲ အများပြည်သူသိမှာဖြစ်သလို သက်ဆိုင်သူ အာဏာပိုင်များလည်း သတိပြုမိကြမှာပါ။ လူထုအဖွဲ့အစည်းများရဲ့ နှီးနှောဖလှယ်ပွဲကို ပြည်တွင်း သတင်းဂျာနယ်အချို့မှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါပေမဲ့ နှီးနှောဖလှယ်ပွဲရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များဖြစ်တဲ့ မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီ အကြံပြုချက်များကိုတော့ အသေးစိတ်ဖော်ပြကြတာ မတွေ့ရပါ။ အကြံပြုချက်တွေက များပြားရှည်လျားလွန်းတော့ ဂျာနယ်စာမျက်နှာအခက်အခဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အကြံပြုချက်တွေ ထုတ်ပြန်တာကို သတင်းမီဒီယာတွေထံ အသေအချာ သတင်းမပို့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုက် ကိုပါကြီးအသတ်ခံရတဲ့ သတင်းလို၊ ဝန်ကြီးဟောင်းဦးဆန်းဆင့် ထောင်ဒဏ်အပြစ်ပေးခံရတဲ့ သတင်းလို၊ ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်မှုသတင်းလို အရေးကြီးသတင်းတွေကို ဦးစားပေးနေရလို့ အရပ်ဘက်လူထုအဖွဲအစည်းများ နှီးနှောဖလှယ်ပွဲသတင်းကို ဦးစားမပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း အလားတူပါ။ အရပ်ဘက်လူထုအဖွဲအစည်းများရဲ့ လှုပ်ရှားမှုများအပေါ် သတင်းမီဒီယာများရဲ့ အလေးအနက်အာရုံစူးစိုက်မှုရဖို့၊ သတင်းရေးသားဖော်ပြခံရဖို့ဆိုတာ သိပ်မလွယ်ကူလှပါ။ ဒါကြောင့်မို့ လူထုအဖွဲ့အစည်းများက ၎င်းတို့ရဲ့ လှုပ်ရှားမှုများ၊ တောင်းဆိုချက်များကို အများပြည်သူသိစေဖို့၊ အာဏာပိုင်များရဲ့ သတိပြုခံရဖို့အတွက် သတင်းစာများရဲ့ ကြော်ငြာကဏ္ဍကို အသုံးချကြပါတယ်။ နယူးယောက်တိုင်း (The New York Times) လို၊ ဝါရှင်တန်ပို့စ် (Washington Post) လို စောင်ရေအများဆုံး ရိုက်နှိပ်ပြီး အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ နိုင်ငံရေးပါတီများအပေါ် ဩဇာရှိတဲ့ သတင်းစာကြီးတွေရဲ့  ကြော်ငြာကဏ္ဍမှာ မိမိတို့ရဲ့ ဘဏ္ဍာရေးအခြေအနေ ခွင့်ပြုသလောက် တစ်မျက်နှာအပြည့်ဖြစ်စေ၊ စာမျက်နှာတစ်ဝက်ဖြစ်စေ ဝယ်ယူပြီး မိမိတို့အဖွဲ့အစည်းရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းဖော်ပြတတ်ကြပါတယ်။ ဒီလို ဆောင်ရွက်မှုက ငွေကုန်ကြေးကျများပေမည့် ထိရောက်မှုရှိတာမို့ ပြည်ထောင်စုအဆင့်မဟုတ်ပဲ ပြည်နယ်များအဆင့်မှာ လှုပ်ရှားနေတဲ့ လူထုအဖွဲ့အစည်းများကလည်း ဒေသဆိုင်ရာသတင်းစာတွေမှာ သူတို့ရဲ့ တောင်းဆိုချက်တွေကို စာမျက်နှာပြည့် ကြော်ငြာအဖြစ် ဖော်ပြနိုင်ဖို့ ကြိုးစားကြပါတယ်။ မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများလည်း သတင်းဂျာနယ်များ၊ သတင်းစာများမှာ ကြော်ငြာကဏ္ဍစာမျက်နှာဝယ်ပြီး ၎င်းတို့ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းဖော်ပြနိုင်ရင် အင်မတန်ထိရောက်မှုရှိမှာပါ။

လူထုအဖွဲ့အစည်းများရဲ့ နှီးနှောဖလှယ်ပွဲကို မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ၊ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယခန်းမမှာ အောက်တိုဘာ (၁၄) ရက်ကနေ (၁၆) ရက်နေ့အထိ သုံးရက်ကြာကျင်းပပြီးတဲ့နောက် အောက်တိုဘာ (၁၇) ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် သုံးသပ်ချက်နဲ့  မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံ အကြံပြုချက်များကို မြန်မာဘာသာ (၈ မျက်နှာ)၊ အင်္ဂလိပ်ဘာသာ (၆ မျက်နှာ) နှစ်မျိုးနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အေပီ (AP)၊ အေအက်ဖ်ပီ (AFP)၊ ရိုက်တာ (Reuters)၊ ဘီဘီစီ (BBC)၊ ဗီအိုအေ (VOA) စတဲ့ နိုင်ငံတကာသတင်းအေဂျင်စီများ ရုံးခန်းတွေဖွင့်ပြီး နိုင်ငံတကာသတင်းထောက်တွေ တရားဝင်သတင်းရေးသားနေကြပါပြီ။ ဒါပေမဲ့ လူထုအဖွဲ့အစည်းများရဲ့ နှီးနှောဖလှယ်ပွဲအကြောင်းနဲ့ အကြံပြုချက်များကို နိုင်ငံခြားသတင်းဋ္ဌာနတွေမှာ၊ နိုင်ငံတကာသတင်းစာတွေမှာ သတင်းရေးသားဖော်ပြတာ မတွေ့ရပါ။ ဒါကြောင့် အရပ်ဘက်လူ့ထုအဖွဲ့အစည်းများရဲ့ အကြံပြုချက်များကို မြန်မာလူထုတင်သာမက နိုင်ငံတကာပြည်သူများပါ မသိကြဘူးလို့ ယူဆရမှာပါ။

အထက်ဖော်ပြပါ အခြေအနေများအရ မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ သူတို့ရဲ့ အသံကို ပြည်သူလူထုထံ သတင်းမီဒီယာများက တဆင့် ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအောင် မစွမ်းဆောင်နေသေးတာကို တွေ့ရပါတယ်။ ဒါဆို သူတို့ရည်ရွယ်တဲ့ မြန်မာအစိုးရ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကုလသမဂ္ဂတို့ကိုရော သူတို့အသံတွေ ရောက်ရှိပါရဲ့လား?

#အာဏာပိုင်များလည်း ကြားပုံမရပါ။

လူထုအဖွဲ့အစည်းများက နှီးနှောဖလှယ်ပွဲကနေ မြန်မာအစိုးရကို အချက် (၁၈) ချက် အကြံပြုခဲ့ပါတယ်။ အကြံပြုချက်များကို လေ့လာကြည့်တဲ့အခါ အစိုးရလို့ သိမ်းကြုံးဖွင့်ဆိုထားပေမည့် အစိုးရ၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်၊ တပ်မတော် စတဲ့ အာဏာပိုင်အဖွဲ့အစည်း (၄) ရပ်စလုံးကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ အဲဒီ အကြံပြုချက်တွေကို အောက်တိုဘာ (၁၇) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တာက လွဲရင် အာဏာပိုင်အဖွဲ့အစည်းများက သိရှိနားလည်အောင် လူထုအဖွဲ့အစည်းများက ထူးထူးခြားခြားဆောင်ရွက်တာ မတွေ့ရပါ။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီနေ့ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ဝင်တည်ရှိနေပြီး နိုင်ငံတော်အာဏာကို အစိုးရ၊ လွှတ်တော်နဲ့ တရားလွှတ်တော်ချုပ် ဆိုပြီး သုံးဖွဲ့သုံးဋ္ဌာန ခွဲခြားကိုင်တွယ်ကျင့်သုံးနေတဲ့အပြင် တပ်မတော်ကလည်း အာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြံပြုချက်ကို အစိုးရအဖွဲ့အကြီးအကဲနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများထံ လိပ်စာတပ်ပြီး၊ ပြည်ထောင်စုလွှတ်တော်နဲ့ သက်ဆိုင်တဲ့ အကြံပြုချက်တွေကို လွှတ်တော်အကြီးအကဲများနဲ့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများထံ လိပ်စာတပ်ပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ သက်ဆိုင်တဲ့ အကြံပြုချက်များကို တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ်တရားသူကြီးများထံ လိပ်စာတပ်ပြီး၊ တပ်မတော်နဲ့ သက်ဆိုင်တဲ့ တောင်းဆိုချက်တွေကို ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အကြီးအကဲများထံလိပ်စာတပ်ပြီး၊ စာတိုက်ကနေ မှတ်ပုံတင်စာနဲ့ဖြစ်စေ၊ လူထုအဖွဲ့အစည်းကိုယ်စားလှယ်များကိုယ်တိုင် နေပြည်တော်က သက်ဆိုင်ရာရုံးဋ္ဌာနများကို သွားရောက်၍ဖြစ်စေ ပေးပို့သင့်ပါတယ်။ အကြံပြုချက်တွေကို သက်ဆိုင်ရာရုံး၊ ဋ္ဌာနများဆီ ကိုယ်တိုင်ကိုယ်ကျ ပေးပို့တဲ့ အပြင် လူထုအဖွဲ့အစည်းများရဲ့ အကြံပြုချက်များကို ကိုယ်တိုင်ရှင်းပြဆွေးနွေးနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများနဲ့ တွေ့ဆုံခွင့် တောင်းခံသင့်ပါတယ်။ အဲဒီလို ပေးပို့ကြောင်း၊ တွေ့ဆုံခွင့်တောင်းခံထားကြောင်းကိုလည်း မီဒီယာကတဆင့် သတင်းထုတ်ပြန်သင့်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်တာ မတွေ့ရသေးပါ။

အခုတွေ့ရသလောက်ကတော့ လူထုအဖွဲ့အစည်းများဟာ အစည်းအဝေးတစ်ခုလုပ်၊ ကြေညာချက်တစ်စောင်ထုတ်ပြီးတာနဲ့တင် သူတို့တာဝန်ပြီးသွားပြီလို့ ကျေနပ်နေပုံရပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ သူတို့ရဲ့ အသံတွေကို အစိုးရအပါအဝင် အာဏာပိုင်အဖွဲ့အစည်းများ သိရှိနားလည်အောင်၊ တုန့်ပြန်ရှင်းလင်းအောင် ထိရောက်ဖို့ဆိုရင် ကြေညာချက်တစ်စောင်ထုတ်ရုံနဲ့ မလုံလောက်ပါ။ အာဏာပိုင်များကလည်း သူတို့နဲ့ မိုင် ၂၀၀ လောက်ဝေးတဲ့ မြို့တစ်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်ကို သိရှိပုံမရပါ။ ဒီအစည်းအဝေးကို မပျက်မကွက်တက်ရောက်ပြီး စုံစမ်းထောက်လှမ်းတဲ့ ထောက်လှမ်းရေးများလက်ထဲမှာ အဲဒီ ကြေညာချက်ရှိပါလိမ့်မယ်။ ဒါပေမဲ့ ထောက်လှမ်းရေးများက သူတို့ရဲ့ ထောက်လှမ်းရေးအကြီးအကဲလောက်ကိုသာ အစီရင်ခံမှာဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းအကြီးအကဲများကို စိတ်အနှောင့်အယှက်ပေးရဲမှာ မဟုတ်ပါ။ အလယ်အလတ်အဆင့် အာဏာပိုင်များက ထောက်လှမ်းရေးသတင်းပို့ချက်များက တဆင့် ဒီအကြံပြုချက်များကို သိကောင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဂရုစိုက်ပုံမရပါ။


0 comments: