BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, January 14, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၄)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၆၊ ဇန်နဝါရီ ၁၃၊ ၂၀၁၅)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၄)

အောင်ဒင်

#နိုင်ငံတကာကလည်း ကြားပုံမရပါ။
 
လူထုအဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီနေကြတဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ဝေဖန်သုံးသပ်ပြီး ၎င်းအဖွဲ့အစည်းများအတွက် အကြံပြုချက်များလည်း ထုတ်ပြန်ပါတယ်။ အဲဒီ အကြံပြုချက်တွေကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်ရိုက်တွေ့ဆုံပြီး ကြေညာချက်စာတမ်း ပေးပို့မယ် ထင်ပါတယ်။ မလုံလောက်ပါ။
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို တက်တက်ကြွကြွထောက်ခံအားပေးနေတဲ့ နိုင်ငံတကာအစိုးရများက အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်တို့ဖြစ်ကြပါတယ်။ အဲဒီအစိုးရများက တက်တက်ကြွကြွထောက်ခံကြသလောက် အဲဒီနိုင်ငံများရဲ့ ပါလီမန်များ၊ လွှတ်တော်များက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေအပေါ် စိတ်မချဖြစ်နေဆဲ၊ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အပေါ် သံသယရှိနေဆဲပါ။ နိုင်ငံခြားသံရုံးများဟာ နိုင်ငံခြားအစိုးရများကို ကိုယ်စားပြုတာမို့ လူထုအဖွဲ့အစည်းများရဲ့ ကြေညာချက်ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ မြို့တော်က နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကိုပဲ အလွန်ဆုံးရောက်ရှိပါလိမ့်မယ်။ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများထံ မရောက်ရှိနိုင်ပါ။ 

သက်ဆိုင်ရာအစိုးရရဲ့ မြန်မာအစိုးရအား ချဉ်းကပ်ကူညီအားပေးရေးမူဝါဒကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဝေဖန်ထားတဲ့ ဒီကြေညာချက်ကို သူတို့အစိုးရကို ဝေဖန်နေတဲ့ လွှတ်တော်အမတ်များဆီ ပေးပို့ပေးမှာမဟုတ်ပါ။ ကျနော်နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က ကွန်ဂရက်လွှတ်တော်အမတ်များကြားမှာ မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများရဲ့ ကြေညာချက်ကို လက်ခံရရှိသူ၊ သိရှိသူ မတွေ့မိပါ။ ဒါကြောင့်မို့ မြန်မာ့လူထုအဖွဲ့အစည်းများဟာ သူတို့ရဲ့ ကြေညာချက်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ပြန်တာကလွဲလို့ သက်ဆိုင်ရာနိုင်ငံများရဲ့ မြို့တော်များက အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များထံ ရောက်အောင် မပို့နိုင်ရင် ထိရောက်မှုမရှိနိုင်ပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများလည်း အလားတူပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းများရဲ့ ရန်ကုန်အခြေစိုက် အရာရှိများထံ ပေးပို့တဲ့ ကြေညာချက်ဟာ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ ဂျီနီဗာ၊ ဘရပ်ဆဲလ် စတဲ့ဋ္ဌာနချုပ်များနဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်များထံ ရောက်ရှိဖို့ဆိုတာ အင်မတန်ခက်ခဲပါလိမ့်မယ်။ အမြဲတမ်းလိုလို ကောင်းသတင်းကိုသာ ကြားချင်တတ်တဲ့ ဋ္ဌာနချုပ်အကြီးအကဲများကလည်း မကောင်းသတင်းများရောက်လာမှာကို လိုလားကြမှာ မဟုတ်ပါ။
ဒါကြောင့်မို့ အရပ်ဘက်လူထုအဖွဲ့အစည်းများအနေနဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကြားထဲက နိုင်ငံတဝှမ်းက ကိုယ်စားလှယ်များပါဝင်တဲ့ သုံးရက်တာနှီးနှောဖလှယ်ပွဲကြီးကို ကြိုးစားပန်းစားကျင်းပနိုင်ခဲ့ပေမည့်၊ သဘောထားတွေ၊ အကြံပြုချက်တွေကို စုပေါင်းထုတ်ပြန်နိုင်ခဲ့ကြပေမည့် အဲဒီ သဘောထား၊ အကြံပြုချက်များကို ရည်ရွယ်သူ အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းများထံ အမှန်တကယ်ရောက်ရှိအောင် ပို့ဆောင်နိုင်စွမ်းမရှိကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ အကြံပြုချက်များအပေါ် သူတို့ရည်ရွယ်သူများရဲ့ တုန့်ပြန်မှုတွေကိုလည်း မြင်တွေ့ရဖို့ ခက်ပါလိမ့်မယ်။ လူစုလူဝေးနဲ့ အသံကျယ်ကျယ်အော်ကြပေမည့် ဘယ်သူမှမကြားတာ ဝမ်းနည်းစရာပါ။

#အရပ်ဘက်လူထုအဖွဲ့အစည်းများသို့ အကြံပြုချက်များ
 
အခုဆက်လက်ပြီး မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းများကို မေတ္တာနဲ့ ဝေဖန်သုံးသပ်ပြီး အကြံပြုချင်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများကိုယ်တိုင်လည်း အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ဝေဖန်သုံးသပ်ကြသလို ၎င်းတို့အဖွဲ့အစည်းများကိုယ်တိုင်ကိုလည်း မှန်မှန်ကန်ကန်လေ့လာသုံးသပ်ပြီး ကောင်းတာတွေကို ပိုကောင်းအောင်လုပ်ဖို့၊ လိုအပ်တာတွေကို ဖြည့်စွက်ပြင်ဆင်ဖို့ အထူးလိုအပ်လှပါတယ်။

#အင်စတီကျူးရှင်းများ တည်ဆောက်ခြင်း (Institution Building)
 
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အရေးအကြီးဆုံးလိုအပ်ချက်က နိုင်ငံတော်အဖွဲအစည်းများအားလုံးကို အင်စတီကျူးရှင်းများဖြစ်လာအောင် တည်ဆောက်ရေး ဖြစ်ပါတယ်။ အင်စတီကျူးရှင်း (Institution) ဆိုတာ အင်္ဂလိပ်စကားဖြစ်ပြီး မြန်မာလို ပြည့်ပြည့်စုံစုံဘာသာပြန်ဖော်ပြနိုင်တဲ့ စကားလုံး ရှာမတွေ့လို့ "အင်စတီကျူးရှင်း" လို့ပဲ တိုက်ရိုက်အသံလှယ် သုံးစွဲလိုက်ပါတယ်။ အင်စတီကျူးရှင်းကို ဘာသာပြန်မယ်ဆိုရင် "ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွါးအတွက် စနစ်တကျဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း" လို့ အဓိပ္ပါယ်ရပါတယ်။ အင်စတီကျူးရှင်းများတည်ဆောက်ရေးဆိုတာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးစနစ်စတဲ့ အာဏာပိုင်အဖွဲ့အစည်းများတင်မကပဲ အစိုးရမဟုတ်သော အဖွဲအစည်းများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနဲ့လည်း သက်ဆိုင်ပါတယ်။

"ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွါးအတွက်" ဆိုတာကိုတော့ အထူးရှင်းပြဖို့ လိုမယ်မထင်ပါ။ အာဏာပိုင်အဖွဲ့အစည်းများနဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွါးကို ဆောင်ရွက်နေကြတာပါ။ "စနစ်တကျဖွဲ့စည်းတည်ထောင်ခြင်း" ဆိုတာကိုတော့ ရှင်းပြဖို့ လိုအပ်မယ်ထင်ပါတယ်။ အားလုံးလိုလိုက ကိုယ့်အဖွဲ့အစည်းကိုယ် စနစ်တကျဖွဲ့စည်းထားတယ်လို့ ထင်မြင်ယူဆနေကြမှာပါ။

#ဖွဲ့စည်းပုံစည်းမျဉ်း၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များ
 
စနစ်ကျတဲ့ အဖွဲ့အစည်းဖြစ်ဖို့ အခြေခံလိုအပ်ချက်က ဖွဲ့စည်းပုံစည်းမျဉ်း၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များ အခိုင်အမာရှိပြီး ၎င်းဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များကို လက်ခံယုံကြည်သူများ စုပေါင်း ပါဝင်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ရဲ့ ကိုယ်ပိုင်သိမြင်ယုံကြည်မှုနဲ့ စုပေါင်းပါဝင်ဖွဲ့စည်းကြတာမို့ စုပေါင်းပြီး လုပ်ငန်းဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း ရှိရပါမယ်။ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်များကိုလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့ အညီ အဖွဲ့ဝင်များက သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခုအတွက် ရွေးချယ်တင်မြှောက်တာမျိုးဖြစ်ရပါမယ်။ ခေါင်းဆောင်အဖြစ် တာဝန်ယူသူများဟာ အဖွဲ့ဝင်များကို တာဝန်ခံရမှာဖြစ်ပြီး အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွါးကို မဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်ကို အဖွဲ့ဝင်များက ခေါင်းဆောင်အဖြစ်က ဖယ်ရှားနိုင်ခွင့်လည်း ရှိရပါမယ်။ စည်းမျဉ်းမလိုက်နာနိုင်တဲ့ အဖွဲ့ဝင်ကို အရေးယူ၊ အပြစ်ပေးနိုင်တဲ့ စည်းကမ်းတွေလည်း ရှိရပါမယ်။ ဘုရားရင်ပြင်တော်ပေါ်မှာမှာ တံမြက်စည်းစုလှည်းတဲ့ အသင်းများလို နီးစပ်ရာသူငယ်ချင်းများနဲ့ အလွယ်တကူစုဖွဲ့ထားတာမျိုးကို အင်စတီကျူးရှင်းလို့ မခေါ်နိုင်ပါ။ 

နောက်တစ်မျိုးက ဖွဲ့စည်းပုံစည်းမျဉ်း၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များကို ကြိုတင်ရေးဆွဲပြီးနောက် အဖွဲ့အစည်းရဲ့ မူဝါဒကို တာဝန်ခံထိန်းသိမ်းမည့် ဘုတ်အဖွဲ့ (Board of Directors/ Board of Trustees) နဲ့ အဖွဲ့ရဲ့ နေ့စဉ်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မည့် ရုံးအဖွဲ့ (Office) ဖွဲ့စည်းလှုပ်ရှားတာမျိုးဖြစ်ပါတယ်။ ရုံးအဖွဲ့ကို အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) (သို့မဟုတ်) အမှုဆောင်အရာရှိချုပ် (Chief Executive Officer) က ဦးဆောင်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့ အညီ ဝန်ထမ်းများကို ခန့်ထားခွင့်၊ ထုတ်ပယ်ခွင့်၊ အနားပေးခွင့်၊ တာဝန်ပေးခိုင်းစေခွင့်တွေ ရှိရပါမယ်။ အမှုဆောင်ညွှန်ကြားရေးမှူး (သို့မဟုတ်) အမှုဆောင်အရာရှိချုပ်ဟာ ဘုတ်အဖွဲ့ကို တာဝန်ခံရပြီး ဘုတ်အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး (သို့မဟုတ်) အမှုဆောင်အရာရှိချုပ်ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းများအရ ခန့်အပ်ခွင့်၊ ထုတ်ပယ်ခွင့်၊ အနားပေးခွင့်ရှိရပါမယ်။ အဲဒီလို ဖွဲ့စည်းပုံနဲ့ စည်းမျဉ်း၊ စည်းကမ်းများ၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များ ခိုင်ခိုင်မာမာချမှပြီး ဖွဲ့စည်းပြီး အဖွဲ့အတွင်းမှာ အဆင့်လိုက် အပြန်အလှန် တာဝန်ခံ၊ တာဝန်ယူကြခြင်းဟာ အင်စတီကျူးရှင်းများဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းများထဲမှာ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တွေစနစ်တကျချမှတ်ထားတဲ့ အဖွဲ့အစည်းတွေ အင်မတန်မှ နည်းပါသေးတယ်။ အဖွဲ့အစည်းအများစုမှာ ဘာဖွဲ့စည်းပုံမှ မရှိကြပါ။ အဖွဲ့ဝင်တွေ၊ အသင်းသားတွေနဲ့ ဖွဲ့စည်းထားရင်တောင်မှ ခေါင်းဆောင်များဟာ အဖွဲ့ဝင်များက ရွေးချယ်တင်မြှောက်သူများမဟုတ်ကြပဲ ခေါင်းဆောင်နေရာကို ပုဂ္ဂိုလ်ရေးရာကျော်ကြားမှု၊ အဖွဲအစည်းအတွက် ရန်ပုံငွေအများဆုံးရှာဖွေနိုင်စွမ်းရှိမှု၊ နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုခံရမှုတွေနဲ့ ခေါင်းဆောင်ဖြစ်နေကြတာပါ။ အချို့အဖွဲ့များဆိုရင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အဖွဲ့အစည်းမျိုး ဖြစ်နေပါတယ်။ ဘုတ်အဖွဲ့ (သို့မဟုတ်) နာယကကြီးများအဖွဲ့ရှိရင်တောင်မှ အဲဒီဘုတ်အဖွဲ့ဟာ  အဖွဲ့ခေါင်းဆောင်ကို တာဝန်ယူနိုင်စွမ်းမရှိတဲ့၊ အဖွဲ့ခေါင်းဆောင်လုပ်ချင်သမျှကို သဘောတူပေးရတဲ့ အမည်ခံမျှသာဖြစ်နေပါတယ်။ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်ဖြစ်ခွင့်သက်တမ်းကိုလည်း သတ်မှတ်ထားခြင်းမရှိပဲ မသေသ၍ ရာသက်ပန်ခေါင်းဆောင်များ ဖြစ်နေကြပါတယ်။ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်များရဲ့ ဆက်ဆံရေးဟာလည်း အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးမျိုး ဖြစ်နေတတ်ပါတယ်။ ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်ခြင်းမရှိပဲ အလျားလိုက်ဆက်ဆံရေးဆိုပြီး အားလုံးခေါင်းဆောင်များဖြစ်နေကြတဲ့ အဖွဲ့အစည်းများကျတော့လည်း အလုပ်လုပ်ဖို့ မဖြစ်နိုင်လောက်အောင် အချင်းချင်းအားပြိုင်မှုတွေက ကြီးမားပြီး အဖွဲ့အစည်း ရေရှည်မတည်တံ့ကြပါ။

#ငွေရေးကြေးရေး ပွင့်လင်းမြင်သာမှု (Financial Transparency)
 
အဖွဲ့အစည်းများအတွင်း ဖြစ်တတ်တဲ့ ပြဿနာအများစုဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပါတယ်။ အဖွဲ့အစည်းအတွက် ရန်ပုံငွေတွေကို ဘယ်ကဘယ်လို ရနေမှန်း၊ ဘယ်လိုသုံးစွဲနေမှန်း သိခွင့်မရတဲ့ အဖွဲ့ဝင်တွေက ငွေကြေးကိစ္စပွင့်လင်းမှုမရှိတဲ့ တာဝန်ခံများကို စစ်ဆေးပြစ်တင်ကြတဲ့ အခါ ပြဿနာဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများမှာ ဘဏ္ဍာရေးမူဝါဒ (Organizational Fiscal Policy) များ တရားဝင်ချမှတ်ထားရပါတယ်။ အဖွဲ့ပိုင် ဘဏ္ဍာငွေကို အဖွဲ့အစည်းရဲ့ အမည်နဲ့ ဘဏ်မှာစာရင်းဖွင့်အပ်နှံထားရပြီး အဖွဲ့အစည်း (သို့မဟုတ်) ဘုတ်အဖွဲ့က တာဝန်ပေးသူကသာ ဘဏ်မှငွေကို ထုတ်ယူခွင့်၊ ခွဲဝေပေးခွင့်၊ ချက်လက်မှတ်မှာ လက်မှတ်ထိုးခွင့်ရှိပါတယ်။ ငွေကြေးသုံးစွဲမှုများအားလုံးအတွက် ငွေပေးပြေစာများ၊ ဘောက်ချာများအားလုံးကိုလည်း စနစ်တကျသိမ်းဆည်းပြီး အချိန်မရွေးအစစ်ဆေးခံနိုင်ရပါတယ်။ ငွေကြေးအပ်နှံမှု၊ ထုတ်ယူသုံးစွဲမှု၊ ဘဏ်ငွေစာရင်းနဲ့ အဖွဲ့အစည်းရဲ့ လက်ရှိပိုင်ဆိုင်မှုများကို အဖွဲအစည်းက တာဝန်ပေးတဲ့ စာရင်းစစ်အဖွဲ့က သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသည်ဖြင့် စစ်ဆေးရပါတယ်။ နှစ်တစ်နှစ်အကုန်မှာ အဲဒီနှစ်အတွက် ဝင်ငွေ၊ ထွက်ငွေနဲ့ လက်ကျန်ငွေစာရင်းရှင်းတမ်းကို စာရင်းစစ်အဖွဲ့က အသေးစိတ်ထုတ်ပြန်ပြီး အဖွဲ့ဝင်များကို လေ့လာဝေဖန်ခွင့် ပေးရပါတယ်။ ပုံမှန်အားဖြင့် အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ငွေကြေးထုတ်ယူသုံးစွဲမှုများကို ခွင့်ပြုရသူဖြစ်ပေမည့် သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်မည့် အသုံးစရိတ်များအတွက် ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ကို တောင်းခံရပြီး ဘုတ်အဖွဲ့က ခွင့်ပြုမှသာ သုံးစွဲခွင့်ရှိပါတယ်။ တစ်နှစ်ကုန်လို့ အဖွဲ့ရဲ့ အသုံးစရိတ်က ဝင်ငွေထက်ပိုများနေပြီး လိုငွေပြနေပြီဆိုရင် တာဝန်အရှိဆုံးဖြစ်တဲ့ အမှုဆောင်အရာရှိချုပ်ဟာ ဘုတ်အဖွဲ့ရဲ့ စစ်ဆေးမှု (သို့မဟုတ်) ဘုတ်အဖွဲ့က ငှါးရမ်းတဲ့ ပြင်ပစာရင်းစစ် (External Auditor) တစ်ယောက်ရဲ့ စစ်ဆေးခြင်းကို ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လူထုအဖွဲ့အစည်းများရဲ့ ငွေရေးကြေးရေးပွင့်လင်းမြင်သာမှုက မရှိသလောက်ပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းအများစုဟာ ပြည်တွင်းက ပြည်သူများနဲ့ နိုင်ငံတကာက အဝေးရောက်မြန်မာများ၊ နိုင်ငံခြားသားစေတနာရှင်များရဲ့ ကူညီလှူဒါန်းမှုများနဲ့ ရပ်တည်လှုပ်ရှားနေကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ သဘောထားက "ငါတို့က ပြည်သူလူထုအတွက် ကောင်းတာတွေလုပ်နေတာ၊ လှူချင်ရင်လှူ၊ ငါတို့ကို စာရင်းတော့ မစစ်နဲ့" ဆိုတာမျိုးပါ။ အချို့အဖွဲ့အစည်းများက နိုင်ငံတကာသံရုံးများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို လုပ်ငန်းအဆိုပြုချက် (Proposal) တွေတင်ပြီး ငွေကြေးအထောက်အပံ့ (Grant) တွေ ရရှိလို့ လုပ်ငန်းဆောင်ရွက်နေကြတာပါ။ အဲဒီအဖွဲ့အစည်းတွေမှာလည်း ပိုက်ဆံရှာနိုင်သူ ခေါင်းဆောင်က အဖွဲ့အစည်းအတွက် ဘယ်ကနေ ဘယ်လောက် ထောက်ပံ့ငွေရတယ်ဆိုတာကို ကျန်တဲ့အဖွဲ့ဝင်များကို ပွင့်ပွင့်လင်းလင်းချပြတာမျိုး မရှိသလောက်ပါ။

0 comments: